စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် သက်တမ်း ၁၀၀ ကျော်ရှိ သိမ်တခု ပြိုကျ
DVB
·
September 30, 2017
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အနောက်ဆင်ကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာအနီးမှာ စက်တင်ဘာ ၂၉ ရက်က စစ်တောင်းမြစ်ရေတိုက်စားခဲ့လို့ သက်တမ်း ၁၀၀ ကျော်ရှိတဲ့ ရွာတန်းရှည် အရှေ့ ရွာဦးဘုန်းတော်ကြီးကျောင်းရှိ သိမ်တော်မှာ စစ်တောင်းမြစ်အတွင်း ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။
မြစ်ရေတိုက်စားမှုကြောင့် ဘုန်းတော်ကြီးကျောင်းလည်း စိုးရိမ်ရတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ ရွာတန်းရှည်ကျေးရွာနေသူတွေက ပြောပါတယ်။
“ကမ်းပါးပြိုနေတာတော့ကြာပြီဗျ၊ သိမ်ကလည်း ရှေးသိမ်ကြီး။ ချောင်းကမ်းပါပြိုလို့ သိမ်ပါတော့မယ်ဆိုတော့ ဆရာတော်ကို လျှောက်တယ်လေ။ ဆရာတော်က ရှေးပဝေသနီ ကတည်းက သိမ်ဖြစ်တယ်၊ ဖျက်ဖို့မဖျက်ဖိုတော့ မပြောချင်ဘူး၊ သိမ်ဆိုတာ မဖျက်ကောင်းဘူးလို့ ပြန်ပြောတယ်။ ဒါနဲ့ပဲဒီအတိုင်း ထိုင်ကြည့်နေရတာပေါ့။ ပထမထောင့်တိုင်ပါသွားတယ်၊ နောက်နံရံပြိုကြတယ်၊ ၄ ရက်လောက်ကြာမယ်၊ ဒီနေ့တော့ သိမ်တစ်ခုလုံးပါသွားပြီ။ သိမ်ကသုံးပင် လေးပင်အုပ်ပတ်ထားတဲ့ သိမ်ပါ။ ရှေးသိမ်ဆိုတော့ သမိုင်းအမွေအနှစ်အရ ဆိုရင်တော့ ဆုံးရှုံးမှုက များတာပေါ့။ ဒီကိစ္စကိုလည်း အုပ်ချုပ်ရေးပိုင်းကို တင်ပြထားပါတယ်” လို့ ရွာတန်းရှည်ကျေးရွာနေ ဦးစိုးမြင့်ဦး က ပြောပါတယ်။
အနောက်ဆင်ကျေးရွာအုပ်စုရှိ ရွာတန်းရှည်ကျေးရွာဟာ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါတွေ ပြိုကျလာနေပြီး ရွာအတွင်းရှိ အိမ်အချို့လည်း ရွှေ့ပြောင်းရမယ့် အနေအထားရှိနေတယ်လို့ အနောက်ဆင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“သိမ်ပါသွားတာကိုတော့ ကျနော်မြို့နယ်အုပ်ချုပ်ရေးမှုနဲ့ အခြားဌာနဆိုင်ရာတွေကိုလည်း အကြောင်းကြားထားပြီးပါပြီ။ အခုအဲဒီရွာမှာ ကမ်းပါးနဲ့နီးနေတဲ့ အိမ်အချို့ကိုတော့ ရွှေ့ဖို့ပြောထားသလို သူတို့အတွက် နေရာပြန်ပေးဖို့ကိုလည်း ဆောင်ရွက်နေပါတယ်။ ရွာတန်ရှည်ရွာမှာ ရွှေ့ရမယ့်အိမ်က လောလောဆယ် ၁၁ လုံးရှိပါတယ်။ အဲဒီအတွက် ကျနော်တို့ဆောင်ရွက်နေပါတယ်” လို့ အနောက်ဆင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရွာတန်းရှည်ကျေးရွာအနီးမှာ စစ်တောင်းမြစ်ရေတိုက်စားမှုများကြုံတွေ့နေရပြီး ကျေးရွာသူ/ ရွာသားတွေရဲ့ လုပ်အားနဲ့ တည်ဆောက်ထားတဲ့ သက်တမ်း ၆၄ နှစ်လောက်ရှိတဲ့ စစ်တောင်းမြစ်ရေကာတမံမှာလည်း ပြိုကျနေပြီး စစ်တောင်မြစ်ရေ ထပ်မံမြင့်တက်လာပါက ရွာတန်းရှည်ကျေးရွာအနီး ရှိစိုက်ပျိုးမြေဧက ၁၆၀၀ ကျော် ရေနစ်မြုပ်နိုင်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာအုပ်စုတွေရှိ လယ်မြေတွေလည်း ပျက်စီးနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွာတန်းရှည်ကျေးရွာမှာ အိမ်ခြေစုစုပေါင်း ၁၇၆ အိမ်ကျော်ရှိပြီး လူဦးရေစုစုပေါင်း ၆၇၃ ကျော်နေထိုင်တယ်လို့ သိရပါတယ်။
သတင်း-ကျော်အောင် (ကညွတ်ကွင်း)