Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
January 3, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ဒီတပတ်မှာတော့ ရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်းဝင် ဇာတ်ကားတချို့အပါ အ၀င် ကောင်းနိုးရာရာ ရုပ်ရှင်ကားတွေအကြောင်းကို တင်ဆက်ပေး သွားကြမှာပါ။ ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Hollywood Drama, Mystery, Sci-Fi အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ ကြမယ့် Escape Room ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတွေဖြစ်တဲ့ Sony နဲ့ Columbia Pictures တို့က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Adam Robitel က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ စိတ္တဇဆန်တဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊  ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။ ထူးဆန်းတဲ့ အခန်း တခုထဲမှာ တယောက်နဲ့တယောက် မသိကြတဲ့ လူ ၆ ယောက်ဟာ ပိတ်မိနေခဲ့ကြပြီး ဒီ ထဲက အသက်ရှင်လျက်လွတ်မြောက်နိုင်ဖို့ သဲလွန်စတွေကို ဖြတ်ထိုးဉာဏ်သုံးပြီး ရှာဖွေ ကြရမှာပါ။ ထင်မှတ်မထားတဲ့ ထောင်ချောက်တွေနဲ့ ဒီအခန်းထဲမှာ ဘယ်သူက အသက် အန္တရာယ်နဲ့ ရင်ဆိုင်ရမလဲ။  အန္တရာယ်ကြားကနေ သူတို့အားလုံးရော လွတ်မြောက်နိုင်မလား ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ မြင်ကွင်းတွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားထဲမှာတော့ ကနေဒါသရုပ်ဆောင်မင်းသမီး Taylor Russell နဲ့အတူ Logan Miller, Deborah Ann Woll, Tyler Labine, Jay Ellis နဲ့ Nik Dodani တို့ပါဝင်ထားကြပါတယ်။ လျှို့ဝှက်သည်းဖိုဆန်ဆန် ဟောလိဝုဒ်ရုပ်ရှင် ပရိသတ်တွေ နှစ်သက်ကြမယ့် ဒီရုပ် ရှင်ကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရုံတင်ပြသမှာပါ။ နောက်ထပ် မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကားကတော့ ရွှေကမ္ဘာလုံးဆု ဆန် ကာတင်စာရင်းမှာ ဆု ၅ ဆုထိ ဆန်ကာတင်အနေနဲ့ ပါဝင်နေတဲ့  Hollywood Romantic Music Drama အမျိုးအစား ရုပ်ရှင် - A Star Is Born ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Warner Bros. Pictures က တင် ဆက်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၅ ရက်နေ့က ရုံတင်ပြသခဲ့ပါတယ်။ ဒီကားကို အမေရိကန်သရုပ်ဆောင်မင်းသား ဘရက်ဒ်လေကူးပါးက ဒါရိုက်တာ အနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ၁၉၃၇ ခုနှစ်က အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကိုပြန်ပြီး ရိုက်ကူးထားတာဖြစ်ပြီး ဂီတရွက်ပုန်းသီးအနုပညာရှင် အဆိုတော်မလေးတဦးနဲ့ သူ့ကို ပျိုးထောင်ပေးတဲ့ ဂီတပညာရှင်တဦးရဲ့ အကြောင်းကို အချစ်၊ ဂီတ၊ ဒရာမာပုံစံ ရိုက်ကူးပုံ ဖော်ထားခဲ့တာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ ဘရက်ဒ်လေကူးပါးနဲ့အတူ နာမည်ကြီး အဆိုတော် လေ ဒီဂါဂါကလည်း ထူးထူးခြားခြား ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူတို့နှစ်ဦးလုံးအတွက် ပုံစံတမျိုးစီနဲ့ သရုပ်ဆောင်အဖြစ်၊ ဒါရိုက်တာအဖြစ် တာဝန်ယူရတဲ့ ပထမဆုံး ရုပ်ရှင်ကားအနေနဲ့ မှတ်တမ်းဝင်သွားပါတယ်။ ကြာမြင့်ချိန် ၁၃၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၃၆ သန်းနဲ့ သန်း ၄၀ ကြားအကုန်အကျခံရိုက်ကူးထားပြီး ၀င်ငွေအမေရိကန်ဒေါ်လာ ၃၈၂ ဒဿမ ၇ သန်းထိ ရရှိခဲ့ပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီကားဟာ ၀င်ငွေအရလည်း အောင်မြင်သလို မကြာခင်မှာ ကျင်းပတော့မယ့် ရွှေ ကမ္ဘာလုံးဆု ဆန်ကာတင်စာရင်းမှာ ဒရာမာအမျိုးအစား အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး သီချင်းဆုတွေနဲ့ စာရင်းဝင်နေတာမို့ ဒီဆုတွေ သိမ်းပိုက်သွားနိုင်မလားဆိုတာကို  ဇန်န၀ါရီလ ၆ ရက်နေ့မှာ သိကြရတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကားကလည်း ပြီးခဲ့တဲ့ နှစ်ထဲမှာ ရုံတင်ပြသခဲ့ပြီး လက်ရှိရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်းဝင်ရုပ်ရှင်ကား တကားဖြစ်တဲ့ Isle Of Dogs ! ဒီဇာတ်ကားကတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ ၀က်စ်အန်ဒါဆင် ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတဲ့ ထူးထူးခြားခြား Stop-motion Animated အမျိုးအစား ဟာသကားတကားပါ။ အနာဂတ်နဲ့ မဝေးတော့တဲ့ကာလတခုကို အခြေတည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ  ဂျပန်နိုင်ငံမှာ ခွေးတုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့် အမှိုက်တွေစွန့်ပစ်တဲ့ ကျွန်းတကျွန်းဆီ ပို့ဆောင်ခံရတဲ့ ခွေးကလေးတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ မိဘမဲ့ ဆယ်ကျော်သက်ကောင်လေး အာတာရီတယောက် ကျွန်းပေါ်စွန့်ပစ်ခံ ရပြီး ပျောက်ဆုံးသွားတဲ့ ခွေးကလေးကို မိတ်ဆွေခွေး  ငါးကောင် အကူအညီနဲ့ လိုက်ရှာကြတဲ့ ရှာပုံတော်ခရီးမှာ ဘယ်လိုအခက်အခဲတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ဒီကားထဲမှာ စိတ်ဝင်စားဖွယ် ဖြစ်အောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ ဝေဖန်ရေးဆရာတွေဆီက ကောင်း မွန်တဲ့သုံးသပ်ချက်တွေ အများကြီးရရှိထားပြီး IMDb မှာလည်း Rating 7.9 ထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Fantastic Mr. Fox နောက်ပိုင်း Wes ရဲ့ ဒုတိယမြောက် Stop-motion Animated ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နောက်ခံစကားအပြောအနေနဲ့ Bryan Cranston, Edward Norton, Bill Murray, Scarlett Johansson စတဲ့နာမည်ကြီး အနုပညာရှင်တွေ တော်တော်များ များပါဝင်ထားကြတာပါ။ ဒီကားဟာ လက်ရှိမှာတော့ ရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်းမှာ Best Animated Feature ဆုနဲ့ Best Original Score ဆု ၂ ဆု လျာထားခံရတဲ့ ရုပ်ရှင်ကား ဖြစ်တာမို့ ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီတခါမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူးထူးခြားခြား မြန်မာရုပ် ရှင်ကားတကားဖြစ်တဲ့ သမီးကလေးရဲ့ ရွာ ! ဒီကားကိုတော့ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဈန် သခင်သွေးရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားကာ ဒါရိုက်တာ စတီးလ်( ဒွေးမေတ္တာ)က ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ကားဟာ ကျေးလက်နောက်ခံ ၅၂၈ မေတ္တာဘွဲ့ ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီး အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို သက်ငယ်မုဒိန်း ပညာပေးကားတကားအဖြစ် ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ကျေးရွာအလှ၊ ကျေးလက်သဘာဝတွေနဲ့အတူ တူမဖြစ်သူကို သမီးရင်းလိုပဲချစ်တဲ့ ဘကြီးတယောက်ရဲ့ ချစ်ခြင်းမေတ္တာတရား၊ မဖွံ့ဖြိုးသေးတဲ့ ကျေး ရွာလေးအတွက် ဘ၀ကို မြုပ်နှံခဲ့တဲ့ ကျောင်းဆရာမလေးတယောက်ရဲ့ ချီးကျူးဖွယ် စိတ် ဓာတ်နဲ့အတူ အမှတ်မထင် စိတ်အလိုလိုက်ဖောက်ပြန်မှားယွင်းမှုတခုကြောင့် ဖြစ်လာခဲ့တဲ့ ပျက်ဆီးဆုံးရှုံးရတဲ့ အကျိုးဆက်တွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ထွန်းကိုကို၊ ရွှေမှုံရတီ၊ သွန်းဆက်၊ ဘေဘီမောင်နဲ့ ကလေးသရုပ်ဆောင် ချစ်စနိုးတို့က အဓိကခေါင်းဆောင်ပါဝင်ထားပါတယ်။ သမီးကလေးရဲ့ ရွာ ရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ထွက်မလာခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိခဲ့ပြီး ဒီကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကားကလည်း ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ Crazy Rich Asians ! ဟောလိဝုဒ် အချစ်ဟာသ ဒရာမာရုပ်ရှင်ကား တကားဖြစ်တဲ့ ဒီရုပ်ရှင်ကားက လတ်တလောမှာတော့ ရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်းမှာ ဆု ၂ ဆုပါဝင်နေပါတယ်။ မနှစ်က သြဂုတ်လထဲမှာ ရုံတင်ပြသခဲ့တဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ဝါနာဘရားသား ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စင်ကာပူ-အမေရိကန်စာရေးဆရာ ကီဗင် ကွမ်း(Kevin Kwan) ရဲ့ဝတ္ထုကို အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ဂျွန်နသန်မာရေးချူး (Jonathan Murray Chu) က ရိုက်ကူးထားပါတယ်။ နယူးယောက်မှာကြီးပြင်းတဲ့ အာရှသူ စီးပွားရေးပါမောက္ခ မိန်းကလေးတယောက်နဲ့ ကျိကျိတက်ချမ်းသာတဲ့ အသိုင်းအ၀ိုင်းက အာရှသားတယောက်ကြားက ချစ်ခြင်းမေတ္တာကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့  အရှေ့နဲ့အနောက် မတူညီကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေ၊ အနိမ့်အမြင့်တွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာ အဓိကဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်မင်းသမီး ကွန်းစတန့်စ်ဝူ (Constance Wu)နဲ့ ဗြိတိန်-မလေးရှား မင်းသား ဟင်နရီဂိုးလ်ဒင်းစ် (Henry Goldings) တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး မြန်မာပရိသတ်တွေသိကြပြီး ဖြစ်တဲ့ မင်းသမီး မစ်ရှဲလ်ယို (Michelle Yeoh) ကလည်း အားဖြည့်ပါဝင်ထားပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၃၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ Box Office မှာ ၀င်ငွေ ၂၃၈ ဒသမ ၆ သန်းရရှိခဲ့ပြီး  အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ကားတကားပါ။ IMDb မှာလည်း Rating 7.1 အထိ ရရှိခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ အာရှသရုပ်ဆောင်တွေချည်း ပါဝင်တဲ့ ထူးခြားတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားတကားလည်းဖြစ်ပြီး ရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်းမှာတော့ Musical Comedy အမျိုးအစား အကောင်းဆုံး ရုပ်ရှင်ဆုနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ၂ ဆု ပါဝင်နေတာမို့ ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်တာပါ။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ညတိုင်း ၇နာရီခွဲမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉နာရီခွဲ၊၊ စနေနေ့ နေ့လည် ၁၂း၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉း၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာ တဆင့်လည်း စောင့်မျှော်အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024