တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ရပ်ကြရန် တရုတ်တောင်းဆို
DVB
·
May 19, 2018
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားက တိုက်ပွဲတွေကို အပစ်အခတ်ရပ်စဲဖို့ တရုတ်အစိုးရက တောင်းဆိုလိုက်ပါတယ်။
စစ်ပွဲတွေထဲမှာ တရုတ်နိုင်ငံသား ၃ ယောက် သေဆုံးခဲ့ရပြီးနောက်မှာတော့ တိုက်ပွဲအခြေအနေကို ထိန်းသိမ်းဖို့နဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲကြောင်း ကြေညာဖို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုလိုက်တာပါ။
တိုက်ပွဲအကျိုးဆက်တွေကြောင့် ဒုံးကျည် ၃ စင်းနဲ့ ကျည်လေကျည်လွင့်တွေ တရုတ်နယ်နိမိတ်ထဲ ကျရောက်ခဲ့တယ်လို့လည်း တရုတ်နိုင်ငံက တရားဝင် ဝေပို လူမှုမီဒီယာမှာ ကာကွယ်ရေးဝန်ကြီးဌာနအကောင့်ကနေ သောကြာနေ့ နှောင်းပိုင်းမှာ တင်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ဒီကိစ္စကို အနီးကပ် အာရုံစိုက် စောင့်ကြည့်နေပါကြောင်းနဲ့ တရုတ်-မြန်မာနယ်စပ်တလျှောက် လှည့်ကင်းတွေနဲ့ လုံခြုံရေး အစီအမံတွေကိုလည်း အားကောင်းစေဖို့ လုပ်ဆောင်ထားကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်စစ်တပ်ဟာ နယ်စပ်ထိန်းချုပ်ရေးတွေကို ခိုင်မာအားကောင်းအောင် ဆက်လုပ်သွားမှာဖြစ်ပြီး၊ နိုင်ငံတော် အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံသားတွေရဲ့ အသက်နဲ့အိုးအိမ်စည်းစိမ် လုံခြုံဘေးကင်းရေးအတွက် ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သမျှ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။