Homeမြန်မာသတင်း
ဒေါက်တာအေးမောင်တို့ကိုစွဲထားသည့်အမှုများ ပယ်ဖျက်ပေးရန်တရားရုံးတွင်လျှောက်တင်
ဒေါက်တာအေးမောင်တို့ကိုစွဲထားသည့်အမှုများ ပယ်ဖျက်ပေးရန်တရားရုံးတွင်လျှောက်တင်
DVB
·
March 28, 2018

ရခိုင်ပြည်နယ် ရသေ့တောင်မှာ စာပေဟောပြောမှုနဲ့ ပတ်သက်လို့ တရားရင်ဆိုင်နေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ စွဲဆိုထားတဲ့အမှု သုံးမှုလုံးကိုခြေဖျက်ပေးဖို့ ရှေ့နေတွေက ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ဒီကနေ့လျှောက်တင်လိုက်ပါတယ်။
ဟောပြောမှုတခုတည်းကို ပုဒ်မ ၃ ခုတပ်ပြီး တရားစွဲဆိုထားတာဟာ တရားဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့မတ်လ ၂၈ ရက်က စစ်တွေခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံးတို့မှာ (၇) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးအပြီးမှာ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။
ဒေါက်တာအေးမောင်ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က "ပုဒ်မ ၂၂ မှာ ပြုလုပ်မှု (သို့မဟုတ်) ပျက်ကွက်မှုတခုဟာ ပြစ်မှုတခုထက်ပိုပြီ၊ ပြစ်မှုမြောက် သော်လည်းတခုတည်းနဲ့ တရားစွဲရမယ်လို့ ပြောထားတယ်။ အခုရသေ့တောင် ဟောပြောမှု တခုတည်းကို အမှု ၃ မှုနဲ့စွဲတယ်။ ဒါက ဥပဒေနဲ့ ဆန့်ကျင်နေတယ်ပေါ့။ ဒါကြောင့် ဒါကို ဥပဒေနဲ့အညီအဆုံးအဖြတ်ပေးဖို့ ရခိုင်ပြည်နယ်တရားလွှတ်ကိုလျှောက်တယ်။ စွဲဆိုထားတဲ့ အမှု ၃ ခုလုံးကိုခြေဖျက်ပေးဖို့၊ ဒီကနေ့ပဲလျှောက်တယ်။ ၃ မှုလုံးကို ခြေဖျက်ပေးဖို့ လျှောက်တာ" လို့ပြောပါတယ်။
ဒါကြောင့် ဒီလိုစွဲဆိုထားတဲ့အမှု ၃ မှုကို တပြိုင်တည်းခြေဖျက်ပေးဖို့ ရခိုင်ပြည်နယ် တရားလွှတ်တော်ကို ဒီကနေ့မှာ တင်သွင်းလိုက်တာဖြစ်ပါတယ်။
ဒီအပတ်ရုံးချိန်းမှာတော့ ဒေါက်တာအေးမောင်တို့ကို တရားစွဲဆိုထားတဲ့ လက်ရှိအမှု ၃ မှုကို စစ်တွေမြို့နယ်တရားရုံးနဲ့ ခရိုင်တရားရုံးတို့က တပြိုင်တည်း စစ်ဆေးနေတာတွေကို ခရိုင်တရားရုံးတခုတည်းမှာ အမှု ၃ မှုလုံး တပေါင်းတည်း လွှဲပြောင်းစစ်ဆေးပေးဖို့ကိုလည်း တရားရုံးတော်ကို ရှေ့နေတွေက တင်ပြခဲ့ကြပါတယ်။
ဒီကိစ္စ လာမယ်ဧပြီ ၄ ရက် ရုံးချိန်းကျမှဆုံးဖြတ်ချက် သိရမှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ရဲ့ အကျိုးဆောင်ရှေ့နေက မီဒီယာတွေကိုပြောပါတယ်။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီးပြီး အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို