Home
မြန်မာသတင်း
ကော့သောင်းတွင် အာဇာနည်ဗိမာန် တည်ဆောက်မည်
DVB
·
May 11, 2018
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှာ အာဇာနည်ဗိမာန်တခုကို လာမယ့် အာဇာနည်နေ့အမီ တည်ဆောက်သွားမယ်လို့ ကော့သောင်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပါတယ်။ အောက်ခြေအုတ်ခုံ ပေ ၄၀ လောက် အကျယ်ရှိမယ့် ဗိမာန်ကို ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက်က စည်ပင်ပိုင်မြေပေါ်မှာ ပြည်သူတွေရဲ့ အလှူငွေနဲ့ တည်ဆောက်မယ်လို့ အာဇာနည်ဗိမာန် တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေထွန်းက ဆိုပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်းက “ကျနော်တို့ အာဇာနည်ဗိမာန်ပုံစံကို တင်ပြပြီးပြီ။ ခရိုင်၊ ပြီးရင် ဝန်ကြီးချုပ်ဆီက အတည်ပြုလိုက်ပြီဆိုရင် လုပ်ငန်းစလို့ရပြီ။ အာဇာနည်နေ့မှာ သွားပြီးအလေးပြုဖို့ ဆိုရင် အုတ်ခုံကို အပြီးလုပ်ရမယ်၊ အပေါ်ကဟာကိုတော့ သုံးထပ်သားပြားနဲ့ ပုံစံတူလုပ်မယ်။ ဒီနှစ်ပြီးရင် ဆက်ပြီးလုပ်သွားမယ်။ ဗိမာန်တည်ဆောက်မယ့် မြေနေရာကို ရှင်းလင်းပြီး လမ်းဖောက်လုပ်ဖို့ စီစဉ်နေပြီ” လို့ ပြောပါတယ်။ “ပုံစံတူ လုပ်မယ်ဆိုတော့ ရန်ကုန်ကို သွားပြီးတော့ အလေးပြုရသလိုမျိုး ခံစားရမှာပေါ့။ ကျနော်တို့မြို့မှာ ဒီလို အာဇာနည်ဗိမာန်တခုကို မျှော်လင့်နေတာ ကြာပါပြီ။ နှစ်စဉ် အာဇာနည်နေ့ အလေးပြု အခမ်းအနားကို ကားလမ်းမပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ရှေ့မှာ ပြုလုပ်တာကြောင့် လမ်းပိတ်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်တာပေါ့။ လုပ်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်” လို့ မြို့ခံတဦးဖြစ်တဲ့ ဦးဘသောင်းက ပြောပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024