ရွှေကူမြို့နယ်တွင် ကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
July 21, 2018

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲက နန့်ကျင်နီ တဲဖြူဝါးခုတ်စခန်းမှာ ကျပ်သိန်း ၂၆၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဇူလိုင် ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
နန့်ကျင်နီ တဲဖြူဝါးခုတ်စခန်းမှာရှိတဲ့ ဒေါ်တင်မြလေးရဲ့ ကုန်စုံဆိုင်အတွင်းကို ရွှေကူမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး ဟန်မွှေး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ ဘိန်းမဲ ၄ ထုပ် စုစုပေါင်း အလေးချိန် ၃ ပိဿ၊ WY နဲ့ 88 စာတန်းပါ စိတ်ကြွဆေးပြား ၁,၂၀၀,၀၀၀၊ ဘိန်းဖြူ အလေးချိန်ဂရမ် ၃၇၀ ကျော်၊ ငွေကျပ် ၈၅ သိန်းနဲ့ လက်ကိုင်ဖုန်းတလုံးကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ဆိုင်ရှင်ဖြစ်သူ ဒေါ်တင်မြလေးကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။