မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေ ဖျက်သိမ်းရန်တိုက်တွန်း
DVB
·
November 16, 2018

၂၀၁၈ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေ ဟာ ဖက်ဒရယ် ဒီမိုကရေစီစံနှုန်းတွေနဲ့ ဆန့်ကျင်နေတဲ့အတွက် ဖျက်သိမ်းပေးဖို့ ဒို့မြေကွန်ရက်က တိုက်တွန်း လိုက်ပါတယ်။
ဒို့မြေကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးစည်သူက “ဒီဥပဒေဟာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေနဲ့ ဆန့်ကျင်နေပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာပါ ထိခိုက်နေတာကြောင့် ဖြည့်စွက်ပြင်ဆင်ရုံမျိုး မဟုတ်ဘဲ အပြီး ဖျက်သိမ်းရမယ့် ဥပဒေဖြစ်တယ်”လို့ ပြောပါတယ်။
တိုင်းရင်းသားပြည်သူတွေ ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့ကြားက မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေ ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၈ စက်တင်ဘာ ၁၂ရက်က အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။
အဲဒီနောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ဗဟိုကော်မတီက သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အသုံးပြုနေကြတဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ ဥပဒေအတည်ပြုပြဋ္ဌာန်းတဲ့နေ့ကစပြီး ၆ လအတွင်းမှာ မှတ်ပုံတင်ရမယ်လို့ အောက်တိုဘာလ ၃၀ က အသိပေးအကြောင်းကြားခဲ့ပါတယ်။
ပြန်လည် ပြင်ဆင်လိုက်တဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေ ၂၀၁၈ ရဲ့ နည်းဥပဒေနဲ့ ဥပဒေပညာပေးတွေ လုပ်ပြီးမှ မှတ်ပုံတင်ရမယ့်အချိန်တွေကို ကန့်သတ်သင့်တယ်လို့ မုတ်သုံကျေးလတ်ဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။
မှတ်ပုံမတင်ဘဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အသုံးပြုရင် ထောင်ဒဏ် ၂ နှစ်နဲ့ငွေဒဏ် ကျပ် ၅ သိန်း ကျခံရမှာဖြစ်လို့ မြေသုံးစွဲမယ့်ပြည်သူတွေအတွက် ဥပဒေပညာပေးတွေလုပ်ပြီးမှ မှတ်ပုံတင်ရ မယ့် အချိန်ကန့်သတ်ချက်တွေကို ထုတ်ပြန်သင့်တယ်လို့ လည်း ဒေါက်တာသောင်းထွန်းက ပြောပါတယ်။
လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနရဲ့ ၂၀၁၂ ခုနှစ်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာလယ်ယာမြေဧကပေါင်း ၁၆၇ သန်းရှိပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကပေါင်းကတော့ သန်း ၅၀ ရှိပါတယ်။
အဲဒီထဲမှာ ၈၂ ရာခိုင်နှုန်းက တိုင်းရင်းသားဒေသတွေမှာ တည်ရှိပြီး ဧက ၅ သန်းက မြေလွတ်မြေလပ်၊ မြေရိုင်းအဖြစ် အသုံးချခွင့်ပြုထားပါတယ်။ ကျန်တဲ့ ၄၅ သန်းကိုတော့ မြေလွတ်မြေလပ်၊ မြေရိုင်းအဖြစ် အသုံးပြုခွင့်ပေးမထားသေးဘဲ အစိုးရရဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေအောက်မှာရှိတယ်လို့ ဒို့မြေကွန်ရက်သုံးသပ်ချက်စာတမ်းမှာ ဖော်ပြပါတယ်။