ပျော်ဘွယ်မြို့နယ်တွင် ယာဉ် ၂ စီးတိုက်မိ မီးလောင်၊ ၁ ဦး သေဆုံး
DVB
·
December 21, 2018

ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်မှာ မနေ့ညနေပိုင်းက ယာဉ် ၂ စီး တိုက်မိပြီး မီးလောင်ရာမှ အမျိုးသား ၁ ဦး သေဆုံးသွားပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီလောက်က ပျော်ဘွယ်မြို့နယ်၊ ငွေပုလဲကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၂၁/၄-၅ ကြားမှာ ယာဉ်မောင်း (စိစစ်ဆဲ) မောင်းနှင်လာတဲ့ ၁၂ ဘီး ကရိန်းယာဉ်နဲ့ အောင်ထွန်းဝင်း (၃၇) နှစ် မောင်းနှင်ပြီး ထွန်းထွန်းဝင်း (၂၇) နှစ် လိုက်ပါလာတဲ့ ၁၈ ဘီး ဆီဘောက်ဆာယာဉ် (နောက်တွဲတွင် လောင်စာဆီမပါ) တို့ မျက်နှာချင်းဆိုင်တိုက်မိ မီးလောင်ခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ည ၆ နာရီ ၄၀ မိနစ်မှာ မီးငြိမ်းသွားခဲ့ပြီး ၁၂ ဘီးယာဉ်မောင်း ထွက်ပြေးသွားတယ်၊ ယာဉ်မီးလောင်မှုကြောင့် ထွန်းထွန်းဝင်း သေဆုံးပြီး အောင်ထွန်းဝင်းကတော့ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။
အောင်ထွန်းဝင်း (ဖမ်းမိ) နဲ့ ၁၂ ဘီးယာဉ်မောင်းတို့ကို ပျော်ဘွယ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၈၅ (ပေါ့လျော့မှုကြောင့် လူသေမှု/သာမန်နာကျင်စေမှု/မီးပေါ့ဆမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။