ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ညှိနှိုင်းရန် အီတာလီလျံထိုင်း မြန်မာပြည် သွား
DVB
·
January 12, 2012
ထားဝယ်ရေနက်ဆိပ်ကမ်းမှာ အီတာလျံထိုင်း ကုမ္ပဏီရဲ့ ၄၀၀၀ မဂ္ဂါဝပ် ကျောက်မီးသွေး အပူဓာတ်အားသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မြန်မာအစိုးရက ရပ်ဆိုင်းတဲ့အပေါ် အီတာလျံထိုင်း ကုမ္ပဏီက ညှိနှိုင်းဖို့ မြန်မာပြည်ကို ရောက်ရှိနေပါတယ်။
[caption id="attachment_17737" align="alignright" width="300" caption="ရင်းမြစ် - အီတာလျံ-ထိုင်းကုမ္ပဏီက တည်ဆောက်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဒီဇိုင်းပုံစံ"][/caption]
ထိုင်းနိုင်ငံ အီတာလျံထိုင်း ကုမ္ပဏီရုံးကို မေးမြန်းရာမှာ အုပ်ချုပ်ရေးဒါရိုက်တာ မစ္စတာ စုံကျက် မြန်မာပြည်ကို တာဝန်ရှိသူနဲ့ ညှိနှိုင်းဖို့ ဒီကနေ့ သွားရောက်နေတဲ့အတွက် အသေးစိတ် မပြောနိုင်ဘဲ တနင်္ဂနွေနေ့ ပြန်ရောက်မှသာ သိနိုင်မယ်လို့ ကုမ္ပဏီ ဆက်သွယ်ရေးအရာရှိ တဦးက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာအစိုးရရဲ့ ဒီကြေညာချက်ဟာ လောင်စာရဖို့ ညှိနှိုင်းကြရဖို့ ရှိတယ်လို့သာ အဓိပ္ပာယ်ရတယ်လို့ မစ္စတာစုံကျက်က မြန်မာပြည်မသွားခင်မှာ မီဒီယာတွေကို ပြောသွားပါတယ်။
တကယ်လို့ ကျောက်မီးသွေးကို သုံးခွင့်မရတော့ဘူးဆိုရင် စက်မှုဇုန်အတွက် မရှိမဖြစ် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အိန္ဒိယသမုဒ္ဒရာထဲက သဘာဝဓာတ်ငွေ့ကို အစားထိုးအသုံးချဖို့ စဉ်းစားထားတယ်လို့ အီတာလျံထိုင်း ထားဝယ်စီမံကိန်း အုပ်ချုပ်ရေးဒါရိုက်တာ မစ္စတာစုံကျက် သိနဖုန်းက မီဒီယာတွေကို ပြောပါတယ်။
သဘာဝဓာတ်ငွေ့ကို သုံးရင် ကျောက်မီးသွေး သုံးတာထက် အရင်းအနှီး ပိုမြင့်မှာ ဖြစ်တဲ့အတွက် ထွက်လာတဲ့ လျှပ်စစ်ဓါတ်အားဈေးနှုန်းလည်း မြင့်လာနိုင်တယ်လို့ သူက ဆိုထားပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတခုမှာ နယ်စပ်ဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အီတာလျံထိုင်းကုမ္ပဏီရဲ့ ၄၀၀၀ မဂ္ဂါဝပ် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းမယ်လို့ကြေညာခဲ့တာပါ။
လွန်ခဲ့တဲ့အပတ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဖွဲ့တွေက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဆန္ဒပြခဲ့ကြအပြီးမှာ ဒီထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာပါ။
အီတာလျံထိုင်း ကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ သင်္ဘောဆိပ်တွေ အဆောက်အဦတွေ ကားလမ်းတွေနဲ့ရထား လမ်းတွေကို တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာငွေ ၁၂.၅ ဘီလီယံ ထုတ်ချေးဖို့ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ကြိုတင် ရည်မှန်းထားခဲ့ပါတယ်။
ဒီလိုငွေထုတ်ချေးဖို့ ရှိနေချိန်မှာ သူတို့ရဲ့ ကျောက်မီးသွေးအပူဓာတ်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းကို မြန်အစိုးရက အသိမပေးဘဲ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။