နေစရာ အခက်အခဲရှိသည့် ဝန်ထမ်းများကို နေရာပေးသွားမည်ဟု မကွေးတိုင်းဝန်ကြီးချုပ် ပြော
DVB
·
January 5, 2019

နိုင်ငံ့ဝန်ထမ်းတွေ လူနေမှု အဆင့်မြင့်မားလာစေရန်နဲ့ လူမှုစီးပွားဘဝ မြင့်မားလာစေဖို့ ရည်ရွယ်ပြီး ဆောက်လုပ်ပေးခဲ့တဲ့ နိုင်ငံဝန်ထမ်းအိမ်ရာတွေမှာ နေစရာ အခက်အခဲရှိတဲ့ ဝန်ထမ်းတွေကို နေရာချထားပေးသွားမယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောဆိုလိုက်ပါတယ်။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှာ ဇန်နဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျပ်သိန်းပေါင်း ၉၄၀၀ လောက် ကုန်ကျခံ တည်ဆောက်ထားတဲ့ ဝန်ထမ်းအိမ်ရာ ဖွင့်လှစ်ပွဲမှာ ပြောဆိုခဲ့တာပါ။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ကမ်းနားလမ်း အငှားအိမ်ရာ စီမံကိန်းကို ဆောက်လုပ်ပေးခဲ့ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ အစိုးရအဖွဲ့ ပိုလျှံရန်ပုံငွေ ကျပ်သန်းပေါင်း ၁၈၀၀ မတည်ကာ လိုအပ်တဲ့ ဘဏ္ဍာငွေကို ၂၀၁၈ ခုနှစ် မီနီဘာဂျက်မှာ တောင်းခံပြီး မကွေး၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ချောက်၊ ပခုက္ကူ၊ သရက်၊ မင်းဘူးမြို့တွေမှာ အငှားအိမ်ရာတွေကိုလည်း ဆောက်လုပ်ပေးခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အခု ဆောက်လုပ်ပြီးတဲ့ ဝန်ထမ်းအိမ်ရာကတော့ ၈ ခန်းတွဲ ၆ ထပ်၊ အခန်းပေါင်း ၄၇ ခန်း ပါရှိပြီး တခန်းကို ၆၀၂ စတုရန်းပေ ကျယ်ဝန်းပါတယ်။
နေထိုင်မယ့် ဝန်ထမ်းတွေကတော့ အခန်းငှားခအနေနဲ့ လစာရဲ့ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ လစဉ်ပေးဆောင်သွားကြရမှာလို့ မကွေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရိန်က ပြောပါတယ်။
အဲဒီအိမ်ရာတွေကို ဇန်နဝါရီလ ၃ ရက်နေ့က လျှောက်ထားတဲ့ ဝန်ထမ်းတွေရှေ့မှာ မဲလိပ်နှိုက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
သတင်း-မင်းထီး