Homeမြန်မာသတင်း
ပြည်နယ်ဝန်ကြီးချုပ်နှင့် အချင်းများ၍ စက်မှုဇုန်ပေါ်ပေါက်ရေး ဆွေးနွေးပွဲ ရပ်နား
ပြည်နယ်ဝန်ကြီးချုပ်နှင့် အချင်းများ၍ စက်မှုဇုန်ပေါ်ပေါက်ရေး ဆွေးနွေးပွဲ ရပ်နား
အေးနိုင်
·
August 31, 2011
ကရင်ပြည်နယ်မှာ စက်မှုဇုန်အကောင်အထည်ဖော်ရေး ဆွေးနွေးရာ ပြည်နယ်ဝန်ကြီး ချုပ်နဲ့ တက်ရောက်သူတဦး စကားအချေအတင် ဖြစ်ပြီး ဆွေးနွေးပွဲ အဖြေမပေါ်ဘဲ ရပ်သွား ပါတယ်။
ဘားအံနဲ့ လှိုင်းဘွဲမြို့ကြားမှာ ဒီစက်မှုဇုန်တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဘားအံမြို့တော်ခန်းမမှာ ဒီနေ့လုပ်တဲ့အခါ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းအပါအဝင် တာဝန်ရှိသူတွေနဲ့ ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီမြို့တို့က လုပ်ငန်းရှင်တွေ၊ ကုန် သည်တွေ တက်ရောက်ကြပါတယ်။
စက်မှုဇုန်နေရာချထားရေး အဖွဲ့ဖွဲ့ရင် ပါဝင်ခွင့်ပေးဖို့ လှိုင်းဘွဲကတဦးက ဆွေးနွေးရာမှာ ဒီပုဂ္ဂိုလ်နဲ့ဖြစ်ခဲ့ဖူးတဲ့ ပြဿနာကို ပြည်နယ်ဝန်ကြီးချုပ်က ပြန်ဖော်လို့ အချင်းများပြီး ဆွေးနွေးပွဲရပ်သွားတာလို့ တက်ရောက်သူနဲ့နီးစပ်သူက ပြောပါတယ်။
“မင်းက အဲဒီကိစ္စကို ထပြောရင် မင်းပြဿနာကို ငါရှင်းရတာဆိုပြီးတော့ အဲဒီလို နည်းနည်းအချင်းများပြီးတော့ အစည်းအဝေးကို နောက်ဆုံးမှာ ရုပ်သိမ်းလိုက်တယ်။ ပြတ်ပြတ်သားသား အဖြေမပေါ်ဘူး။”
ဒီပုဂ္ဂိုလ်ကို ဦးဇော်မင်းက တပ်မတော်အစိုးရလက်ထက်တုန်းက မြေကွက် ချပေးရာမှာ ဒေသခံတွေနဲ့ ဖက်သမားတွေနဲ့ ပြဿနာတက်တုန်းက ဖြေရှင်းရဖူးတာကို ရည်ညွှန်းတာလို့ ဆိုပါတယ်။
စက်မှုဇုန်အရေး ဆွေးနွေးပွဲ ဘယ်တော့ထပ်လုပ်မယ်ဆိုတာ မသိရသေးပါဘူး။
သမ္မတက သဘောတူထားပြီးဖြစ်တဲ့ ကရင်ပြည်နယ်အထူးစီးပွားရေးဇုန်မှာ စက်ရုံ ၅၀ အထိ ပါဝင်မှာဖြစ်လို့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာမှာလို့ ပြည်ထောင်စု စက်မှုဝန်ကြီး ဦးစိုးသိန်းက ဒီလ ၁၆ ရက် အမျိုးသားစက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအစည်းအဝေးမှာ ပြောကြားထားပါတယ်။
ဒီဇုန်မှာ အထည်ချုပ်၊ ရာဘာ၊ သစ်အချောထည်၊ အသီးအရွက် စတဲ့စက်ရုံတွေ ပါဝင်မယ်လို့ ဆိုပါတယ်။
ပြည်နယ်အစိုးရ ရှင်းပြချက်အရ စက်မှုဇုန်တည်ဆောက်မယ့် နေရာဟာ ဘားအံ-လှိုင်းဘွဲကားလမ်းတလျှောက် စံဖရီးရွာအနီး ဧက ၁,၀၀၀ လောက် ကျယ်ဝန်းပြီး အရင် ယခင်အစိုးရလက်ထက်က ကြက်ဆူပင်စိုက်တဲ့နေရာဖြစ်ကြောင်း သိရပါတယ်။
ဘားအံဒေသခံတဦးကတော့ စီမံကိန်းနေရာဟာ စစ်ရေးအရ တိုက်ပွဲတွေနဲ့ အလှမ်း ကွာတယ်လို့ ပြောပါတယ်။