ဒေါ်အောင်ဆန်းစုကြည် ဥရောပ ၄ နိုင်ငံနှင့် တရုတ်နိုင်ငံကို ခရီးထွက်မည်
ရွှေအောင်
·
April 19, 2017

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလကုန်ပိုင်းမှာ ဥရောပ ၄ နိုင်ငံဆီ ခရီးထွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။
ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေကို ချစ်ကြည်ရေးခရီး သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အသေးစိတ်သတင်းကို မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့လည်း သူက ပြောပါတယ်။
“ဧပြီလကုန်ပိုင်းမှာ ဥရောပ ၄ နိုင်ငံခရီးသွားမယ်။ သွားမှာက ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်၊ အင်္ဂလန်ပေါ့၊ ၄ နိုင်ငံသွားမယ်။ သွားပြီးရင် ပြန်လာမယ်၊ ပြန်လာပြီးရင် OBOR ဖိုရမ် တရုတ်နိုင်ငံမှာ ကျင်းပမယ်။ အဲဒါက မေလ ဒုတိယပတ်လောက်ဖြစ်မယ်၊ အဲ့ဒါသွားမယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်မှာကျင်းပမယ့် တရုတ်နိုင်ငံရဲ့ One Belt and One Road OBOR Forum ကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေနဲ့အတူ တက်ရောက်မှာ ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး အဲ့ဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ဒုတိယပင်လုံ) ကျင်းပမယ့်ရက် သတ်မှတ်ဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန် ရယူပြီးနောက် ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ပြင်သစ်ကို ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပြီး အင်္ဂလန်ကတော့ ဒုတိယမြောက်ခရီး ဖြစ်ပါတယ်။
မနှစ် စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်နိုင်ငံကို သွားရောက်ခဲ့ပြီး လက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံကိုတော့ အန်အယ်လ်ဒီအစိုးရတာဝန်ယူပြီး မနှစ် သြဂုတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သွားရောက်ခဲ့ပါတယ်။