အန်အယ်လ်ဒီအစိုးရလက်ထက် နိုင်ငံရေးပါတီများ အခန်းကဏ္ဍ – အယ်ဒီတာစကားဝိုင်း

အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ နိုင်ငံရေးပါတီ ၁၃ ခုက မြန်မာနိုင်ငံမှာ အထွေထွေ အကျပ်အတည်းဖြစ်နေတယ်၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်တယ်၊ တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲတွေ၊ ရန်ကုန်မြို့ပေါ်မှာ ဖောက်ခွဲမှုတွေ၊ ဆင်းရဲမွဲတေမှုတွေ ပိုများလာတာတွေဟာ အထွေထွေအကျပ်အတည်းလို့ ခေါ်ပြီးတော့ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်သင့်တယ်လို့ ရေးခဲ့ပါတယ်။ အဲဒါနဲ့ဆက်စပ်ပြီးတော့ လက်ရှိ ဒီချုပ်ဦးဆောင်တဲ့ အစိုးရဟာ ၉ လတော့ ရောက်လာပြီ။ ဒီထဲမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ၊ တချို့ကတော့ တော်တော်များများ ဝေဖန်ပါတယ်။ စစ်တပ်ကို ပြန်သွင်းတာလားလို့။ လောလောဆယ် နိုင်ငံရေးပါတီတချို့၊ အထူးသဖြင့် ကြံ့ခိုင်ရေးနဲ့ သူတို့နဲ့ပြေလည်တဲ့ မဟာမိတ်ပါတီတွေဟာ သူတို့ရဲ့ နိုင်ငံရေးလုပ်ကွက်ကို ဒီလိုလုပ်လာတာလား။ တကယ်ကိုပဲ တပ်ကို ပြန်ဆွဲထုတ်လာတာလားဆိုတာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းနဲ့ The Voice ဂျာနယ်က ဒု-အယ်ဒီတာချုပ် ဆရာဇေယျာသူတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ နည်းနည်းလေးတော့ ပျောက်ကွယ်သလို ဖြစ်နေတယ်။ တကယ်တမ်း ဘာဖြစ်သင့်တယ်၊ သူတို့ပြောတဲ့အတိုင်း မြန်မာပြည်ဟာ တကယ်ပဲ အကျပ်အတည်း ဖြစ်နေလား အဲဒါလေးကို ဒေါက်တာရန်မျိုးသိမ်း စပြီး ဆွေးနွေးပေးပါဦးခင်ဗျ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “ကျနော့်အမြင်ကတော့ လက်ရှိအခြေအနေမှာ စိန်ခေါ်မှုတွေရှိတယ်။ အခက်အခဲတွေ ရှိတယ်။ အကျပ်အတည်းတွေရှိတယ်။ ဒါပေမယ့် နိုင်ငံရေးပါတီ ၁၃ ခုက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါသလိုမျိုး အထွေထွေအကျပ်အတည်း (General Crisis) ကြုံတွေ့နေရတယ်ဆိုတဲ့ သုံးသပ်ချက်ကတော့ ကျနော့်အမြင်အားဖြင့် တကယ့် မြေပြင်မှာ ဖြစ်နေတဲ့ အနေအထားတွေနဲ့ ကင်းကွာလွန်းတယ်လို့ ကျနော်မြင်တယ်။ နည်းနည်းချဲ့ကားတဲ့သဘောဘက်ကို သက်ရောက်တယ်လို့ မြင်တယ်။ အဲဒီအတွက်ကြောင့် ကျနော်က ဘာစိုးရိမ်လဲဆိုတော့ ဥပမာ တိုင်းပြည်မှာ ပွဲကိုလှန့်ပြီးတော့ နိုင်ငံရေးအရ ဖျာခင်းဖို့လုပ်တဲ့ အစီအစဉ်လားလို့ ကျနော်ကတော့ နည်းနည်းစိုးရိမ်မိတယ်။ တကယ်တမ်းကတော့ ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အရပ်ဘက်ရဲ့ သြဇာလွှမ်းမိုးမှု၊ အရပ်ဘက်ရဲ့ အားသာမှုကို ကျနော်တို့က အမြဲတမ်း မျက်မှောက်ပြုဖို့ လိုအပ်တယ်လို့ မြင်တယ်။ လက်ရှိအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အာဏာရပါတီလည်းဖြစ်တယ်၊ လွှတ်တော်ထဲမှာလည်း အများစု အနိုင်ရထားတဲ့ပါတီလည်း ဖြစ်တဲ့အခါကျတော့ ကျနော့်အမြင်အားဖြင့် ပါတီအနေနဲ့ရော၊ အစိုးရအနေနဲ့ရော နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ကျနော်မြင်တယ်။ အရင်အစိုးရလက်ထက်မှာလည်းပဲ သမ္မတအနေနဲ့ နိုင်ငံရေးပါတီတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အလေ့အထရှိတယ်။ အဲဒီအခါကျတော့ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ဘာဖြစ်လို့ ဒါကို မလုပ်နိုင်တာလဲ။ အဲဒီလိုလုပ်ပြီးတော့ နိုင်ငံရေးပါတီတွေရဲ့အသံကို နားထောင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ကောင်းကောင်း ဆိုးဆိုး နားထောင်ပြီးတော့ လိုတာကို ယူသုံးနိုင်မယ်ဆိုရင် ကျနော်တို့တိုင်းပြည် အပြောင်းအလဲအတွက် အကျိုးရှိမယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဒေါက်တာရန်မျိုးသိမ်းကတော့ နိုင်ငံရေးပါတီတွေအပေါ် ဒီချုပ်အစိုးရအနေနဲ့ ပိုပြီးတော့ ဆက်ဆံသင့်တယ်။ အဲဒီတော့ ဆရာဇေယျာသူရော နိုင်ငံရေးပါတီတွေကို လက်ရှိ ဦးဆောင်နေတဲ့ အန်အယ်လ်ဒီ အစိုးရအနေနဲ့ ဘယ်လိုဆက်ဆံသင့်လဲ။ အဲဒါလေးကို ထပ်ပြီး ဖြည့်စွက်ဆွေးနွေးပေးပါဦးခင်ဗျ။” ဆရာဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) “ဒီမိုကရေစီ ဆိုတာကတော့ နိုင်ငံရေးပါတီတွေ ရှင်သန်မယ်။ တိုင်းပြည် ကောင်းစားရေးအတွက် အာဏာရအောင် ကြိုးစားမယ်။ အဲဒီအခါကျရင် တဖွဲ့က အာဏာရသွားမယ်၊ ဒါမှမဟုတ် သုံးလေးဖွဲ့က အာဏာရသွားရင် ကျန်တဲ့အဖွဲ့တွေက အတိုက်အခံပေါ့။ အတိုက်အခံ ဆိုတာကလည်း ဒီအစိုးရ လုပ်သမျှကို အတိုက်အခံလုပ်ဖို့တော့ မဟုတ်ဘူး။ လိုအပ်တဲ့ဟာတွေကို သူတို့က ထောက်ပြရမယ်။ ထောက်ပြတဲ့အခါကျရင် ဒါကို အစိုးရက တုံ့ပြန်ပြီးတဲ့အခါကျရင် ပိုကောင်းအောင် ကြိုးစားမယ်။ မလုပ်နိုင်ဘူးဆိုရင် နောက် ရွေးကောက်ပွဲကျရင် အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေ အာဏာရမယ်။ ဒီနည်းနဲ့ ကျနော်တို့က သွားကြတာပေါ့နော်။ သွားတဲ့အခါကျတော့ အဲဒီဟာကို တည်ထောင်ပေးဖို့က လက်ရှိအစိုးရမှာ တာဝန်ရှိတယ်။ အရင်ခေတ်ကဆို ဦးသိန်းစိန် အစိုးရမှာ တာဝန်ရှိတယ်ပေါ့နော်။ ဘာလဲဆိုတော့ ပါတီယဉ်ကျေးမှုပေါ့နော်။ တယောက်နဲ့တယောက်လည်း အပြန်အလှန် နားထောင်ဖို့ လိုအပ်တယ်။ ချတဲ့အခါကျရင်လည်း ချမှာပဲ။ နိုင်ငံခြားအစိုးရ ဖြစ်ရင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ် နိုင်ငံမှာ အခက်အခဲ အကျပ်အတည်း ရင်ဆိုင်ရတဲ့အခါ ဖြစ်ရင် ဖြစ်မယ်။ အဲဒီအခါကျရင် သူတို့က တိုင်းပြည်အကျိုးအတွက် အဓိကထား စဉ်းစားလေ့ရှိကြတယ်။ Bipartisan ပြန်ခေါ်တာပေါ့နော်။ အခုက ကျနော်တို့ဆီမှာက ပါတီယဉ်ကျေးမှု ပျောက်ခဲ့တာ တော်တော်ကြာပြီပေါ့နော်။ ဆိုရှယ်လစ်အစိုးရရော၊ ဒီဘက် တပ်မတော်အစိုးရလက်ထက်မှာရော ပျောက်ခဲ့တာဆိုတော့ ဒါကို ပြန်မွေးနေရတဲ့အခါရှိတယ်။ အဲဒီအခါကျတော့ အခုမှာ အင်န်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရ တက်နေတဲ့အချိန်မှာတော့ ဒီမိုကရေစီအစိုးရလည်း ဖြစ်တယ်၊ ဒီမိုကရေစီအရေးကိုလည်း နှစ် ၂၀၊ ၃၀ ပြောခဲ့တာဖြစ်တဲ့အတွက် အရင် ဦးသိန်းစိန်အစိုးရထက်တောင် ပိုပြီးတော့ ပါတီယဉ်ကျေးမှု၊ ခုနက ဆရာကိုရန်မျိုးသိမ်း ပြောခဲ့တဲ့ နိုင်ငံရေးပါတီတွေ အသံထွက်ခွင့်ပေါ့နော်။ အဲဒါတွေကို ပေးဖို့ကျတော့ လက်ရှိအစိုးရမှာ သူက ဒီမိုကရေစီအစိုးရဖြစ်တဲ့အတွက်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့တဲ့ အစိုးရ ဖြစ်တဲ့အတွက် ပိုပြီးတာဝန်ရှိတယ်လို့ မြင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျာ။ ကျနော်တို့ မြန်မာပြည်မှာ ပါတီစုံဒီမိုကရေစီစနစ် သေချာထွန်းကားဖို့ ပိုပြီးတော့လုပ်သင့်တယ်လို့ ပြောသွားတာပေါ့နော်။ နောက်ပြီးတော့လည်း ကာကွယ်ရေးနဲ့လုံခြုံရေး၊ အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့ထားတယ်။ သမ္မတ ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ် ပါတယ်၊ တခြား နယ်စပ်ရေးရာတို့၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတယ်။ အစိုးရသစ် လက်ထက်မှာတော့ ရခိုင်ကိစ္စနဲ့ တခါပဲ ခေါ်ဖူးပါသေးတယ်။ ၁၁ ယောက်စလုံး မပါခဲ့ပါဘူး။ အဲဒီတော့ ဒီလိုကိစ္စမျိုးတွေမှာ ကာလုံဆိုတာကို ဆွဲထည့်လာတာ နိုင်ငံရေးအရရော မှန်ရဲ့လား၊ တပ်မတော်ဘက်က ပြန်စဉ်းစားရင်ရော သူတို့ကိုယ်တိုင်ရော ပါချင်ရဲ့လား။ အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းဆွေးနွေးပေးပါဦး ဆရာရန်မျိုးသိမ်း ခင်ဗျ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “ကျနော်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကြည့်တဲ့အခါကျတော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းတာ ပါတယ်။ အထူးသဖြင့်တော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အရေးပေါ်အခြေအနေ ပြဋ္ဌာန်းတဲ့ အနေအထားမှာ သူ့ရဲ့အခန်းကဏ္ဍက ပိုပြီးအရေးကြီးတာ တွေ့ရတယ်။ နောက်ပြီးတော့ အဲဒီ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဘယ်သူက ခေါ်ယူရမလဲ၊ ဘယ်လို ခေါ်ယူရမလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ မပါဘူး။ ဒါပေမယ့် ကျနော့်ရဲ့အမြင်အားဖြင့်တော့ လက်ရှိအခြေအနေမှာ ဖြစ်နေတဲ့ အနေအထားတွေပေါ်မှာ အစိုးရရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသားအင်အားစုတွေရယ်ကြားမှာ ထိထိရောက်ရောက်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့က ပိုပြီးအရေးကြီးတယ်လို့ ကျနော်က မြင်တယ်။ ဥပမာ ကာလုံအစည်းအဝေးကို