Home
မြန်မာသတင်း
လွှတ်တော်အဆောက်အဦ ပေါ်လစ်စရိတ် သုံးဆ ပိုတင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ
အောင်ဆန်းဦး
·
August 7, 2018
လွှတ်တော်အဆောက်အဦတွေမှာ တပ်ဆင်ထားတဲ့ ကျွန်းတံခါး၊ ကျွန်းဘောင်တွေကို ပေါ့လစ်တင် ဆေးသုတ်စရိတ်ဟာ ကျပ်သိန်း ၅၈၀၀ ကုန်ကျခဲ့တယ်လို့ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ တင်ပြခဲ့ပါတယ်။ ဒီတင်ပြတဲ့ ငွေပမာဏဟာ များပြားနေတဲ့အတွက် လွှတ်တော်အနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတရပ် ဖွဲ့စည်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ အမှန်တကယ် ကုန်ကျငွေထက် သုံးဆ ပိုမိုတင်ပြထားတာ တွေ့တယ်လို့ ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။ “အမြဲတမ်း ပြောတိုင်း ပြောတိုင်း နေပြည်တော် စည်ပင်ရဲ့ အတိုင်းအတာနဲ့ သုံးတယ် ဆိုပြီး ပြောတယ်။ တချို့ကိစ္စတွေကျတော့ အစ်မတို့ကိုယ်တိုင် သုံးပြီးပြီ၊ ကုန်လာပြီ။ ဘယ်လောက် ကုန်တယ်ဆိုမှ အစ်မတို့ဆီ စာရင်းရောက်တာ။ အစ်မတို့ရဲ့ ခွင့်ပြုချက် မလိုဘူး။ သူတို့က ကော်မတီမှာသာ အစ်မတို့ ပါနေတာ” စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြထားပြီး ဖြစ်သလို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ဌာနတွင်း စစ်ဆေးပြီး  လွှတ်တော်ကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။ လွှတ်တော်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူထားပြီး ဝန်ကြီးဌာနရဲ့ သာမန်အသုံးစရိတ်ထဲကနေ သုံးစွဲတာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ လွှတ်တော်ထိန်းသိမ်းရေးအဖွဲ့အတွက် အင်ဂျင်နီယာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ထမ်းအဖွဲ့မဟုတ်ဘဲ လွှတ်တော်အတွက် သီးသန့်ထားရှိဖို့ လိုလားနေကြတာပါ။ ဒီလိုထားရှိမှသာ လွဲမှားတဲ့ လုပ်ဆောင်ချက်တွေအတွက် အရေးယူ၊ အသိပေးတာတွေ ထိရောက်စွာ လုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က“ပြင်ဆင်ထိန်းသိမ်းစရာတွေက များတော့ များပါတယ်။ သို့ပေမယ့် ဒီပြင်ဆင်ထိန်းသိမ်းစရာတွေအတွက် ငွေကြေးသုံးစွဲဖို့ကျတော့ တကယ့်ကို စနစ်ကျတဲ့ အဖွဲ့အစည်း လိုတယ်။ အခုက ဘယ်လိုဖြစ်နေလည်း ဆိုတော့ ဒီအဆောက်အဦရဲ့ အသုံးစရိတ်ကို ဆောက်လုပ်ရေးရဲ့ သာမန်အသုံးစရိတ်ကနေ သုံးတာ။ ဆောက်လုပ်ရေးက ဝန်ထမ်းတွေ လာထိုင်ပြီးတော့ သုံးတာ။ အစ်မတို့ အင်ဂျင်နီယာ ၄ ယောက်က အစည်းအဝေးတခုမှာ အကြံပြုထားတာ ရှိတယ်။  ဒီလွှတ်တော်ရဲ့ ဘတ်ဂျတ် သီးသန့်ထားပါ။ လွှတ်တော်ရဲ့ အင်ဂျင်နီယာအဖွဲ့ သီးသန့်ထားပါ။ ဆောက်လုပ်ရေးရဲ့ လက်အောက်မှာ မထားပါနဲ့။ ထားရင် ကိုယ်က တခုခု အပြစ်ပြောလိုက်ရင် သူက သူ့ဝန်ကြီးဌာနနောက်မှာ သွားပုန်းတယ်။ သူ့ဝန်ကြီးဌာနက လမ်းညွှန်လို့ဆိုပြီး ပြောတယ်။ သူ့ဝန်ကြီးဌာနကကျတော့လည်း လွှတ်တော်ပိုင်းနဲ့ ပတ်သက်တာကျတော့ သူတို့ကို သိပ်ပြီးတော့ ဖိအားမပေးဘူး။ အဲလိုမျိုးတွေဖြစ်တော့ ဝန်ထမ်းပိုင်းဆိုင်ရာလည်း အားနည်းချက်ရှိတယ်”လို့ပြောပါတယ်။ ဒီအသုံးစရိတ်ကိုတော့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်းမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လွှတ်တော်ထိန်းသိမ်းရေးအဖွဲ့ထဲမှာ အင်ဂျင်နီယာဘွဲ့ရ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ထည့်သွင်းဖွဲ့စည်းပြီး လွှတ်တော်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024