လူသတ် ကားခိုးသည့် တရားခံပြေးကို ဖမ်းဆီး
DVB
·
August 19, 2017
ရှမ်းပြည်နယ်မှာ အမှုနှစ်ခုနဲ့ ထွက်ပြေးနေတဲ့ တရာခံပြေးကို ဩဂုတ် ၁၈ ရက်က ဖမ်းဆီးနိုင်ခဲ့ပြီး ပခုက္ကူ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဩဂုတ်လ ၉ ရက်နေ့က ဟဲဟိုးမြို့ လက်ပံပင်ရွာမှာ ကားပိုင်ရှင်ကို သတ်ပြီး ကားခိုးယူထွက်ပြေးနေတဲ့ တရာခံပြေး ကိုဇင် ကို ပခုက္ကူရဲစခန်းက ဆက်စပ်အမှု ၅ ခုနဲ့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဒုရဲမှူး စိုးထွန်းဝင်က ပြောပါတယ်။
“ရှမ်းပြည်နယ်မှာ ကားခိုးလိမ်လည်တာ နှစ်မှုပါတယ်၊ တောင်ကြီးက ဘုရာဖူးကားကို လိမ်လည်သွားတာနဲ့၊ ဟဲဟိုးမြို့လက်ပံပင်ရွာက ကားပိုင်ရှင်ကိုသတ်ပြီး ကားခိုးသွားတဲ့အမှု နှစ်ခုပါတယ်၊ ပခုက္ကူရဲစခန်းမှာ စစ်ဆေးနေတယ်၊ ရှမ်းပြည်နဲ့ဆိုင်တဲ့အမှုက လွဲပြောင်းပေးမှာပါ။"
အဲဒီတရာခံပြေးဟာ အမည်လေးငါးခုရှိပြီး တနိုင်ငံလုံးမှာ ကား၊ ဆိုင်ကယ်၊ ငွေကြေး ခိုးယူလိမ်လည်မှု ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပြီး ဆိုင်ကယ်ခိုးမှုကြောင့် ပခုက္ကူမှာ ဖမ်းဆီးရမိ တာဖြစ်ပါတယ်။
“အခုဖမ်းမိတာက ဆိုင်ကယ် CB_400super Four HONDA တစီးလာရောင်းတာ၊ ဆိုင်ကယ်ပွဲစားက အကြောင်းကြားတော့ သွားရောက်စစ်ဆေးပြီး ဖမ်းမိတယ်၊ နောက်ထပ်စစ်ဆေးတော့ ကျန်တဲ့အမှု ၅ ခုပါပေါ်တယ်၊ အခု ပခုက္ကူမှာ ရမန်နဲ့ ချုပ်ထားတယ်” လို့ မကွေးတိုင်း ရဲတပ်ဖွဲ့ ရဲအုပ် မျိုးနိုင်က ပြောပါတယ်။
တရားခံ ကျူးလွန်ထားတဲ့အမှုဟာ တောင်ကြီး ကားလိမ်လည်မှု၊ ဟဲဟိုး လူသတ်ပြီးကားခိုးမှု၊ မကွေး ကားလိမ်လည်မှု ၂ မှု၊ မင်းဘူး ငွေကြေး၊ ဆိုင်ကယ်လိမ်လည်မှုနဲ့ ဒိုက်ဦး ဆိုင်ကယ် လိမ်လည်မှု တို့ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ အပွင့်ဖြူ မြို့နယ်၊ ကျော်တော်ရာ ဈေးသစ်ရပ်ကွက်နေထိုင်သူ တရားခံ ကိုဇင် (ခ) ကျော်ဇင်ထွဋ် (ခ) ကိုသူ(ခ) ဖိုးသိန်း(ခ) မောင်သိန်း(ခ) တင်မင်းသန်း ကို ပခုက္ကူ ရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ခွန်ရာဇာ