မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လည်ဘူးတွင် တံတားတစင်းပျက်စီး
DVB
·
September 1, 2018

ပင်လည်ဘူးမြို့နယ်တွင် စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ပင်လည်ဘူး-ကောလင်းကားလမ်းပေါ်ရှိ ချောင်းရေကျကာ မြေလင်းရေကျော်တံတား ပျက်စီးခဲ့ပြီး ကားတွေသွားလာရေး အခက်အခဲ ဖြစ်ပေါ်နေပါတယ်။
"မနက်က ရွာတဲ့မိုးပေါ့။ အဲဒါကြောင့် ချောင်းရေကြီးပြီး ရေကျော်တံတား ပါသွားတာ။ လောလောဆယ်တော့ ကားသွားမရဘူး။ လူနှင့်ဆိုင်ကယ်ကတော့ အထက်နားမှာ ကြိုးတံတားတခုရှိလို့ အဆင်ပြေတယ်။ ရေတော့ ပြန်ကျနေပါပြီ။ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ဖို့ သက်ဆိုင်ရာကလည်း ကြိုးစား လုပ်ဆောင်နေပါတယ်" လို့ ပင်လည်ဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က ပြောပါတယ်။
ရေကျော်တံတားက ရေစီးနဲ့အတူ မျောပါလာတဲ့ အမှိုက်တွေကြောင့် ပျက်စီးသွားတာဖြစ်ပြီး တင်ကျန်နေတဲ့ သစ်ကိုင်း၊ ချုံနွယ်၊ သစ်ပင်တွေကိုလည်း မြို့နယ်မီးသတ်၊ ရဲနဲ့ ပြည်သူတွေ ပူးပေါင်းကာ ခုတ်ထွင်ရှင်းလင်း ဖယ်ရှားနေပါတယ်။
လမ်းသွားလမ်းလာ ပြတ်တောက်မှု မရှိစေရေးအတွက် ရေထပ်မံကျချိန်မှာ ယာယီသွားလာနိုင်ရေး ပြိုကျသွားတဲ့နေရာကိုလည်း အမြန်ဆုံးပြုပြင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မိုးသည်းထန်တဲ့အတွက် အချို့နေရာတွေမှာ လမ်းဘေးဖုန်းတိုင်၊ မီးတိုင်တွေလည်း ပြိုလဲမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။