သတင်းအချက်အလက် တောင်းယူသိရှိပိုင်ခွင့်ဥပဒေ လိုနေပြီလား – အယ်ဒီတာစကားဝိုင်း

ဒီတပတ် ဆွေနွေးမယ့် အကြောင်းအရာကတော့ RTI – Rights to Information ဆိုတဲ့ သတင်းအချက်အလက် တောင်းယူသိရှိနိုင်ခွင့်ဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၁၂ နိုင်ငံမှာ ရှိခဲ့ပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ အပြောင်းအလဲမှာ ဒီဥပဒေတရပ် လိုလာပြီလား။ အထူးသဖြင့်တော့ ဒီဥပဒေသည် သတင်းထောက်တွေသာမက စီအက်စ်အိုလို့ခေါ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ရိုးရိုးသာမန် ပြည်သူပြည်သားတယောက်ကလည်း မဏ္ဍိုင်ကြီး ၃ ရပ်ရဲ့သတင်းကို သိရှိခွင့်ကို သက်ဆိုင်တဲ့သူတွေက ထုတ်ပေးရတဲ့ ဥပဒေတရပ် ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆွေးနွေးမယ့်သူတွေကတော့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းက အထွေထွေအတွင်းရေးမှူး ဦးကျော်စွာမင်း (ခ) Dမင်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကျော်မင်းဆွေကနေ စမေးပါတယ်။ မြန်မာပြည်လို အခြေအနေမှာ အခုလိုမျိုး သတင်းအချက်အလက် တောင်းယူပိုင်ခွင့်ဥပဒေတခု လိုနေပြီလား။ နောက်တခု ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရနဲ့ရော ဒီဟာက ကျနော်တို့တိုင်းပြည်အတွက် ဘာတွေ အကျိုးအမြတ်ရနိုင်လဲဆိုတာ စပြီး ဆွေးနွေးပေးပါ ဆရာ။" ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်၊ The Voice) “ကျနော့်အမြင်ကတော့ လိုနေတာ ကြာပြီပေါ့နော်။ ဦးသိန်းစိန် လက်ထက်ကတည်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်တယ်။ နောက် Public ကို ရည်ရွယ်ပြီးလုပ်တဲ့ ကိစ္စတွေပေါ့။ အထူးသဖြင့်တော့ ပြည်သူလူထုရဲ့ အခွင့်အရေးပေါ့။ ပြည်သူလူထု အခွင့်အရေးကို အခြေခံပြီးလုပ်တဲ့အတွက် ဒီဥပဒေက လိုကိုလိုတယ်။ ပြည်သူလူထုဟာ အစိုးရ အပါအဝင် အာဏာ ၃ ရပ် ဘာလုပ်နေလဲဆိုတာ ပြည်သူလူထုက သိပိုင်ခွင့်ရှိတယ်။ နောက်တခါ သူတို့အတွက်သုံးတဲ့ ဘတ်ဂျက်တွေ ဘယ်နေရာမှာသုံးလဲ အစရှိသဖြင့်ပေါ့နော်။ သူတို့ သိချင်တဲ့အရာမှန်သမျှ နိုင်ငံတော်လျှို့ဝှက်ချက်ကိစ္စတွေမှ တပါးပေါ့နော်။ အန္တရာယ်ရှိတဲ့ ကိစ္စတွေမှတပါး သူတို့ သိခွင့်ရှိတယ်။ သိခွင့်ရှိတဲ့ ပြည်သူလူထုအတွက်လုပ်တဲ့ ဥပဒေဆိုတာ အင်မတန် ဆီလျော်မှန်ကန်ပါတယ်။ လိုလည်း လိုအပ်ပါတယ်။ ဒီအတွက်လည်း အကျိုးများပါတယ်။ သက်ဆိုင်ရာဒေသတွေမှာ ပြည်သူလူထုအနေနဲ့က အရင်ကတည်းက တိုင်းပြည်မှာရှိခဲ့တဲ့ စနစ်ဆိုးနဲ့အတူတူ တွယ်ကပ်လာပြီးတော့ မွေးဖွားလာတဲ့ အကျင့်ပျက် ခြစားမှုက ဒီ Right to Information Law ရှိလာတာနဲ့အမျှ ပွင့်လင်းမြင်သာမှုရှိလာရင် ဒါကို လျော့သွားမှာ သေချာတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ကျနော် ဆရာDမင်းလည်း ဒီမေးခွန်းပဲ မေးပါမယ်။ သတင်းအချက်အလက် ကောက်ယူရရှိပိုင်ခွင့်ဥပဒေပေါ့နော်။ ဒီဟာက သတင်းထောက်တွေထက် ဘောင်ကျော်ပြီးတော့ Civil Society တွေ၊ ရိုးရိုးသာမန်ပြည်သူတွေပါ တာဝန်ရှိတယ်။ အထူးသဖြင့်တော့  တိုင်းပြည်တွေမှာ ခြစားမှုကို ဟန့်တားနိုင်ဖို့ ဆိုပြီးတော့ လုပ်တာပေါ့နော်။ မြန်မာပြည်မှာရော လိုအပ်နေပြီလား။ ဒီဟာရဲ့ အသုံးဝင်ပုံ၊ အကျိုးရှိပုံ အဲဒါလေးကို ဖြည့်စွက် ဆွေးနွေးပေးပါဦး။" ဦးကျော်စွာမင်း (ခ) Dမင်း (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း) “ကျနော်တို့ RTI ပြောမယ်ဆိုရင် RTI ရဲ့ ရည်ရွယ်ချက်ပေါ့နော်။ RTI ရဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီနဲ့ RTI ဆိုတာ ခွဲခြားလို့ မရဘူးပေါ့နော်။ ဒီမိုကရေစီနိုင်ငံတနိုင်ငံ စစ်ကြောင်း ပြမယ်ဆိုရင် RTI ရှိမှ ပြလို့ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတနိုင်ငံမှာ ပွင့်လင်းမြင်သာမှုက အရမ်းအရေးကြီးတယ်။ နောက်တခါ Corruption ပေါ့နော်။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်တဲ့နေရာမှာ RTI Law က အဓိက အခရာ ဖြစ်တယ်။ ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေကို ကြည့်မယ်ဆိုရင် လာအိုကလွဲလို့ပေါ့နော်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်ရော၊ ထိုင်းရောက RTI နိုင်ငံတွေ ဖြစ်ကုန်ပြီ။ စောစောက ကိုတိုးဇော်လတ် ပြောသလို ၁၉၉၇ မှာ ထိုင်းက ဖြစ်နေပြီ။ အဓိက အဲဒီမှာ ထူးဆန်းတာက တရုတ်နိုင်ငံ။ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ Anti-Corruption ပေါ့၊ Corruption ကို တိုက်ဖျက်ဖို့ သူက RTI ကို လုပ်တာ။ ဒါကြောင့်မို့ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီစံနှုန်းနဲ့ ပြည့်ပြည့်ဝဝ အရပ်သားအစိုးရ ဖြစ်တဲ့အခါမှာ ဒီ RTI ဟာ မရှိမဖြစ် လိုအပ်လာပြီ။ ဒီဟာဖြစ်ပြီဆိုရင် ကျနော်တို့က Win-Win ပါ။ Win-Win ပါဆိုတာက အစိုးရအနေနဲ့ ဘယ်လောက်အထိ ပွင့်လင်းတယ်၊ ဘယ်လောက်အထိ ခြစားမှုတွေကင်းတယ် ဆိုတာကို ဒါလည်း ထုတ်ပြနိုင်တယ်။ ပြည်သူလူထုကလည်း ဘာဖြစ်ချင်တယ်၊ ဘာတွေသိနေပြီလဲဆိုတဲ့၊ ဘာတွေသိချင်တယ်ဆိုတာကိုလည်း ဒီဥပဒေက တောင်းဆိုပိုင်ခွင့်တွေ ရလာတော့မှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အစိုးရရော၊ ပြည်သူရော၊ နောက် သတင်းမီဒီယာကအစ အင်မတန်မှ  အရေးကြီးပါတယ်။ စောစောတုန်းက ကိုကျော်မင်းဆွေ ပြောသလို နောက်တောင်ကျနေပါပြီ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အဲဒီတော့ ကျနော်တို့ အာဆီယံဒေသတွင်းမှာဆိုရင်လည်း အိမ်နီးချင်း ထိုင်း ရှိတယ်။ အင်ဒိုနီးရှားလည်း တော်တော်ကြာကြာကတည်းက ရှိတယ်။ အခု မကြာခင် ဒေသတွင်းက ဖိလစ်ပိုင်ပါ ထိုးထားတယ်ပေါ့နော်။ မြန်မာကတော့ မရှိသေးပါဘူး။ နောက်တခုက ကျနော်တို့ သိချင်တာက RTI မှာ ဘယ်သူက ဦးဆောင်ပြီး လုပ်ပေးလဲ။ ဥပဒေကတော့ သေချာတယ်။ ပါလီမန်က လုပ်မယ်။ တချို့နိုင်ငံတွေမှာ ကော်မရှင်နဲ့ လုပ်တယ်။ တချို့နိုင်ငံတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနက ကိုင်တယ်။ တချို့နိုင်ငံတွေမှာ ဝန်ကြီးဌာန Spoke Person တွေက ကိုင်တယ်ပေါ့။ မြန်မာပြည်လို အခင်းအကျင်းမှာရော ဘယ်သူက တာဝန်ခံပြီးတော့ ဒါကို ဖော်ဆောင်ပေးလဲ။ အထူးသဖြင့်တော့ Question အထွက်ဆုံးက Independent Body ပေါ့နော်။ အရင် ပြန်ကြားရေးက Draft ဆွဲခဲ့တယ်။ အဲဒါကို မပါလို့ဆိုပြီး ရုပ်သိမ်းသွားတယ်။ အဲဒါနဲ့ပတ်သက်လို့ ကိုကျော်မင်းဆွေရဲ့ အမြင်ကို သိပါရစေ။ ဒီကော်မရှင်တခုကို ဘယ်လိုမျိုးများ ဖွဲ့သင့်ပါလဲဆိုတာ ပြောပေးပါဦး ခင်ဗျ။” ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်၊ The Voice) “ကျနော်ကတော့ ဝန်ကြီးဌာနတွေက ကိုင်တွယ်တာမျိုးက မသင့်တော်ဘူးလို့ ထင်တယ်။ နှစ်ပေါင်းများစွာ ပြည်သူလူထုနဲ့ ဝန်ကြီးဌာနတွေကြားမှာ ရှိတဲ့၊ အထူးသဖြင့်တော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မီဒီယာတွေကြားမှာရှိတဲ့ Trust ပေါ့နော်။ အဲဒါက ပျောက်နေတယ်။ အဲဒီတော့ ဝန်ကြီးဌာနတခုခုက ကိုင်တွယ်ဆောင်ရွက်တဲ့ ကိစ္စမှန်သမျှ ပြည်သူလူထုနဲ့ သက်ဆိုင်ရာနယ်ပယ်က သံသယရှိတယ်။ ဒီသံသယအကျိုးကို  သက်ဆိုင်ရာ ဝန်ကြီးဌာနက ခံစားရမှာ။ အဲဒီအတွက် ကျနော်ကတော့ Independent ဖြစ်တဲ့၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ သွားရတာပေါ့နော်။ Independent ဖြစ်တဲ့ Body တခု လိုတယ်။ ကော်မရှင် သို့မဟုတ် Something ပေါ့။ လိုအပ်တဲ့ သက်ဆိုင်ရာနယ်ပယ်ကလူတွေ ပါသင့်တယ်။ အထူးသဖြင့်တော့ မီဒီယာနယ်ပယ်က လူတွေပေါ့နော်။ ဒီလူတွေ စုစည်းပြီးတော့ လွတ်လပ်တဲ့၊ Independent ဖြစ်တဲ့ Body ဖြစ်မှသာလျှင် ဒီ Law အပေါ်မှာရှိတဲ့ နှစ်ဘက် အပြန်အလှန် Trust ရှိမယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဝန်ကြီးဌာန မပါဘူး မဟုတ်ဘူး။ ဝန်ကြီးဌာနလည်း ပါဖို့ပေါ့နော်။ ဝန်ကြီးဌာနကလူလည်း ထိုက်သင့်တဲ့ Ratio ပါမယ်။ ပြည်သူလူထုနဲ့ သက်ဆိုင်ရာနယ်ပယ်အလိုက် ပါသင့်ပါထိုက်တဲ့လူတွေ ပါတဲ့ Independent Body လိုအပ်တယ်လို့ ကျနော်ကတော့ ယူဆတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာDမင်းလည်း ဒီမေးခွန်းပဲ မေးပါမယ်။ ဒီ RTI သည် အစိုးရဌာနတင်မက စီးပွားရေးလုပ်ငန်းတွေရဲ့၊ ဥပမာ ဖားကန့်မှာ ကုမ္ပဏီဘယ်လောက်၊ ဘာတွေတူးနေလဲ သိခွင့်ပါ ပါလာတယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ တကယ်တမ်း ရပိုင်ခွင့် ကော်မတီပဲ ပြောပြော၊ တချို့နိုင်ငံတွေမှာ ကော်မရှင် ပြောတယ်၊ တချို့နိုင်ငံတွေမှာ ဝန်ကြီးဌာနနဲ့ သွားတယ်။ မြန်မာပြည်မှာလည်း သင့်တော်မယ့် ဘယ်လိုပုံစံမျိုးများ ရှိလဲ ဖြည့်စွက်ဆွေးနွေပေးပါဦး။” ဦးကျော်စွာမင်း (ခ) Dမင်း (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း) “ဟုတ်ကဲ့။ ကိုတိုးဇော်လတ်က စီးပွားရေးဘက်ကို သိချင်တာပေါ့နော်။ စီးပွားရေးဘက်ကလည်း အရင်အစိုးရလက်ထက်နဲ့စာရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိလာတဲ့အခါမှာ ဒီလမ်းကြောင်းကို ပိုပြီးချပြောဖို့ လိုတာပေါ့နော်။ တိုနီမက်တယ်ပေါ့နော်။ သူက တကယ် နိုင်ငံတကာမှာ အတွေ့အကြုံရှိတဲ့လူပါ။ သူက ပြောတဲ့အခါမှာ နောက်ဆုံးပြောတာ တင်ဒါပေါ့နော်။ တင်ဒါမှာ ပွင့်လင်းမြင်သာမှု ရှိတဲ့အခါမှာ စီးပွားရေးသမားတယောက်က သူ ဘာကြောင့် ကျရှုံးတယ်။ ကျရှုံးသွားပြီဆိုရင် နောက်တခါ ပြိုင်ခွင့်၊ ငါ ဒီတခေါက်တော့ ကျသွားပြီ၊ နောက်တခေါက်ကျရင် ငါ ဘယ်လိုမျိုး ပြိုင်နိုင်မလဲ ဆိုတဲ့အခါမှာ သူ့အနေနဲ့ နောက်ထပ် တင်ဒါမှာ အောင်မြင်နိုင်အောင်ဆိုပြီးတော့ စီးပွားရေးသမားတွေ ကြိုးစားမှုကို ပိုပြီးတော့ ရုပ်လုံးပိုပေါ်လာစေတယ်ပေါ့နော်။ သူ့အတွက်လည်း အကျိုးရှိတာပေါ့။ စီးပွားရေးဘက်မှာ နောက်ပိုင်းမှာဆို ပိုလာတော့မယ်။ FDI တွေ ဝင်လာမယ်။ တင်ဒါတွေဆိုလည်း အခုဆို အများကြီး ခေါ်နေတာ။ ဒါပေမယ့် ခေါ်တာပဲရှိတယ်။ ဘယ်သူတွေက ဘယ်လောက်နဲ့ရသွားတယ် ဆိုတာကို မသိရှိကြဘူး။ ဒါကြောင့်မို့လို့ RTI Law လာပြီဆိုရင်တော့ ကျနော်တို့က ဒီစီးပွားရေးမှာ ဘယ်သူကတော့ ရတယ်။ ဘယ်လောက်နဲ့ ရသွားပြီ။ ဘယ်သူကတော့ မရဘူး။ ဘယ်သူကတော့ ဘယ်လောက်အနိမ့်ဆုံးနဲ့ ရသွားတယ်ဆိုတာ ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိတယ်။ ဒါကြောင့်မို့လို့လည်း စီးပွားရေးတိုးတက်မှု အခွင့်အလမ်းကို ဒါက တနည်းတလမ်းနဲ့ ဖန်တီးပေးမယ်လို့ ကျနော်ကတော့ ထင်တယ်ခင်ဗျ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဆရာတို့အကုန်လုံးကလည်း သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေတာပေါ့နော်။ မြန်မာပြည်မှာ သတင်းရယူပိုင်ခွင့်နဲ့ပတ်သက်လို့ တော်တော်လေးကို အငြင်းပွားဖွယ်ရာတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ တခြားဥပဒေတွေလည်း ရှိတာကိုး။ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေတို့၊ ဝန်ထမ်းဥပဒေတို့။ တကယ်လို့များ RTI ရှိလာရင် ဒီဟာတွေကိုရော ကျနော်တို့ ဘယ်လိုကျော်လွှားနိုင်မလဲ။ သတင်းထုတ်ပေးရတဲ့ ဝန်ထမ်းတွေအတွက်ရော ဘာတွေများ အထောက်အကူပြုလဲ။ အဲဒါလေး ဆရာကျော်မင်းဆွေ ဖြည့်စွက်ပြီးတော့ ဆွေးနွေးပါဦးခင်ဗျ။” ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်၊ The Voice) “ဒီကိစ္စကတော့ ကျနော်တို့တိုင်းပြည်က အားသာချက် ရှိတာပေါ့နော်။ အားသာချက်ဆိုတာက နောက်ကလိုက်ရတဲ့အတွက်။ တခြားနိုင်ငံတွေက ရှေ့မှာ RTI နဲ့ပတ်သက်လို့ အတွေ့အကြုံတွေ၊ အဆိုး အကောင်းတွေ အများကြီး ရှိခဲ့တယ်။ ရှိခဲ့တဲ့အခါကျတော့ ကျနော်တို့ရဲ့ အားနည်းချက်ကတော့ အရင်တုန်းက မရှိခဲ့တာပေါ့ဗျာ။ အားသာချက်ကတော့ ရှေ့ကလူတွေရဲ့ အဆိုး အကောင်းကို သင်ခန်းစာယူနိုင်တယ်။ ကျနော်တို့ ပိုကောင်းအောင် လုပ်နိုင်တယ်။ အဲဒီတော့ RTI Law ရှိလာတဲ့အတွက် အဓိကကတော့ သတင်းမီဒီယာတွေကိစ္စပေါ့နော်။ သတင်းမီဒီယာတွေမှာ နဂိုက သတင်းမီဒီယာဥပဒေ ရှိတယ်။ ဒါပေမယ့် သတင်းမီဒီယာဥပဒေမှာလည်း သတင်းရယူခွင့်နဲ့ပတ်သက်လို့ ထည့်ထားတယ် ဆိုပေမယ့်လည်း လုံလောက်မှု မရှိဘူး။ လုံလောက်မှုမရှိတဲ့အပြင် အဲဒီအချိန်တုန်းက ကြံ့ခိုင်ရေးပါတီအများစု ကြီးစိုးတဲ့ လွှတ်တော်နဲ့ ကျနော်တို့က ဆွဲခဲ့ရတဲ့အခါကျတော့ ဒီသဘောသဘာဝကို နားမလည်တဲ့အတွက် တော်တော်လေး အချေအတင် လုပ်ခဲ့ရတယ်။ ကျနော်တို့ ကောင်စီမှာ ဥပဒေဆွဲတဲ့အခါကျတော့ သတင်းရယူခွင့်နဲ့ပတ်သက်လို့ တော်တော်လေး ခက်ခဲခဲ့တယ်။ နှစ်ဘက်မျှတအောင် ကျနော်တို့ တော်တော်လေး ကြိုးစားရတယ်။ သို့သော် ဒီအချိန်အထိ ကျေနပ်မှုမရှိဘူး။ ဒါက ကျနော်တို့ သတင်းမီဒီယာတွေဘက်က သတင်းရယူခွင့်။ တဘက်မှာလည်း ဒီသတင်းရယူခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ အစရှိသဖြင့် ဒီဟာတွေကလည်း အဟန့်အတား ဖြစ်တယ်။ အထူးသဖြင့်တော့ အုပ်ချုပ်ရေးယန္တရားမှာ သတင်းရယူခွင့်နဲ့ပတ်သက်တဲ့ကိစ္စကို ကျေကျေလည်လည် နားလည်သဘောပေါက်မှု မရှိဘူး။ အဲဒီတော့ ရှင်းရှင်းပြောရရင် မီဒီယာကို Media Person အနေနဲ့ပဲ ကြည့်နေတာကိုး။ မီဒီယာဆိုတာ ပြည်သူလူထုရဲ့ သိပိုင်ခွင့် Right to Know ဆိုတဲ့ ပြည်သူလူထုရဲ့ အခြေခံ၊ ဒီမိုကရေစီနိုင်ငံတွေရဲ့ အခြေခံသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနေတဲ့ ကြားခံ မက်ဆင်ဂျာဆိုတာ နားမလည်တဲ့အတွက်၊၊ နားလည်မှုလွဲတဲ့အတွက် သူတို့ဘက်ကလည်း အဆီးအတား အပိတ်အဆို့တွေ စနစ်အရ ရှိတဲ့အတွက် ဒီကိစ္စက လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရတာပေါ့နော်။ Right to Information Law ပေါ်လာမယ်ဆိုရင်တော့ အဲဒီဟာတွေ ကျော်ဖြတ်သွားနိုင်တယ်။ အဲဒီမှာ တဘက်မှာ ဘာဖြစ်သွားနိုင်လဲဆိုတော့ တောင်းဆိုတဲ့သူဘက်ကတော့ ပြဿနာ သိပ်မရှိနိုင်ဘူး။ ဖြည့်ဆည်းပေးရမယ့်အပိုင်း၊ အုပ်ချုပ်ရေး တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒီဟာကို ကျေလည်ဖို့ လိုတယ်။ ဒီကိစ္စကို ကျနော်ကတော့ နည်းနည်းလေး စဉ်းစားစရာအပိုင်းက အဲဒီဘက်လို့ ကျနော် ထင်တယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ကျနော် ဆရာDမင်းလည်း ဒီကိစ္စပဲ မေးပါမယ်။ အထူးသဖြင့်တော့ သတင်းရယူမှုအရေးပေါ့နော်။ သတင်း Access to Information ပေါ့။ အဲဒါနဲ့ပတ်သက်လို့ မြန်မာပြည်မှာ တခြားဥပဒေတွေအရ ကန့်သတ်ထားတာလည်း အများကြီးပဲ။ အထူးသဖြင့်တော့ ဒီဟာတွေကို ပေးဖို့ တာဝန်ရှိတဲ့ ဝန်ထမ်းတွေအတွက် ဒီဥပဒေက ဘာတွေများ အထောက်အကူပြုနိုင်လဲ။ အဲဒီလိုပဲ ဒီလိုသတင်းအချက်အလက်တွေ ရယူပြီးတော့ လှုပ်ရှားမှုတွေ ဆောင်ရွက်မယ့် သတင်းသမားတွေရော၊ NGOs တွေရော၊ ဒီ Civil Society အတွက်ကို ဘာတွေများ အကျိုးရှိနိုင်လဲ။ အဲဒါလေး ဖြည့်စွက်ဆွေးနွေးပေးပါ ခင်ဗျာ။” ဦးကျော်စွာမင်း (ခ) Dမင်း (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း) “ဟုတ်ကဲ့ခင်ဗျ။ ကျနော် တခုလေးပဲ ပြောချင်ပါတယ်။ RTI နဲ့ Access to Information။ Access to Information နဲ့ Right to Information နည်းနည်းလေး ကွဲတာလေး။ ရောသွားမှာစိုးလို့ပါ။ Access to Information ကျတော့ သတင်းမီဒီယာသမားတွေနဲ့ ဆိုင်ပါတယ်။ ကျနော်တို့ သတင်းမီဒီယာဥပဒေ အခန်း-၂၊ အပိုဒ်-၆ မှာတော့ သတင်းတောင်းပိုင်ခွင့်ကို ပြထားတယ်။ နည်းဥပဒေ အပိုဒ်-၃၀၊ ၃၁ မှာလည်း ကျနော်တို့ ဘယ်လိုအချက်အလက်တွေနဲ့ တောင်းနိုင်တယ်။ တောင်းရင်လည်း ဘယ်လို ပြန်ပေးရမယ်။ ၁၅ ရက်အတွင်းမှာ အကြောင်းပြန်ရမယ် ဆိုတဲ့ အချက်အလက် ပါတယ်ပေါ့။ ဒါက သတင်းမီဒီယာဥပဒေမှာ ပါထားတဲ့ Information ပေါ့နော်။ ဥပဒေတခုမှာက အားကောင်းဖို့ လိုတယ်။ ဥပဒေ ပြဋ္ဌာန်းပြီးတော့ ဥပဒေမှာ အားမကောင်းဘူးဆိုရင် ဒီဥပဒေနဲ့ ဘာမှ ဆောင်ရွက်လို့ မရဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ Right to Information ဥပဒေ ပါလာပြီဆိုရင် အဲဒီဥပဒေမှာ ကျနော်တို့က အားကောင်းဖို့ လိုတယ်။ ပြန်ပြောမယ်ဆိုရင် ကျနော်တို့က Access to Information ရှိတယ်။ ဒါပေမယ့် ဥပဒေမှာ ပြဋ္ဌာန်းထားပြီးတော့ တကယ်တောင်းယူလိုက်တော့၊ ဥပဒေက အားမကောင်းတော့ သတင်းအချက်အလက်ကို တကယ်တမ်း လုပ်ပိုင်ခွင့်မရဘူး။ ခုနက ကိုကျော်မင်းဆွေ ပြောသွားတဲ့အခါမှာ မှန်ပါတယ်။ တချို့ နေပြည်တော်မှာ ဖိုရမ်လုပ်ကြတဲ့အခါမှာ ဝန်ကြီးဌာနတွေက Spoke Person တွေက သူတို့ကတော့ ခုနကဥပဒေကို ဖမ်းတယ်။ လျှို့ဝှက်ဥပဒေအရ ထားထားတယ်။ Access to Information ကလည်း ပေးထားတယ်။ ဒါတွေကို သူတို့ ပြောချင်တယ်။ ဒါပေမယ့် တဘက်မှာလည်း ဒီဥပဒေက ရှိတယ်။ သူတို့အနေနဲ့ကလည်း ပွင့်ပွင့်လင်းလင်းပြောရင် ဒုက္ခရောက်သွားမှာ ကြောက်တယ်။ အဲဒီမှာ အရမ်းထူးဆန်းတာတခု Result လေးထွက်လာတာ ဘာလဲဆိုတော့ သူတို့ ပြောမယ်၊ ပြောပြီးရင် သူတို့ကို ပြန်လည်ကာကွယ်ပေးမယ့် ဥပဒေတခုလောက် သူတို့ ပြဋ္ဌာန်းချင်ပါတယ်တဲ့။ အဲဒီမှာ ကျနော်တို့က ပြောချင်တယ်ပေါ့။ ခုနက ပြန်ပြောမယ်ဆိုရင်တော့ RTI ရော၊ Access to Information ရော ပေါ်လာပြီဆိုရင်တော့ ကျနော်တို့ သတင်းမီဒီယာရော၊ ပြည်သူရော၊ အစိုးရရော အားလုံးက win-win တွေပါပဲ။ ဒါကြောင့် ဒါကို ပေါ်လာပေးဖို့ ကျနော်တို့က အားကြိုးထုတ်ဖို့ လိုတယ်ခင်ဗျ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ နောက်တခုကတော့ ဒီဥပဒေနဲ့ပတ်သက်လို့ အိမ်နီးချင်းတိုင်းပြည်တွေရဲ့ အတွေ့အကြုံအရ တော်တော်များများ ဝေဖန်တာက ကန့်သတ်မှု။ သူကတော့ နိုင်ငံတိုင်းမှာတော့ နိုင်ငံတော်ရဲ့လျှို့ဝှက်ချက် ရှိမယ်။ ကန့်သတ်တဲ့အပိုင်းမှာ တော်တော်များတယ်လို့ ပြောကြတယ်။ ထိုင်းမှာဆိုလည်း ဘုရင်နဲ့ ပတ်သက်တာတွေ ရှိတယ်။ အင်ဒိုနီးရှားမှာလည်း တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်တယ်ပေါ့။ မြန်မာပြည်လို အခြေအနေမှာရော