Live
Home
ဆောင်းပါး
တစစ ပိုလို့ဆူပွက်လာတဲ့ မြောက်ကိုရီးယားဒုံးကျည်ကိစ္စ
DVB
·
July 10, 2017
  ဇူလိုင်လ ၄ ရက်နေ့ အင်္ဂါနေ့က မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ဟွာဆောင်း-၁၄ ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်လိုက်တဲ့ ကိစ္စဟာ နိုင်ငံတကာမှာ အတော်ကြီး လှုပ်ရှားရိုက်ခတ်သွားခဲ့ပါတယ်။ တကယ်တော့ မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ ပထမဆုံး နျူကလီးယားဗုံးကို ၂၀၀၆ ခုနှစ်ကတည်းက စမ်းသပ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်းမှာ နျူကလီးယားဗုံးကို သယ်ဆောင်သွားနိုင်မယ့် ဒုံးကျည်တွေကို ဆက်တိုက်လိုလို စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။ ဒုံးကျည်အစီအစဉ်ဟာ အစပိုင်းမှာကတည်းက စနစ်တကျ တိုးတက်လာခဲ့ပြီး ကင်ဂျုံအန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ထူးထူးခြားခြား တိုးတက်လာတာ တွေ့ရပါတယ်။ မကြာခဏ အမှားအယွင်းတွေဖြစ်ခဲ့ပေမယ့် ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားဟာ နျူကလီးယားဒုံးကျည် ပစ်လွှတ်နိုင်တဲ့ အရည်အသွေးတွေကို အောင်မြင်ရယူနိုင်မယ်ဆိုတာကို သဘောတူလက်ခံခဲ့ကြပါတယ်။ ဇွန်လ ၄ ရက်နေ့ အင်္ဂါနေ့က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဟွာဆောင်း-၁၄ ဒုံးကျည်ဟာ ပျံသန်းချိန် ၃၇ မိနစ်အတွင်းမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၇၄၁ မိုင်အမြင့်ကနေ ခရီးအကွာအဝေး မိုင် ၅၈၀ အထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေးအဖွဲ့က ဒုံးကျည်ကာကွယ်ရေးဆိုင်ရာ အကြီးတန်းအဖွဲ့ဝင်နဲ့ မြောက်ကိုရီးယား ကာကွယ်စောင့်ရှောက်ရေးအုပ်စု ‘၃၈ မြောက်’ ရဲ့ ဆန်းစစ်ဝေဖန်သူ မိုက်ခဲလ် အဲလ်လာမင်းကတော့ “ကျနော်ကတော့ ဒီစမ်းသပ်မှုကို သီတင်းပတ်ကုန်အထိကို အံ့သြစရာတခုလို့ မခေါ်ခဲ့ပါဘူးဗျာ၊ ဘာလို့ဆိုတော့ သူတို့မှာက အတိအလင်း ဖော်ပြပြီးဖြစ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တခု ဖန်တီးဖို့ ရည်မှန်းချက်တခု ရှိပြီးသားပဲလေ။ ဒီစမ်းသပ်မှုဟာ ကာလရှည်ကြာရှိခဲ့ပြီးဖြစ်တဲ့ လုပ်ငန်းစဉ်တခုရဲ့ အစိတ်အပိုင်းတခုဖြစ်သလို ကျနော်ကတော့ နောက်ထပ်စမ်းသပ်မှုတွေကို တွေ့မြင်ရလိမ့်ဦးမယ်လို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရအဖွဲ့က မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည် တခုကို ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ နောက် ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတခုကို ဂျပန်ပင်လယ်ပြင်ထဲမှာ ပြုလုပ်ခဲ့တဲ့အတွက် ဒုံးကျည်စမ်းသပ်မှုတွေကို လျှော့ချဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တောင်းဆိုနေတဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေနဲ့ သဘောထားကွဲလွဲစရာ တုံ့ပြန်မှုတခုလို့ ပြောရမှာပါပဲ။ ဒီအချိန်မှာပဲ မြောက်ကိုရီးယားကလည်း နျူကလီးယားလက်နက်နဲ့ ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေး ကမ္ဘာ့တနေရာရာကို ပစ်ခတ်နိုင်ရေး