အင်းဒင် ရုပ်အလောင်းများကို တပ်မတော်က အဖွဲ့ဖွဲ့ စစ်ဆေးမည်
DVB
·
December 21, 2017
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ တူးဖော်တွေ့ရှိတဲ့ အမည်မသိ ရုပ်အလောင်းတွေကို တပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်ထုတ်ပြန်ချက်မှာ မည်သူမည်ဝါ မခွဲခြားနိုင်တဲ့ ရုပ်အလောင်းတွေ တွေ့ရှိမှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခဲ့မှု ရှိ/မရှိ စစ်ဆေးဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးတဲ့ အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အခင်းဖြစ်ပွားရာ နယ်မြေဒေသကို ဒီနေ့ပဲ ထွက်ခွာသွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အင်းဒင်ရွာသုသာန်မှာ လူတွေကို သတ်ဖြတ်မြှုပ်နှံထားကြောင်း အမည်မဖော်လိုသူတဦးက သတင်းပေးပို့ တိုင်ကြားလာတဲ့အပေါ် သက်ဆိုင်ရာက သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်မှာ အလောင်း ၁၀ လောင်းကို တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်မှာ ဦးခေါင်းခွံ ၁၀ လုံးနဲ့ အရိုးစုတွေ တွေ့ရှိမှုနဲ့ ပတ်သက်လို့ ဖမ်းမမိသေးတဲ့ ပြစ်မှုကျူးလွန်သူကို လူသတ်မှု အပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃ ခုနဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။