Home
မြန်မာသတင်း
တနင်္ဂ​နွေနေ့ကို မန္တလေးမြို့တော် သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်
DVB
·
March 26, 2018
တနင်္ဂ​နွေနေ့ကို မန္တလေးမြို့တော် သန့်ရှင်းရေးနေ့အဖြစ် မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက သတ်မှတ်လိုက်ပါတယ်။ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းတွေနဲ့၊ တက္ကသိုလ်ကောလိပ်တွေနဲ့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီတို့ မတ် ၂၄ ရက်နေ့လုပ်တဲ့ ဆွေးနွေးပွဲမှာ တနင်္ဂနွေနေ့ကို မန္တလေးမြို့တော် သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာလို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မြို့တော်ဝန် ဒေါက်တာရဲလွင်က မန္တလေးမြို့လောက် ပရဟိတစိတ်ရှိသောမြို့ကို မတွေ့ဖူးသေးကြောင်း၊ တက္ကသိုလ်ကောလိပ်ကျောင်းတွေ မြို့တော်သန့်ရှင်းရေး ဆောင်ရွက်ရာမှာ ပါဝင်လာကြလို့ ကြိုဆိုကြောင်းနဲ့ မြို့တော်ဝန်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပထမဆုံးဦးစားပေးလုပ်တဲ့ကိစ္စမှာ သန့်ရှင်းရေး ဖြစ်ကြောင်း၊ အမှိုက်သိမ်းကားတွေ ထပ်မံဝယ်ယူပြီး မြို့တော်သန့်ရှင်းရေးကို ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ကော်မတီဝင် ဒေါက်တာသစ်ဆင်းကလည်း မြို့တော်သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်ရာမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှု မရှိပါက မအောင်မြင်နိုင်ကြောင်းနဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်လာစေဖို့ လူမှုရေးအသင်းအဖွဲ့တွေက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ပြောကြားသွားပါတယ်။ တနင်္ဂနေ့တိုင်း မြို့တော်ရဲ့ သမိုင်းဝင်နေရာတွေဖြစ်တဲ့ မန္တလေးတောင်တဝိုက်၊ မဟာမုနိဘုရား၊ တောင်သမန်အင်းပတ်ဝန်းကျင်နဲ့ နိုင်ငံခြားခရီးသွားတွေ လာရောက်လေ့ရှိတဲ့ နေရာတွေ၊ ပညာရေးနဲ့သက်ဆိုင်တဲ့ တက္ကသိုလ်တွေ၊  မြို့အဝင်အထွက် အမှိုက်ကောက်သင့်တဲ့ နေရာတွေ၊ မြို့အတွက် အကျည်းတန်နေတဲ့ မီးရထားဘူတာနဲ့ ရထားလမ်းတလျှောက်က အမှိုက်တွေကို အားလုံးစုပေါင်းပြီး အလှည့်ကျ အမှိုက်ကောက်ကြဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပါဝင်ဆောင်ရွက်လိုသူတွေအနေနဲ့ နီးစပ်ရာပရဟိတအသင်း၊ ဘုံဆွမ်းလောင်းအသင်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ၊ မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးတွေကို ဆက်သွယ်နိုင်ပါတယ်။ ဆွေးနွေးပွဲကို မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်တွေ၊ တာဝန်ရှိဝန်ထမ်းတွေ၊ မန္တလေး ၆ မြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့ စေတနာ့ဝန်ထမ်း ၇၃ ခုမှ အဖွဲ့ဝင်တွေ၊ တက္ကသိုလ်ကောလိပ်တွေက ဆရာ၊ ဆရာမတွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ သဘာဝပတ်ဝန်းကျင်ချစ်သူ အဖွဲ့ဝင်တွေ၊ စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024