H1N1 ကာကွယ်ဆေးသတိပြုရန် ဆေးသုတေသနဦးစီးဌာန အကြံပြု
DVB
·
July 31, 2017

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 ရောဂါနဲ့ ပတ်သက်တဲ့ ကာကွယ်ဆေးတွေ တကယ်အသုံးတည့်မတည့် သတိပြုဖို့ ဆေးသုတေသနဦးစီးဌာနက အကြံပြု ပြောဆိုထားပါတယ်။
ရာသီတုပ်ကွေး (Seasonal Influenza A (H1N1) ရောဂါနဲ့ပတ်သက်လို့ လူမူကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ဆေးကြော်ငြာတွေနဲ့ ကာကွယ်ဆေးကြော်ငြာတွေ ထွက်ပေါ်နေတဲ့အပေါ် စိစစ်အသုံးပြုဖို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်ဇင်သန်းက အကြံပြုပါတယ်။
ရာသီတုပ်ကွေး (Seasonal Influenza A (H1N1) နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးတွေဟာ ကမ္ဘာ့ဈေးကွက်မှာ တရားဝင် အသိမှတ်ပြုဆေးဝါးတွေ ရှိနေပြီးသားဖြစ်ပေမယ့် ရာသီတုပ်ကွေး အခြေအနေတွေပေါ် မူတည်ပြီး H1N1 ဗိုင်းရပ်စ်ပိုးတွေရဲ့ မျိုးစိတ်ကွဲပြောင်းလဲမှုတွေအရ မြန်မာပြည်အခြေအနေနဲ့ အသုံးတည့်မှု ရှိမရှိဆိုတာ အာမခံချက်မရှိတာဘဲ ဖြစ်ပါတယ်။
လက်ရှိ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ (Seasonal Influenza A (H1N1) ရာသီတုပ်ကွေး ရောဂါအခြေအနေနဲ့ ပတ်သက်လို့ WHO ကမ္ဘာ့ကျန်းမားရေးအဖွဲ့ကလည်း နည်းပညာပိုင်းအရ အကူညီပေးနေပြီး အစိုးရိမ်မလွန်ကဲဖို့ ပြောဆိုထားပါတယ်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ A (H1N1) တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀ ကျော်၊ သေဆုံးသူ ၁၀ ဦးရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။