ခေါ်တယ်။ ကာလုံမှာ အဖွဲ့ဝင် ၁၁ ယောက် ပါတယ်။ ဒါပေမယ့် ၆ ယောက်က တပ်မတော်နဲ့ ဆက်စပ်နေတဲ့သူတွေ ဖြစ်တဲ့အတွက် ကာလုံအစည်းအဝေးမှာ မဲခွဲတိုင်း တပ်မတော်ဘက်ကပဲ အနိုင်ရမယ့်သဘောမျိုး ဖြစ်နေတယ်။ အဲဒီအခါကျတော့ နိုင်ငံရေးပါတီ ၁၃ ပါတီက တိုက်တွန်းသလိုမျိုး ကာလုံအစည်းအဝေး ကျင်းပလို့ရော ကျနော်တို့ လက်ရှိ ကြုံတွေ့နေရတဲ့ ရှမ်းမြောက်က တိုက်ပွဲတွေ ရပ်သွားမလား။ နောက် ရခိုင်မှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မလားလို့ မေးခွန်းထုတ်စရာရှိတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အဲဒီလိုပါပဲ ဦးသိန်းညွန့်ကလည်း ပြောပါတယ်။ လက်ရှိ တပ်မတော်မှာ အကန့်အသတ်တွေ ရှိတယ်။ အဲဒါကြောင့် ကာလုံကို ခေါ်ခိုင်းတယ်လို့ ပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ ဖြည့်စွက်ဆွေးနွေးချင်တာကတော့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကရော ဝင်ပြီး အခန်းကဏ္ဍတခုအနေနဲ့ ပါသင့်လား။ ကျနော်တို့ရဲ့ Constitution မှာက တပ်မတော်သည် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ ပါမယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ရော ဘာတွေဖြစ်လာနိုင်လဲ ဖြည့်စွက်ပြီး ဆွေးနွေးပေးပါဦး။” ဆရာဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) “ကျနော့်အမြင်ကတော့ ကာလုံက သေချာစနစ်တကျ ရေးတော့မထားဘူး။ သုံးလေးငါးပိုဒ်တော့ ကျနော်တို့ နေရာတော်တော်များများမှာ အခြေခံဥပဒေမှာ ပါတယ်။ ကျနော့်အမြင်ကတော့ ကျနော်တို့နိုင်ငံမှာ လိုအပ်တဲ့ အရပ်ဘက်-တပ်ဘက် ဆက်ဆံရေးပေါ့နော်။ အဲဒါလုပ်လို့ရအောင်လို့ ဒါကို သူက Loosely Frame ပေါ့နော်။ သူ့အတွက် ဥပဒေက ၂၀၁၃ တုန်းက တခါထုတ်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက မထွက်လာဘူးပေါ့နော်။ ကျနော့်အမြင်ကတော့ ဒါက ဆွေးနွေးလို့ကောင်းအောင်ပေါ့နော်၊ အရပ်ဘက်ကလူတွေ တက်လာမယ်။ အာဏာရမယ်။ တပ်ဘက်ကလူတွေကတော့ လက်ရှိ အမှုထမ်းနေတဲ့လူတွေ ဖြစ်လိမ့်မယ်။ အဲဒီအခါကျတော့ အရပ်ဘက်က ဆိုတာက Politician တွေပေါ့နော်၊ ကျနော်တို့ ကြည့်လိုက်တဲ့အခါကျတော့ ပါတီကနိုင်ပြီး သူကခန့်တဲ့လူ ဖြစ်တဲ့အတွက် Politician၊ ဒီဘက်မှာကျတော့ တပ်ကလူတွေက ဗျူရိုကရက်တွေ ဖြစ်တာကိုး။ အဲဒီလိုပုဂ္ဂိုလ်တွေ တွေ့ပြီး ဆွေးနွေးဆုံးဖြတ်လို့ရအောင် ထားထားတာလို့ ထင်တယ်။ ပြီးတော့ ကာလုံက မခေါ်ဘူး ဆိုပေမယ့်လည်း လွန်ခဲ့တဲ့ ၁ လလောက်က (ကျနော် မမှတ်မိတော့ဘူး) ကာလုံဆန်ဆန် အစည်းအဝေးတခု ခေါ်သွားတယ်။ ထူးခြားတာကတော့ အဲဒီထဲမှာ မပါတဲ့ ကာလုံထဲမှာ သေချာမရေးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရုံးဝန်ကြီး ပါလာတယ်။ အဲဒီတော့ ကာလုံကို ခေါ်ဖို့ ၁၃ ပါတီက ပြောတာကတော့ ကျနော့်အမြင်က သူတို့ပြောချင်တာက နိုင်ငံမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ General Crisis မဟုတ်ပေမယ့် ပြဿနာလေးတွေက စိပ်လာတဲ့အခါကျတော့ အဲဒါကို သူက အတိုက်အခံလုပ်တယ်ပေါ့နော်။ အတိုက်အခံဆိုတာက Opposition အနေနဲ့ သူ့အသံကြားအောင်လို့ ဒီလို ကြေညာချက်ထုတ်တယ်။ ကျနော်က အဲဒီလို မြင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “နောက်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီနိုင်ငံရေးတွေ ဆက်ဆံရေးပေါ့။ အရပ်ဘက်-အရပ်ဘက် ဆက်ဆံရေးပေါ့။ အထူးသဖြင့်တော့ အရင် အတိုက်အခံဘဝတုန်းက တိုင်းရင်းသားပါတီတွေနဲ့ တော်တော် ကျောချင်းကပ်ကြတယ်။ ဟိုးအရင်က စီအာရ်ပီပီ လှုပ်ရှားမှုဆို တိုင်းရင်းသားပါတီတွေ ပါကြတယ်။ အခုကျတော့ တိုင်းရင်းသားပါတီတွေနဲ့ပါ နည်းနည်းပြန်ဝေးသွားသလို ဖြစ်နေတာပေါ့နော်။ အဲဒီအပေါ်မှာရော မကြာခင်မှာ နေရာ ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲလည်း ရှိတယ်။ တချို့တွေ ပြင်တောင် ပြင်နေကြပြီ။ ကြံ့ခိုင်ရေးနဲ့ ဘေးရောက်တဲ့ တခြားပါတီတွေကတော့ တမျိုးပေါ့။ အန်အယ်လ်ဒီအစိုးရအနေနဲ့၊ အန်အယ်လ်ဒီပါတီအနေနဲ့ အရင်မဟာမိတ် အစိုးရမဖြစ်ခင်က သူတို့နဲ့ အရင်တချိန်လုံး ပေါင်းပြီးလုပ်လာတဲ့ တိုင်းရင်းသားပါတီတွေရော ရှေ့လျှောက် ဘယ်လို ဆက်ဆံသွားသင့်လဲ။ ဘာတွေလုပ်သင့်လဲ။ အဲဒါလေးရော ဖြည့်စွက်ဆွေးနွေးပေးပါဦး ခင်ဗျ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ပါတီရဲ့ မဟာမိတ်မူဝါဒကိုက ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ကျနော်ထင်တယ်။ တကယ်တမ်းက အတိုက်အခံဘဝ၊ တော်လှန်ရေးကာလတုန်းက အင်မတန်မှကောင်းတဲ့ မဟာမိတ်မူဝါဒနဲ့ အလုပ်လုပ်ခဲ့တာ တွေ့ရတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသားပါတီတွေပေါ့။ လက်ရှိအခြေအနေမှာကျတော့ ရွေးကောက်ပွဲမှာလည်း အနိုင်ရလာတယ်။ အာဏာရပါတီလည်း ဖြစ်လာတဲ့အခါကျတော့ ခုန ကျနော်ပြောသလိုပဲ နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အပိုင်းမှာလည်း အားနည်းလာတယ်။ အဲဒီအပြင်ကို နိုင်ငံရေးပါတီ အစုအဖွဲ့ထဲမှာ ကိုယ့်ပါတီနဲ့ မဟာမိတ်အဖြစ် တည်ဆောက်နိုင်မယ့် ပါတီတွေနဲ့ စုစည်းမှုအပိုင်း၊ ထိတွေ့မှုအပိုင်း၊ ဆွေးနွေးမှုအပိုင်းတွေမှာ အားနည်းလာတာ တွေ့ရတယ်။ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမြဲတမ်း ပြောတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သူက အမြဲတမ်းပြောတယ်။ ကျနော့်အမြင်ကတော့ ကျနော်တို့တိုင်းပြည်မှာ Reconciliation လို့ ပြောရင် အစိုးရနဲ့ တပ်မတော်နဲ့ Reconciliation ဖြစ်ရုံလောက် ကျနော်တို့ ပြောလို့မရဘူး။ အဲဒီတော့ အစိုးရနဲ့၊ တပ်မတော်နဲ့၊ တိုင်းရင်းသားတွေနဲ့ ပြည်သူလူထုတရပ်လုံး အားလုံး ပြန်ပြီးသင့်မြတ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီလို အမြော်အမြင်ရှိရှိနဲ့ ရှေ့ရေးကို မျှော်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးကို မူဝါဒတရပ်ချမှတ်ပြီး ပြင်ဆင်ဆောင်ရွက်သင့်တယ်လို့ ကျနော် ယူဆပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ပါခင်ဗျာ၊ ကျနော် ဆရာဇေယျာသူကိုလည်း ဒီမေးခွန်းပဲ မေးပါမယ်။ အရင်တုန်းက အတိုက်အခံဘဝမှာ တိုင်းရင်းသားတွေနဲ့ မဟာမိတ်လုပ်ခဲ့တယ်။ အဲဒီလိုပဲ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလိုမျိုးတွေက ၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက ဒုတိယအကြီးဆုံးပါ။ အန်အယ်လ်ဒီကိုပဲ မဲထည့်ဖို့ ဝိုင်းပြီးလုပ်ပေးခဲ့ကြတယ်။ အရင်တုန်းက ဒီမိုကရေစီနဲ့ပတ်သက်တဲ့ မဟာမိတ်ပါတီတွေ ရှိပါတယ်။ လောလောဆယ် သူတို့လည်း အပြင်ရောက်သလို ဖြစ်နေတယ်။ အဲဒါနဲ့ပတ်သက်လို့ရော အန်အယ်လ်ဒီပါတီအနေနဲ့ ဘာလုပ်ဖို့လိုလဲ။ ဆရာဇေယျာသူ ဖြည့်စွက်ပြီး ဆွေးနွေးပေးပါဦး ခင်ဗျ။” ဆရာဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) “အားလုံးကို ဦးဆောင်တဲ့ အစိုးရပေါ့နော်။ အန်အယ်လ်ဒီအစိုးရဆိုတာ သူ့ကို မဲထည့်ခဲ့တဲ့သူဖြစ်ဖြစ်၊ မဲမထည့်ခဲ့တဲ့သူပဲဖြစ်ဖြစ် အဲဒီအားလုံးရဲ့ အစိုးရအနေနဲ့ ဆောင်ရွက်ရမှာပေါ့။ ဆောင်ရွက်တဲ့နေရာမှာ ခုနကပြောသလို ပါတီတွေရဲ့ အသံပေါ့နော်။ အထူးသဖြင့်တော့ ကိုယ့်ကို စနစ်တကျနဲ့ ထောက်ပြပေးမှာမျိုး။ ဒါတွေက သုံးတတ်တယ်ဆိုရင် ဒါတွေက ကိုယ့်မူဝါဒ မှန်သလား၊ မှားသလားပေါ့။ ဥပမာ ပါတီတွင်းမှာဆိုရင် ပါတီခေါင်းဆောင်တွေကို အင်မတန် လေးစားမှုအရသော်လည်းကောင်း၊ ကြည်ညိုမှုအရသော်လည်းကောင်း၊ ဒါမှမဟုတ် ပါတီယဉ်ကျေးမှုအရသော်လည်းကောင်း မေးခွန်းမထုတ်ရဲတာတွေ ရှိလိမ့်မယ်။ တံခါးဖွင့်ပေါ့။ တံခါးဖွင့်ဆိုတာက ကျနော်တို့ အခု မီဒီယာမှာ ပြောတာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် လက်ခံနားထောင်။ သတင်းစာတွေ ဖတ်ဖို့လိုတယ်။ ဖေ့စ်ဘွတ်ခ်ကြည့်တာတွေလုပ်ဖို့ လိုတယ်ပေါ့နော်။ ပါတီတွေရဲ့အသံတွေကို ရွေးကောက်ခံရသည်ပဲ ဖြစ်စေ၊ ရွေးကောက်မခံရသည်ပဲ ဖြစ်စေ အလေးထားသင့်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေလည်း မဲမရ၊ အမတ်တနေရာ မရခဲ့သည့်တိုင်အောင် သူတို့ကို မဲထည့်ခဲ့တဲ့လူတွေ ရှိတယ်။ ဒီလူတွေက ကိုယ့်ပြည်သူတွေ ဖြစ်တဲ့အတွက် ကိုယ့်ပြည်သူတွေ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေပဲ။ မြို့နယ်တခုချင်းမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ မဲမရနိုင်တာကလွဲလို့ပေါ့နော်။ တချို့နေရာတွေမှာဆို Close ပေါ့။ ကပ်ကပ်ပြီး လွတ်သွားတာမျိုးတွေဆို