ရည်မှန်းချက်ကို ထပ်တလဲလဲ ပြောဆို ဆောင်ရွက်နေခဲ့ပါတယ်။ အင်္ဂါနေ့က မြောက်ကိုရီးယားနိုင်ငံရဲ့ အောင်မြင်တဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုဟာ ဧပြီလအတွင်းက စမ်းသပ်ပစ်ခတ်မှု အပါအဝင် မအောင်မြင်တဲ့ တသီတတန်း စမ်းသပ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ထပ်ပြီး ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ ဒီတကြိမ်ပစ်ခတ်ရာမှာ အလွန့်အလွန် မတ်စောက်တဲ့ ဝေဟင်လမ်းကြောင်းနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပေမယ့် ကျွမ်းကျင်သူတွေကတော့ သူ့ရဲ့ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်၊ အကွာအဝေးနဲ့ ပျံသန်းချိန်တွေအရ ဟွာဆောင်း-၁၄ ဒုံးကျည်ဟာ အကွာအဝေးတာ ၄၀၃၉ မိုင် ဒါမှမဟုတ် ဒီထက်ပိုဝေးဝေး ရောက်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ အမေရိကန် အလတ်စကာပြည်နယ်နဲ့ ဟာဝိုင်ရီအထိ၊ နောက် အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံကို အန္တရာယ်ပေးနိုင်မှာဖြစ်သလို ရုရှားနိုင်ငံ မော်စကိုလို ပစ်မှတ်မျိုးတွေအထိ ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ ယူဆရပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဖွံ့ဖြိုးတိုးတက်မှုကို ခြေရာခံလိုက်တဲ့အခါ အထူးစိန်ခေါ်မှုတခုအဖြစ် သတ်မှတ်လို့ ရတယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။ ဒီ ဟွာဆောင်-၁၄ ဒုံးကျည်ကို သူ့ရဲ့ စစ်ရေးပြအခမ်းအနားမှာ အရင်က ထုတ်ပြပြီးဖြစ်ပေမယ့် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကတော့ “ကျနော်တို့ အရင်က မမြင်ဖူးခဲ့ဘူး” လို့ ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ကြပါတယ်။ အဲဒါက မြောက်ကိုရီးယား အင်ဂျင်နီယာတွေဟာ အဲဒီစစ်ရေးပြအခမ်းအနားမှာ လူထုကို ထုတ်ပြလိုက်ကတည်းက ဒီဒုံးကျည်ကို သင့်တော်ကောင်းမွန်အောင် လုပ်ထားနိုင်ခဲ့ပြီးဖြစ်တယ် ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆန်းစစ်ဝေဖန်သူတွေက ဒီဒုံးကျည်ဟာ အလေးချိန်ဘယ်လောက်ကို သယ်ဆောင်နိုင်တယ်၊ လေထုလွှာထဲ ပြန်ဝင်ရောက်အောင် ဘယ်လို ကိုင်တွယ်ထိန်းချုပ်ထားတယ်၊ ပစ်မှတ်ကို တခါတည်း သတ်မှတ်ပစ်ခတ်နိုင်သလား၊ ပစ်မှတ်ကို တကယ်ပဲ ရောက်နိုင်သလား ဆိုတာတွေကိုတော့ အသေအချာ မပြောနိုင်ကြသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့က မြောက်ကိုရီးယားရဲ့ အရည်အချင်းကို လျှော့မတွက်ကြဖို့၊ အထူးသဖြင့် ပစ်မှတ်ချိန်တဲ့နည်းပညာ၊ ဒုံးကျည်ထဲမှာ ထည့်သွင်းနေရာချလို့ရတဲ့အထိ ထိပ်ဖူးတွေကို သေးငယ်အောင် တည်ဆောက်တဲ့ နည်းပညာရပ်တွေမှာ ဖြစ်တယ်လို့ သတိပေးထားခဲ့ပါတယ်။ တကယ်လည်း မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်ဖွံ့ဖြိုးတိုးတက်မှုဟာ ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနေခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပါတယ်။ အခုအချိန်မှာတော့ မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုနဲ့ တခြား ကျန်တဲ့ ကမ္ဘာ့နေရာ တော်တော်များများကို