ဘယ်လိုအခြေအနေကိုတော့ ကန့်သတ်တယ်၊ ကန့်သတ်တဲ့ အင်ဖော်မေးရှင်း၊ Public အင်ဖော်မေးရှင်း၊ အများနဲ့ဆိုင်တဲ့ဟာကိုကျတော့ အဲဒါကို သတင်းလုပ်ကိုင်လာတဲ့အတွက်ပေါ့နော်။ အထူးသဖြင့်တော့ ဘယ်လိုဟာကိုတော့ ကန့်သတ်တယ်၊ ဘယ်လိုဟာကိုတော့ ခွင့်ပြုသင့်တယ်ဆိုတာ အဲဒါလေး ဖြည့်စွက်ပြီး ဆွေးနွေးပေးပါဦး ခင်ဗျ။” ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်၊ The Voice) “ဒါကတော့ ဥပဒေမှာ တိတိကျကျ Definition ဖွင့်ဖို့ လိုအပ်တဲ့အချက်ပေါ့နော်။ ကိုတိုးဇော်လတ် ပြောတာ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေပေါ် မူတည်ပြီးတော့ Right to Information တော့ ပေးကားပေး၏၊ မရ ဆိုတာမျိုးပေါ့နော်။ ပြည်သူလူထုက ဒီဘက်က သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှု များရင်များသလို ဒီဥပဒေက ပေးကား ပေး၏၊ မရ ဖြစ်သွားနိုင်တယ်။ အဲဒီအတွက် ကျနော်တို့က လွတ်လပ်တဲ့ ကော်မတီဖွဲ့တဲ့အခါမှာ ဒီ Definition ကို သေချာဖွင့်ဖို့ လိုတယ်။ ဥပဒေမှာလည်း တိတိကျကျပြဋ္ဌာန်းဖို့ လိုတယ်။ နောက်တခါ နည်းဥပဒေမှာလည်း သေချာ အသေးစိတ်ပါဖို့ လိုတာပေါ့။ အဲဒီတော့ ယေဘုယျအားဖြင့်တော့ အများနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေပေါ့နော်။ အများနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ Public Service တွေပေးတဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ။ နောက်ပြီးတော့ အခွန်ထမ်းပြည်သူတွေက သူတို့ရဲ့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ အခွန်ထမ်း ပြည်သူဆိုတာ သာမန်ပြည်သူလူထုရော၊ စီးပွားရေးလုပ်ငန်းရှင်ရော၊ နောက် အားလုံး ပါတာပေါ့နော်။ သူတို့ သိခွင့်ရှိတဲ့အရာမှန်သမျှ ဆိုတာက ခုနက ကျနော်ပြောတဲ့အထဲမှာ ပါပါတယ်။ ရှေ့က သွားခဲ့တဲ့ နိုင်ငံတွေရဲ့ ဥပမာတွေ ရှိတယ်။ သူတို့ဆီက ကျနော်တို့က သင်ခန်းစာယူစရာ ရှိတယ်၊ ကျနော်တို့ လေ့လာလို့ရတယ်။ ကျနော်တို့နဲ့ သင့်တော်တာ လုပ်လို့ရတယ်။  တားမြစ်တဲ့ကိစ္စကတော့ နိုင်ငံတော် လျှို့ဝက်ချက်ကိစ္စ၊ စစ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ။ ယေဘုယျအားဖြင့်တော့ ဒါမျိုးတွေပေါ့နော်။ အသေးစိတ်ကတော့ သက်ဆိုင်ရာ ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းပြီးလုပ်ရမယ့်ကိစ္စ။ အဓိက ဒီနေရာမှာ ဘာအရေးကြီးလဲဆိုတော့။ ကျနော်တို့ဆီမှာ တခြား ဥပမာ ၆၆(ဃ) ရှိတယ်ဗျာ။ ၆၆(ဃ) က တခုခုဖြစ်ရင် တရားစွဲလိုက်လို့ရတယ်။ ထောင်ထဲ တခါတည်း တန်းထည့်လို့ရတယ်။ ဒါတွေရှိနေတဲ့ကြားထဲကနေ Right to Information မှာ ကန့်သတ်တာတွေ ထပ်များရင် တချို့ကလည်း ဘာတွေ တွေ့နေရလဲဆိုရင် မြို့နယ်အဆင့်မှာတင် ကန့်သတ်ဆိုတဲ့ဟာတွေ ထည့်လာတာရှိတယ်။ ဥပမာ Public သိသင့်တဲ့ကိစ္စတွေမှာ ထိပ်ကနေ ကန့်သတ်လို့ ထည့်တယ်။ ဒါမျိုးက သေချာ Definition မဖွင့်ရင် ဥပဒေမှာ ကွဲကွဲပြားပြား