ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီး စတင်
DVB
·
November 1, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇို အာဘေးရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ဒီကနေ့မနက်က တရားဝင်ချစ်ကြည်ရေးခရီး စတင်ထွက်ခွာသွားပါတယ်။
နိုဝင်ဘာ ၁ ရက်မှ ၅ ရက်ထိ ၅ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွက် ဒီကနေ့မနက် ၇း၄၀ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းနဲ့ ထွက်ခွာသွားတာလို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဒု-၀န်ကြီး ဦးခင်မောင်တင်အပြင် နိုင်ငံခြားရေး၊ သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။