ခြိမ်းခြောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ပိုင်ဆိုင်ဖို့ နှစ်နည်းနည်းတော့ လိုလိမ့်ဦးမယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် အင်္ဂါနေ့က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုအပြီး ဗုဒ္ဓဟူးနေ့မှာ အမေရိကန်က တောင်ကိုရီးယားနဲ့ ပူးတွဲပြီး ဒုံးကျည်ပစ်ခတ်စစ်ရေး လေ့ကျင့်မှုတခု ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားကို စစ်ရေးနဲ့ တုံ့ပြန်ကောင်း တုံ့ပြန်နိုင်တယ်ဆိုတာကို အရိပ်အမြွက် ပြသခဲ့သလို မြောက်ကိုရီးယားနဲ့ စီးပွားရေးလုပ်ကိုင်တဲ့နိုင်ငံ ဘယ်နိုင်ငံကိုမဆို ကုလသမဂ္ဂရဲ့ ပိုမိုကျယ်ပြန့်တဲ့ အရေးယူဒဏ်ခတ်မှု ပြုလုပ်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ဇူလုင်လ ၄ ရက် ဒုံးကျည်ပစ်ခတ် စမ်းသပ်မှုဟာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက်နေ့ ဖြစ်နေတဲ့အတွက် ကင်ဂျုံအန်းက သူ့နိုင်ငံရဲ့ဒုံးကျည်ကို အမေရိကန်နိုင်ငံအတွက် လက်ဆောင်တခုအဖြစ် ဖော်ပြပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတကတော့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို ပြစ်တင်ပြောဆိုခဲ့ပြီး ကုလသမဂ္ဂက ပိုမိုကျယ်ပြန့်တဲ့ အရေးယူဒဏ်ခတ်မှု ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားရဲ့ အရေးကြီးတဲ့ စီးပွားဘက်ဖြစ်တဲ့ တရုတ်နိုင်ငံကို အရေးယူ ပိတ်ဆို့ဖို့ ရည်ရွယ်တယ်လို့လည်း ယူဆရပါတယ်။ တကယ်တော့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်-တရုတ် ကုန်သွယ်ရေးဆက်ဆံမှုကို တိုးတက်အောင်လုပ်ပြီး ကိုရီးယားပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ပါဝင်ကူညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ပင်ကို တွန်းအားပေးချင်ခဲ့သလို တရုတ်က ဒီထက်ပိုပြီး ကူညီဆောင်ရွက်မှု မလုပ်ဘူးဆိုရင်တော့ နှစ်နိုင်ငံ ကုန်သွယ်ရေးဆက်ဆံမှုဟာ ပိုပြီး ဆိုးဝါးသွားနိုင်တယ်လို့လည်း ခြိမ်းခြောက်ချင်တဲ့သဘော ရှိပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီ ဟေလီ ကတော့ “မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးလုပ်တာကို ခွင့်ပြုထား၊ အားပေးအားမြှောက်လုပ်နေတဲ့ နိုင်ငံတွေရှိပါတယ်။ တကယ်လို့ အဲဒီနိုင်ငံတွေက အမေရိကန်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ကုန်သွယ်ရေးဆက်ဆံမှု လုပ်ချင်တယ်ဆိုရင်တော့ အဲဒီလိုဖြစ်မှာမဟုတ်ပါဘူး” လို့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ အရေးပေါ် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ မိစ်ဟေလီက “ကျမတို့က မြောက်ကိုရီးယားနိုင်ငံ တခုတည်းကို သီးခြားခွဲကြည့်မှာ မဟုတ်ပါဘူး။ ဒီဥပဒေချိုးဖောက်တဲ့ နိုင်ငံနဲ့ စီးပွားရေးလုပ်နေတဲ့ နိုင်ငံတွေကိုလည်း ကြည့်မှာဖြစ်ပါတယ်” လို့ တင်းမာတော့မယ့် အမေရိကန်နိုင်ငံရဲ့ အနေအထားကို ပြောဆိုရင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ မိစ်ဟေလီက တရုတ်နိုင်ငံကို တသီးတခြား ခြိမ်းခြောက်ပြောဆိုတာမျိုးတော့ မလုပ်ခဲ့ပေမယ့် သူက မြောက်ကိုရီးယားနိုင်ငံရဲ့ ကုန်သွယ်ရေး ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံနဲ့ လုပ်ဆောင်နေတာဖြစ်လို့ “ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုက တရုတ်နိုင်ငံအပေါ်မှာပဲ ဝန်ပိသွားမှာပါပဲ” လို့လည်း ပြောကြားခဲ့ပါတယ်။ တကယ်တော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုတွေအတွက် သောကရောက်နေ၊ ဒေါသဖြစ်နေတဲ့ နိုင်ငံဟာ အမေရိကန် တနိုင်ငံတည်း မဟုတ်ပါဘူး။ သူနဲ့ကပ်ရက် တောင်ကိုရီးယားနိုင်ငံနဲ့ သူ့နိုင်ငံပင်လယ်ပြင်ထဲအထိ ကျရောက်နေတဲ့ ဒုံးကျည်တွေရဲ့ အန္တရာယ်အတွက် စိတ်ဆိုးဒေါသဖြစ် ကန့်ကွက်ပြစ်တင်နေရတဲ့ ဂျပန်နိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီအတွက် မြောက်ကိုရီးယားက ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး နျူကလီးယား စမ်းသပ်မှုတွေ၊ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်တဲ့အခါတိုင်း အမေရိကန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံနဲ့ရော ဂျပန်နိုင်ငံနဲ့ပါ ဆွေးနွေးတိုင်ပင်ရလေ့ ရှိပါတယ်။ သိပ်မကြာခင်က မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ စစ်ဖြစ်တော့မယ့် အဆင့်အထိ ဖြစ်သွားခဲ့ရတဲ့ အခြေအနေကို စာဖတ်သူတွေ သတိရကြပါလိမ့်ဦးမယ်။ အဲဒီအခြေအနေဟာ ကမ္ဘာစစ်တခုဖြစ်ဖို့အထိ အခြေအနေ မရောက်နိုင်ဘူး ဆိုတာတောင်မှ ဒေသစစ်တော့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အဲဒီအချိန်မှာတော့ တရုတ်နိုင်ငံကပါ မြောက်ကိုရီးယားနိုင်ငံကို သတိပေး ဟန့်တားပေးခဲ့တာကို တွေ့ရပါတယ်။ ခု ဇူလိုင်လ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ဒုံးကျည် ဖြစ်တယ်ဆိုရင် စမ်းသပ်ပစ်ခတ်မှုဟာ အောင်မြင်သွားတယ်လို့ ဆိုတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ခံရလေ့ရှိတဲ့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကတော့ အနည်းဆုံး စိတ်အနှောင့်အယှက်ဖြစ်ကြရမှာ ဖြစ်သလို ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းစေချင်ကြမှာပါပဲ။ ကုလသမဂ္ဂအဖွဲ့ကြီးက အရင်ကထက် ပိုပြီး ကျယ်ပြန့်ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ လုပ်ခဲ့ရင်ရော မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို တကယ်တန်း ရပ်ဆိုင်းပါ့မလား။ မရပ်ဆိုင်းခဲ့ရင် အရေးယူ ဒဏ်ခတ်မှုဒဏ်ကို ခံကြရမယ့် မြောက်ကိုရီးယား ပြည်သူတွေရဲ့ ဒုက္ခက သေးပါ့မလား။ ဒီအခြေအနေကို ကုလသမဂ္ဂအဖွဲ့ကြီးက ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာ ခေါင်းဆောင်တွေက တတ်နိုင်သမျှ ဝိုင်းဝန်းစဉ်းစား ကူညီဆောင်ရွက်ပေးကြဖို့ လိုပါလိမ့်မယ်။ ကမ္ဘာပေါ်က ဒေသတခုက ပြဿနာဟာ ကမ္ဘာတဝှမ်းလုံးရဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ ပြဿနာဟာ ငယ်ရာက ကြီးလာတာနဲ့အမျှ ကမ္ဘာတဝှမ်းလုံးကို တနည်းနည်းနဲ့ ရိုက်ခတ်လာတတ်တဲ့သဘောကို ကျနော်တို့ သတိထားကြဖို့ လိုအပ်မှာဖြစ်တဲ့အကြောင်း။  ။ စိုးနေလင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024