ပီပီပြင်ပြင်မလုပ်ရင် အောက်ခြေမှာ သတင်းအချက်အလက် တောင်းဆိုတဲ့အခါမှာ ပြဿနာတွေ တက်လာနိုင်တယ်။ အဲဒါကြောင့် ကျနော်ကတော့ ဘယ်ကိစ္စတွေ ဘယ်လို အသေးစိတ် ဆိုတာထက်စာရင် ယေဘုယျပေါ့နော်။ ပေးကား ပေး၏၊ မရ ဖြစ်မှာစိုးတဲ့အတွက် သေချာ Defined လုပ်ဖို့ လိုပါလိမ့်မယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျာ၊ ဆရာDမင်းကိုလည်း နောက်ဆုံး မေးခွန်းအနေနဲ့ မေးပါမယ်။ အထူးသဖြင့် ဒီ ကန့်သတ်ပေါ့နော်။ ကန့်သတ်ထားတဲ့သတင်း မဟုတ်ရင် ရယူပိုင်ခွင့် ရှိတယ်။ ကန့်သတ်တာကို ဘယ်သူက အဓိပ္ပာယ်ဖွင့်မလဲ။ အဲဒါဟာ မြန်မာပြည်အခြေအနေနဲ့ ဘယ်လောက်အတိုင်းအထိပဲ ရှိသင့်လဲ။ အဲဒါလေးကို နောက်ဆုံးအနေနဲ့ ဖြည့်စွက် ဆွေးနွေးပေးပါဦး။” ဦးကျော်စွာမင်း (ခ) Dမင်း (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း) “ဟုတ်ကဲ့။ ကျနော်တို့ Law မှာ ဘယ်လောက်အတိုင်းအတာအထိ ဘယ်သူတွေက ရသင့်သလဲဆိုတဲ့အခါမှာ မက္ကဆီကိုမော်ဒယ်ကတော့ မည်သူမဆို ရယူပိုင်ခွင့် ရှိတယ်ဆိုပြီး ပြောထားတယ်။ ပြန်စဉ်းစားကြည့်ရင် မည်သူမဆို ဆိုတော့ အင်မတန်မှ ရှုပ်ထွေးတယ်။ ကျနော်တို့ဆီမှာ ပြဋ္ဌာန်းတာ နိုင်ငံသားတိုင်း ရယူပိုင်ခွင့်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ National Security ပေါ့နော်၊ အမျိုးသားလုံခြုံရေး အင်မတန် အရေးကြီးတယ်။ မည်သူမဆို တောင်းပိုင်ခွင့်ရတယ်ဆိုတဲ့ စကားလုံးတလုံးရဲ့ ကျယ်ပြန့်မှုက ကျန်တဲ့ ဒီမှာ လာအခြေစိုက်နေတဲ့ နိုင်ငံခြားသားပဲဖြစ်ဖြစ် သူက သွားတောင်းလိုက်တယ်ဆိုရင် ကျနော်တို့က တကယ့် ထိပ်တန်းလျှို့ဝှက်ချက်တွေ၊ နိုင်ငံတော်အတွက် ထိခိုက်မယ့် Information တွေ ပါကောင်းပါသွားနိုင်တယ်။ ဒါကို သတိထားဖို့ လိုတယ်။ သတင်းပေးမယ်ဆိုရင်တော့ စောစောကပြောသလို ထိန်းချုပ်မယ့်အဖွဲ့တဖွဲ့၊ Information ကော်မရှင်သဘောမျိုးပေါ့နော်။ ခုနက ကိုကျော်မင်းဆွေပြောတာကို ကျနော် Against လုပ်တာတော့ မဟုတ်ပါဘူး။ မက္ကဆီကိုမော်ဒယ်ဆိုရင် တကယ်လို့ ပြည်သူ့ဝန်ထမ်း ပါမယ်ဆိုရင် သူတို့ ပြောတာက လွှတ်တော်အမတ်လည်း ပါလို့ရတယ်။ ဝန်ကြီးဌာနက လူတွေလည်း ပါလို့ရတယ်။ ရှေ့နေတွေလည်း ပါလို့ရတယ်။ ရှေ့နေချုပ်တို့ ဘာတို့ တာဝန်ထမ်းဆောင်တဲ့ တရားသူကြီးချုပ်တို့ ပါလို့ရတယ်။ ဒါပေမယ့် သူက ၁ နှစ်အတွင်း မထမ်းဆောင်ထားရဘူး။ အဲဒီအရင်က ထမ်းဆောင်ရင် ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုင်းရပ်စ် ပါမှာစိုးလို့။ တကယ်လို့ သူက လက်ရှိတာဝန်ထမ်းဆောင်နေတယ်ဆိုရင် သူ့ဌာနဖြစ်တဲ့အတွက် သတင်းထိမ်ချန်ရင် ထိမ်ချန်မှာစိုးလို့ပေါ့နော်။ အဲဒီအတွက်ကြောင့်မို့ ခုနကပြောသလို ဒါလေးကိုတော့ ကျနော် ဖြည့်ပြီးတော့ ပြောချင်ပါတယ်။ သတင်းသိပိုင်ခွင့်ကတော့ အကုန်လုံးအတွက် အင်မတန်မှကောင်းတဲ့ Law တခုပါလို့ ကျနော် ပြောချင်ပါတယ်။"

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up