တပ်မတော်ဆိုင်ရာ ဖေ့စ်ဘွတ်ခ်များ ပိတ်သိမ်းခံရသည့်ကိစ္စ အရေးကြီးအဆို လွှတ်တော် ပယ်ချ
အောင်ဆန်းဦး
·
August 31, 2018

ကာကွယ်ရေးဦးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ် အပါအဝင် တပ်မတော်နဲ့ဆိုင်တဲ့ အကောင့် ၅၂ ခု ပိတ်သိမ်းခံရတဲ့ ကိစ္စကို အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော် ပူးပေါင်းပြီး တုံ့ပြန်ဖြေရှင်းဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခွင့်မပြုဘဲ ပယ်ချလိုက်ပါတယ်။
အရေးကြီးအဆိုကို ပြီးခဲ့တဲ့၂၉ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်သွင်းခဲ့ပြီး ၃၀ ရက်မှာတော့ အဆိုကို လွှတ်တော်မှာ တင်သွင်းခွင့်မပြုကြောင်း လွှတ်တော်ရုံးက ဆက်သွယ် အကြောင်းပြန်ခဲ့တာလို့ အဆိုရှင် ကြံ့ခိုင်ရေးအမတ် ဦးသောင်းအေးက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်အပါအဝင် တပ်မတော်နဲ့ ပတ်သက်တဲ့ အကောင့် ၅၂ ခုကို သြဂုတ် ၂၇ ရက်မှာ ဖေ့စ်ဘွတ်ကုမ္ပဏီကနေ တရားဝင် ပယ်ဖျက်ကြောင်း ထုတ်ပြန်လိုက်ပါတယ် ။
လက်ရှိအချိန်မှာတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ အကောင့်တွေဟာ ရုရှားနိုင်ငံရဲ့ ဆိုရှယ်မီဒီယာ လူမှုကွန်ရက် တခုဖြစ်တဲ့ VK မှာ အကောင့်ဖွင့်ပြီး အသုံးပြုနေကြပါတယ်။