ဦးကိုနီအမှု အွန်လိုင်းမှ ဓာတ်ပုံများနှင့် ပတ်သက်ပြီး အငြင်းပွား၊ ကြားဖြတ်အမိန့်ချ
DVB
·
November 11, 2017
အန်အယ်လ်ဒီက ဥပဒေအကြံပေးရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုအတွက် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတချို့ကို ရဲအရာရှိက သက်သေအဖြစ်တင်သွင်းခဲ့ပြီး နှစ်ဖက်ရှေ့နေတွေ အငြင်းပွားခဲ့ကြလို့ တရားသူကြီးက ကြားဖြတ် အမိန့်ချလိုက်ပါတယ်။
မနေ့က မြောက်ပိုင်းခရိုင် အထူးတရားခုံရုံးမှာ သက်သေ ၃ ယောက်ကို စစ်ဆေးခဲ့ပြီး သက်သေတယောက်ဖြစ်တဲ့ နေပြည်တော် နည်းပညာမှုခင်းဌာန၊ မှုခင်းရဲတပ်ဖွဲ့က ရဲအုပ် ဗိုလ်ဗိုလ်လှမြင့်ကို စစ်ဆေးတဲ့အခါ သူက နောက်ထပ် သက်သေ ဓာတ်ပုံ ၆ ပုံကို သက်သေအဖြစ်တင်သွင်းခဲ့တာပါ။
အဲဒီပုံတွေဟာ ဂိုလ်ရှဲလ်လေး ဖေ့စ်ဘွတ်ခ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တင်ထားတာနဲ့ မြန်မာ့ဒီမိုကရေစီနှင့် နိုင်ငံရေးမှတ်တမ်းများ ဖေ့စ်ဘွတ်ခ်ပုံဖြစ်ကာ ဒီအမှုမှာ အဓိက ပါဝင် ပတ်သက်တယ်လို့ ယူဆထားပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်နဲ့အတူ ဇေယျာဖြိုး၊ ကိုလင်းဇော်ထွန်းတို့ တွဲရိုက်ထားတဲ့ ပုံတွေဖြစ်ပါတယ်။
ဒီလိုတင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး တရားခံရှေ့နေက သက်သေခံဥပဒေ ပုဒ်မ ၆၂ အရ ကန့်ကွက်ခဲ့တာပါ။
တရားလိုရှေ့နေ ဦးခင်မောင်ဌေးက အခုသက်သေအဖြစ်တင်တဲ့ ပုံတွေရဲ့ အကျိုးသက်ရောက်မှု တန်ဖိုးက အခုချိန်မှာ မပြောနိုင်သေးသလို သက်သေအဖြစ် တင်သွင်းထားတဲ့ ကိုလင်းဇော်ထွန်း တရားရုံးမှာ သက်သေအဖြစ်ထွက်ဆိုတဲ့အခါ မေးမြန်းမှုတွေအရ ဒီပုံတွေက ဘယ်မှာရိုက်တယ်၊ သူတို့နဲ့ ဘယ်လိုပတ်သက်တယ်ဆိုတာကို သိရမှာဖြစ်တယ်လို့ ပြောပါတယ်။
တရားသူကြီးကတော့ သက်သေခံဥပဒေရဲ့ ပြင်ဆင်ထားချက်အရ ဒီပုံတွေကို သက်သေအဖြစ် တင်သွင်းခွင့် ပြုတယ်လို့ ကြားဖြတ်အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီအမှုအတွက် သက်သေအယောက် ၈၀ တင်သွင်းထားပြီး လက်ရှိအချိန်ထိ သက်သေ ၅၀ ကျော် စစ်ဆေးပြီးဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဒီအမှုအတွက် ရုံးချိန်းပေးပြီး ဆက်လက် စစ်ဆေးမှာ ဖြစ်ပါတယ်။