ချင်းနိုင်ငံရေးပါတီ ၂ ခု ပေါင်းစည်းမည်
နန်းမြနဒီ
·
October 9, 2012
၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းတိုးတက်ရေးပါတီ (စီပီပီ)နဲ့ ချင်းအမျိုးသားပါတီ (စီအန်ပီ) တို့ဟာ တပါတီတည်းအဖြစ် ပူးပေါင်းပြီး နိုင်ငံရေးလုပ်ငန်းတွေ ပူးတွဲဆောင်ရွက်သွားဖို့ ဆုံးဖြတ်ချက်ျလိုက်ပါတယ်။
ချင်းနိုင်ငံရေးပါတီ ၂ ပါတီပူးပေါင်းရေးအတွက် ပြီးခဲ့တဲ့ စနေနေ့က ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာလို့ ချင်းတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ၁ ဦးဒိုင်ထွန်းက ပြောပါတယ်။
“ပြီးခဲ့တဲ့ မေလက joint ကော်မတီထိုင်တယ်။ Joint ကော်မတီဆိုတာက နှစ်ဖက်ပါတီမှာ ပူးပေါင်းရေးဆပ်မကော်တီရှိတယ်၊ ပူးပေါင်းရေးဆပ်ကော်မတီ နှစ်ဖက်ညှိပြီးတော့ သဘောတူလိုက်တာ။ Joint ကော်မတီက နှစ်ဖက်စီအီးစီကို ပြန်တင်တယ်။ နှစ်ဖက်စီအီးစီက ပူးပေါင်းဖို့ မူအားဖြင့် သဘောတူလိုက်တာ။”
၂ ပါတီ ပူးပေါင်းပြီးရင် ချင်းအမျိုးသားတိုးတက်ရေးပါတီ ဆိုတဲ့အမည်သစ်ကို သုံးဖို့ လျာထားပြီး ပါတီခေါင်းဆောင်ကိစ္စ၊ မူဝါဒသဘောထားတွေ ဆွေးနွေးညှိနှိုင်းရဦးမယ်လို့ ဦးဒိုင်ထွန်းက ဆက်ပြောပါတယ်။
ချင်းပါတီ ၂ ခုပေါင်းစည်းရေးအတွက် ချင်းအမျိုးသားပါတီဘက်က ပါတီ ဥက္ကဋ္ဌ အတွင်းရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ချင်းတိုးတက်ရေးပါတီဆီကို စာရေးသား ပေးပို့ထားခဲ့တာပါ။
ပါတီပူးပေါင်းဖို့ အတွက် ၂ ဖက် ပူးပေါင်းကော်မတီတခု ဖွဲ့စည်းထားပြီး ဆွေးနွေး ညှိနှိုင်းဆောင်ရွက်နေတဲ့အကြောင်း၊ အခုလို ပါတီနှစ်ခု ပူးပေါင်းလိုက်ခြင်း အားဖြင့် ပြည်နယ်အတွက် အများကြီး ပိုမို အကျိုးရှိစေမှာဖြစ်ပြီး နိုင်ငံရေးအရလည်း ပိုမိုအားကောင်းလာမယ်လို့ ဦးဒိုင်ထွန်းက ပြောပါတယ်။
ပူးနိုထန်ကပ် ဦးဆောင်တဲ့ ချင်းတိုးတက်ရေးပါတီနဲ့ ပူးဇိုဇမ် ဦးဆောင်တဲ့ ချင်းအမျိုးသားပါတီ ၂ ရပ်လုံးဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ချင်းတိုးတက်ရေးပါတီက အမတ် ၁၂ နေရာနဲ့ အနိုင်ရခဲ့ပြီး ချင်းအမျိုးသားပါတီ ကတော့ အမတ် ၉ နေရာ အနိုင်ရခဲ့ပါတယ်။