Homeမြန်မာသတင်း
အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းတွင် မိုးသက်လေပြင်းကျနိုင်
အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းတွင် မိုးသက်လေပြင်းကျနိုင်
DVB
·
October 20, 2018
အပူပိုင်း မုန်တိုင်းငယ်ဟာ မြိတ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၂၁၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းတွေမှာ မိုးသက်လေပြင်း ကျနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ထိုင်းပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၁၃၀ လောက်၊ မြန်မာနိုင်ငံ၊ မြိတ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၂၁၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
အဲဒီ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဒီနေ့ ညပိုင်းမှာ ပရာချရက်ခိရီခန်မြို့နားကနေ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အပူပိုင်းမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့မွန်းလွဲကနေ နောက် ၂၄ နာရီအတွင်း ပဲခူးတိုင်း၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပြီး လှိုင်းအမြင့် ၆ ပေကနေ ၉ ပေလောက် ရှိနိုင်ပါတယ်။