မြန်မာ့လူဦးရေတိုးနှုန်း ကျဆင်းနေ၊ အမျိုးသားလူဦးရေ မူဝါဒ ချမှတ်ဆောင်ရွက်မည်
DVB
·
February 6, 2018
မြန်မာနိုင်ငံမှာ လူဦးရေတိုးနှုန်း ကျဆင်းနေလို့ “အမျိုးသားလူဦးရေမူဝါဒ” ချမှတ် ဆောင်ရွက်ဖို့ ရေကြည် မဲဆန္ဒနယ်က ဒေါက်တာစံရွှေဝင်းက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး ပြောဆိုခဲ့ပါတယ်။
၁၉၅၅ ခုနှစ်လောက်က လူဦးရေတိုးနှုန်း ၂ ဒသမ ၀၁ လောက် ရှိရာကနေ ၂၀၁၄ ခုနှစ်မှာ ဒသမ ၈၉ ပဲ ရှိတော့တယ်လို့ ဒေါက်တာစံရွှေဝင်းက ဖေဖော်ဝါရီ ၅ ရက် လွှတ်တော်မှာ ပြောခဲ့တာပါ။
“၂၀၁၄ သန်းခေါင်စာရင်း အခြေခံအချက်အလက်များအရ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၂ သန်းဖြစ်ပါတယ်။ သို့သော် အဲဒီအချိန်တုန်းက ကျနော်တို့ လက်ခံထားတဲ့ ၁၉၈၃ ခုနှစ် လူဦးရေကို အခြေခံပြီးတော့ တွက်ချက်ထားတဲ့ ခန့်မှန်းလူဦးရေက ၆၂ သန်း ဖြစ်ပါတယ်။ လူဦးရေ ကွာခြားမှုက ၁၀ သန်း ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ လူဦးရေတိုးနှုန်းက ဒသမ ၈၉ ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်လောက်က ၂ ဒသမ ၀၁ လောက် ဖြစ်တာကနေ တဖြည်းဖြည်း ကျဆင်းလာပြီးတော့ ၂၀၁၄ ခုနှစ်မှာ ဒသမ ၈၉ ဖြစ်သွားတဲ့အတွက် လူဦးရေဟာ တဖြည်းဖြည်း တိုးနှုန်းတွေ ကျဆင်းနေတယ်ဆိုတဲ့အချက်ကို တွေ့ရပါတယ်။”
ဒေါက်တာစံရွှေဝင်းရဲ့ “အမျိုးသားလူဦးရေ မူဝါဒ” ချမှတ်ဆောင်ရွက်ဖို့ အစီအစဉ် ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက ဝန်ကြီးဌာနအနေနဲ့ ရေးဆွဲဖို့ အစီအစဉ် ရှိတယ်လို့ ဖြေကြားသွားပါတယ်။
“ဝန်ကြီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း အချက်အလက်များကို အသေးစိတ် လေ့လာဆန်းစစ်ထားတဲ့ သုတေသနစာတမ်းများက တွေ့ရှိချက်များကို မူတည်ပြီး လူဦးရေမူဝါဒ ရေးဆွဲနိုင်ရန် ရည်မှန်းထားတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံမှာ ရှိတဲ့ လူဦးရေဆိုင်ရာ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့နဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းစဉ် ပထမခြေလှမ်းအဖြစ် အမျိုးသားအဆင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်ကို ဖွဲ့စည်းဖို့ လိုအပ်တယ်။”လို့ ၀န်ကြီးကပြောပါတယ်။
ကော်မရှင်ကို ၂၀၁၁ခုနှစ် နိုဝင်ဘာ ၂၄ရက်ကတည်းက ဖွဲ့စည်းခဲ့ပေမယ့် ၂၀၁၆ မတ်လ ၂၉ ရက်မှာ အစိုးရက ဖျက်သိမ်းခဲ့လို့ ပြန်လည်ဖွဲ့စည်းခွင့်ပြုဖို့ ဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြထားတယ်လို့သိရပါတယ်။
ကော်မရှင်ဖွဲ့စည်းခွင့်ရရှိရင် လူဦးရေမူဝါဒ ရေးဆွဲခြင်း လုပ်ငန်းစဉ်တွေကို ကော်မရှင်က ဦးစီးပြီး ဝန်ကြီးဌာနပေါင်းစုံ ပါတဲ့ အဖွဲ့တွေနဲ့ စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်မှာ ပြောသွားပါတယ်။