ထိုင်းမှ မြန်မာအလုပ်သမား ၃၉ ဦး ကော့သောင်းသို့ ထပ်မံရောက်ရှိ
DVB
·
August 24, 2017
ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၃၉ ဦးဟာ သြဂုတ်လ ၂၃ ရက် ညနေပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို ထပ်မံဝင်ရောက်လာပါတယ်။
ပြန်လည်ဝင်ရောက်လာကြတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို ကော့သောင်းခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ က မြို့မဆိပ်ကမ်းတံတားမှာ ကြိုဆိုကြပြီး အစားအသောက်တွေ ကျွေးမွေးကြကာ မြန်မာအလုပ်သမားတွေရဲ့ နေရပ်တွေဖြစ်တဲ့ ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တွေကို ပြန်နိုင်ဖို့ မော်တော်ယာဉ်တွေကို စီစဉ်ပေးခဲ့ပါတယ်။
“ကျနော်က ထိုင်းနိုင်ငံဖူးကက်က စားသောက်ဆိုင်မှာ လုပ်ပါတယ်၊ ဆိုင်အတွက် ပစ္စည်းထွက်ယူရင်း ရဲနဲ့တွေပြီး ဘတ်မရှိလို့ အဖမ်းခံရတာပါ၊ အချုပ်ထဲမှာ (၄၈) ရက် နေခဲ့ရပါတယ်။ အခုနေရပ်ပြန်ပို့ပေးမယ့် အဖွဲ့တွေနဲ့တွေ့လို့ ပြန်လာရတာပါ။ ပြန်မသွားတော့ဘူး လို့တော့ ဆုံးဖြတ်ထားပါတယ်။ ဒီမှာပဲရရာအလုပ် လုပ်တော့မယ်” လို့ ရခိုင်ပြည်နယ် စစ်တွေမြို့က ကိုသာအောင် က ပြောပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနက အလုပ်သမားတွေရဲ့ မော်တော်ယာဉ်စီးနင်းခတွေနဲ့ လမ်းခရီးမှာ စားသောက်ဖို့ ကုန်ကျစရိတ်တွေကို ကူညီ ပေးခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီနေ့အထိ ကော့သောင်းနယ်စပ်ဂိတ်ကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားဦးရေ စုစုပေါင်း ၂၀၀၄ ဦး ရှိပြီဖြစ်တယ်လို့ လဝကစာရင်းတွေအရ သိရပါတယ်။
လတ်ကိုကိုဦး