ပိုတောင်မှ နားထောင်ဖို့လိုတယ်။ အဲဒါက တချက်ပေါ့။ နောက်တချက်က တံခါးပိတ်ပြီး ဆွေးနွေးလို့ရတယ်။ ဥပမာ ဒီပါတီထဲက လူတွေကို ဖိတ်လိုက်။ အခြားသူတွေကို အဝင်မခံဘဲနဲ့ ပွင့်ပွင့်လင်းလင်းပြော၊ ပြောချင်တာရှိပြော၊ ဝေဖန်လို့ရတယ်။ အဲဒါတွေကို နားထောင်ပြီးတဲ့အခါကျမှ ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်က ပိုပြီးတော့ ကောင်းသွားမယ်။ သူတို့ပြောတဲ့အတိုင်း လိုက်လုပ်ရမယ် ဆိုလိုတာ မဟုတ်ဘူး။ သူတို့အသံ နားထောင်ဖို့ပေါ့နော်။ အဲဒီနည်းအားဖြင့် ဒီပါတီတွေပေါ့နော်။ ဒီပါတီတွေဆိုတာလည်း ဒီမိုကရေစီစနစ်ကို ယုံကြည်လို့ ရွေးကောက်ပွဲဝင်ဖို့ ဖွဲ့ထားတဲ့ ပါတီတွေ ဖြစ်တဲ့အတွက် သူတို့အသံကို အဲဒီနည်းနဲ့ နှစ်ချက်ပေါ့နော်၊ တံခါးဖွင့်ရယ်၊ တံခါးပိတ်ရယ်၊ နားထောင်သင့်တယ်။ ကျနော်ကတော့ အဲဒီလို မြင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျာ။ ကျနော် နောက်ဆုံးအနေနဲ့ ဆရာရန်မျိုးသိမ်းကိုပဲ မေးပါမယ်။ အစောတုန်းက ရင်ကြားစေ့ရေးအကြောင်း ပြောသွားလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်က ရင်ကြားစေ့ရေးဆိုတဲ့ ပေါ်လစီနဲ့ တကယ်နိုင်လာတာတောင်မှ တခြားလူတွေကို နေရာပေးခဲ့တယ်။ အထူးသဖြင့်တော့ အရင် လွှတ်တော်ထဲမှာရော၊ လွှတ်တော်ဒု-ဥက္ကဋ္ဌဆိုရင် တခြားပါတီက ပေးထားတာ ရှိပါတယ်။ အဲဒီလိုပဲ တပ်မတော်နဲ့လည်း အတတ်နိုင်ဆုံး ပြေလည်အောင် ပြောတယ်ပေါ့နော်။ အဲဒီတော့ နိုင်ငံရေးပါတီတွေနဲ့ရော ရင်ကြားစေ့အောင် ဘာလုပ်ဖို့လိုလဲ။ အဲဒါလေး နောက်ဆုံး ဖြည့်စွက်ဆွေးနွေးပေးပါဦး။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုနကပြောသလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ထက်ကို ပိုပြီးတော့ မြန်မာ့နိုင်ငံရေးမှာ မြင့်မြင့်မားမား စဉ်းစားသင့်တယ်လို့ မြင်တယ်။ ဆိုလိုချင်တဲ့သဘောက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေအားလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည်က ထိတွေ့ဆက်ဆံဖို့ လိုတယ်။ ဆွေးနွေး စကားပြောဖို့ လိုတယ်။ သူတို့ရဲ့အသံကို နားထောင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ သူ အချိန်မပေးနိုင်ရင်တောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ခေါင်းဆောင်တွေက နိုင်ငံရေးပါတီတွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့ပြီးတော့ အသံကို နားထောင်နိုင်မယ်ဆိုရင် ကျနော့်အမြင်အားဖြင့်တော့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ဒါတွေကို အလျှင်အမြန် ပြင်ဆင်နိုင်ပြီးတော့၊ ပိုပြီးအားကောင်းတဲ့ စိန်ခေါ်မှုတွေကို လျှော့ချနိုင်တဲ့ဘက်ကို ဦးတည်နိုင်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up