Home
မြန်မာသတင်း
သီရိမင်္ဂလာဈေးဟောင်းကို အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ် ပိတ်သိမ်း
ပိုင်စိုး
·
August 16, 2017
ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေးဟောင်းကို ပျက်စီးယိုယွင်းပြီး အန္တရာယ်ရှိတယ်လို့ ရေးသားထားတာတွေ ဖေ့စ်ဘွတ်ပေါ်မှာပျံ့နှံ့ပြီး ရက်ပိုင်းအတွင်းမှာပဲ  စည်ပင်သာယာက အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်လိုက်ပါတယ်။ အရင်ကကုန်စိမ်းဈေးဖြစ်တဲ့ သီရိမင်္ဂလာဈေးကို အသစ်တည်ဆောက်ပြီး ပြောင်းရွှေ့သွားတဲ့ နောက်ပိုင်း ဈေးဟောင်းမှာ ကားရောင်းဝယ်ရေးနဲ့ ကုမ္ပဏီရုံးခန်းတွေ ဖွင့်လှစ်ထားတာပါ။ အဆိုပါနေရာမှာ ကားအရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးအေးကျော်က “မနက်ဖြန် ပြောင်းရမယ်ဆိုပြီး ဒီနေ့ နေ့လယ်ပိုင်းမှာပဲ စာလာကပ်တယ်။ ဒါကတော့ မြန်လွန်းတာပေါ့။ ပြောင်းဖို့ခက်တာပေါ့” လို့ ပြောပါတယ်။ ဈေးဟောင်းမှာ ဖွင့်ထားတဲ့ ကားရောင်းဝယ်ရေးစခန်းမှာ ကားစီးရေ တထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ ကားတွေအနေနဲ့ ရပ်နားဖို့ အခက်အခဲရှိရင် လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း၊ သံသုမာ ယာဉ်ရောင်းဝယ်ရေးစခန်း၊ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ အမှတ် ၃ လမ်းကြားက ယာဉ်ရပ်နားကွင်းမှာ နေရာလွတ်ရင်သွားရပ်နိုင်တယ်လို့ စည်ပင်သာယာ အခွန်ဌာနရဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စည်ပင်သာယာ ဈေးများဌာနနဲ့ အခွန်ဌာနကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024