Home
မြန်မာသတင်း
ရခိုင်နှစ်ပါတီ ပေါင်းစည်းရေး ကော်မတီအသီးသီးဖွဲ့စည်း
နန်းမြနဒီ
·
September 10, 2012
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ တပါတီတည်း ပူးပေါင်းဖို့အတွက် ၂ ပါတီလုံးက ပါတီပူးပေါင်းရေး ကော်မတီတွေ အသီးသီး ဖွဲ့စည်းထားတယ်လို့ ပါတီ ၂ ခုက ပြောပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဘက်က  အဖွဲ့ဝင် ၅ ဦးပါ ပါတီပူးပေါင်းရေး အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ထားပြီးပြီလို့ ပါတီဗဟိုကော်မတီဝင် ဦးကျော်စံလှက ပြောပါတယ်။ “ပြည်သူတွေရဲ့ ဆန္ဒကတော့ ၂ ခုကို ပူးပေါင်းစေချင်တဲ့ ဆန္ဒရှိပါတယ်။ ကျနော်တို့ဘက်က အဆင့်သင့်ပါ။ ကျနော်တို့ဟာ အချိန်ကာလတခုအတွင်းမှာ ပူးပေါင်းကို ပူးပေါင်းရမယ်လို့ ယူဆပါတယ်။ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဖို့၊ လိုအပ်တဲ့အခါမှာ ဆွေးနွေးဖို့ အဖွဲ့လည်း ဖွဲ့ထားပါတယ်။ အဲ့အဖွဲ့မှာ ကျနော်ပါတယ်၊ မေလ ကတည်းက ဖွဲ့ထားတာပါ။” ၂ ပါတီပူးပေါင်းရေးအတွက် တရားဝင်ဆွေးနွေးတာ မရှိသေးပေမယ့်လည်း ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံဆွေးနွေးတာတွေတော့ ရှိနေတယ်လို့ ဦးကျော်စံလှက ပြောပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အလားတူ ပူးပေါင်းရေးကော်မတီ ဖွဲ့စည်းထားပြီးပြီလို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူး ဦးမျိုးကျော်က  ပြောပါတယ်။ “ကျနော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပြန်မှတ်ပုံတင်ပြီးတော့ ပထမဆုံးတွေ့တဲ့ စီအီးစီအစည်းအဝေးမှာကိုက ပါတီ ၂ ပါတီ ပေါင်းစည်းရေးအတွက် စစ်တွေ၊ ရခိုင်ပြည် စီအီးစီကို တာဝန်ပေးထားပါတယ်။ မူဝါဒပိုင်းဆိုင်ရာတော့ ညှိနှိုင်းရမှာပေါ့။ ဒါပေမယ့် ရခိုင်ပြည်သူတွေအကုန်လုံးကတော့ ပေါင်းချင်တယ်။ ကျနော်တို့ကလည်း ကိုယ့်အမျိုးသားညီညွတ်ရေးကို ကြိုက်တယ်ဆိုတော့ ဒါဖြစ်နိုင်ပါတယ်။” ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကာက်ပွဲမှာ အနိုင်ရခဲ့ပြီး စစ်အစိုးရလက်ထက်မှာ  ဖျက်သိမ်းခံခဲ့ရတဲ့အတွက်  ဒီနှစ်  ဧပြီလပိုင်းကမှ ပါတီကို မှတ်ပုံပြန်တင်ခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကတော့  ၂၀၁၀   ရွေးကောက်ပွဲအနိုင်ရ ပါတီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024