ဒီမိုကရေစီနှင့် မညီသည့် ဥပဒေ၊ နည်းဥပဒေများ အမြန်ဆုံး ပြင်ဆင် ပယ်ဖျက်သင့်
အောင်သူ
·
April 6, 2016

ဒီမိုကရေစီနဲ့မညီတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို အစိုးရသစ်အနေနဲ့ အမြန်ဆုံး ပြင်ဆင်ပယ်ဖျက်တာတွေ ပြုလုပ်သင့်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ တက်လာတဲ့ အန်အယ်လ်ဒီအစိုးရ အနေနဲ့ ဥပဒေပြုရေး ကိစ္စတွေကို ဆောင်ရွက်မယ်ဆိုရင် ခေတ်နဲ့ မလျော်ညီတော့တဲ့ အင်္ဂလိပ်လက်ထက်တုန်းက ဥပဒေတွေအပြင် လက်ရှိ နိုင်ငံရေးအရ အဟန့်အတားဖြစ်နေတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို အမြန်ဆုံး ပြင်ဆင်ပေးသင့်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောဆိုလိုက်တာပါ။
တရားရုံးချုပ်ရှေ့နေ ဦးကြီးမြင့်က ဥပဒေကို တလွဲကျင့်သုံးတာ၊ လိုတမျိုး မလိုတမျိုး လုပ်နေတာတွေ ရှိတယ်လို့ ပြောပါတယ်။
“ဥပဒေထက် ဥပဒေကို တလွဲကျင့်သုံးတာ။ လိုတမျိုး၊ မလိုတမျိုးပေါ့။ ဥပမာ နောက်တခါ တရားရေးက ထွေအုပ်အောက် ရောက်နေတယ်။ ထွေအုပ်က အစည်းအဝေးခေါ်ရင် တရားသူကြီးက သွားရတယ်။ ခိုင်းတာလုပ်ရတယ်။ လုံးဝ မဟုတ်ဘူး။ တရားစီရင်ရေးက လွတ်လပ်နေရမယ်။ ဥပမာဆိုရင် လက်ပံတန်း ကျောင်းသားတွေကိစ္စ ဖြစ်တယ်။ ဒီမိုကရေစီလှုပ်ရှားမှုတွေ ဖြစ်တယ်။ အလုပ်သမား၊ လယ်သမားတွေဖြစ်တယ်။ အဲ့လူတွေကို ပုဒ်မ ၁၈ ပေါ့၊ အလွန်ဆုံး ဆန္ဒပြတယ်၊ ခွင့်ပြုချက်မယူဘူး စသဖြင့်ပေါ့ ဒါအလွန်ဆုံးပြောတာ။ အခုမဟုတ်ဘူး။ ကျောင်းသားတွေကို ဘာနဲ့ပြလဲ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃/၁၄၅/၁၄၇/၃၃၂/၅၀၅(ခ) ဆိုပြီးတော့၊ ဒီဖြစ်တာနဲ့ ကျင့်သုံးတဲ့ဟာနဲ့က တလွဲစီဖြစ်နေတယ်။”
အခုချိန်ထိ နည်းဥပဒေ မထွက်သေးတဲ့ ဥပဒေတွေ ရှိသလို ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီဘဲ တဘက်သတ် ရေးဆွဲထားတဲ့ ဥပဒေတွေရှိနေလို့ ဒါတွေကို အမြန်ဆုံး ပြန်ပြင်ရေးဆွဲဖို့ လိုတယ်လို့ ပြောဆိုနေကြတာပါ။
လွတ်လပ်သော တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်ကလည်း “တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးနဲ့ အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေဆိုပြီးတော့၊ တောင်သူတွေဆီ ကုပ်သွေးစုပ်တဲ့ ကုန်သည်လို အဖွဲ့မျိုးကို ဦးဆောင်အဖွဲ့တွေမှာ ထည့်ထားတာ လုံးဝ မတရား မမျှတတဲ့ လုပ်ထုံးလုပ်နည်းတွေ။ အဲ့ဒီနည်းဥပဒေတွေကို ကန့်ကွက်ခဲ့ပါလျက်နဲ့ အဲ့ဒီဥပဒေထဲမှာ အဲ့ဒီအဖွဲ့အစည်းတွေ ထည့်ခဲ့တယ်။ ဒါကြောင့်မို့ အဲ့ဒီနည်းဥပဒေနဲ့ ပတ်သက်လို့ လုံးဝကန့်ကွက်တယ်။ မူလဥပဒေကိုတော့ ထောက်ခံတယ်။ ဒါပေမယ့် အဲ့ဒီဥပဒေမှာပါတဲ့ စကားအသုံးအနှုန်းတွေကို ဒီနေ့ အစိုးရတက်လာတဲ့ အချိန်မှာ တိကျပြတ်သားစွာ ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် အစိုးရအဆက်ဆက်က အာဏာတည်မြဲရေးအတွက် ရေးဆွဲထားတဲ့ ဥပဒေတွေကို ပြင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်သလို တဘက်ကလည်း ပြည်သူတွေရဲ့ ဆန္ဒတွေနဲ့အညီ ပြည်သူတွေ အကျိုးဖြစ်ထွန်းမယ့် ဒီမိုကရေစီနည်းကျတဲ့ ဥပဒေတွေကိုလည်း အသစ်ထပ်ဆွဲသင့်တယ်လို့ ဆိုထားပါတယ်။
အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး တကယ် ပြည်သူတွေပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်မျိုးဖြစ်အောင် ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေးဥပဒေအသစ်တခု ရေးဆွဲ ပြဋ္ဌာန်းသင့်တယ်လို့လည်း တရားရုံးချုပ်ရှေ့နေ ဦးကိုနီက ပြောပါတယ်။
သူက "တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ၂၀၁၀ တရားစီရင်ရေး ဥပဒေကို ပယ်ဖျက်ပြီးတော့ သူ့ထက် ပိုပြီးတော့ကောင်းတဲ့ တရားစီရင်ရေး၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေအသစ်တခုကို ပြဋ္ဌာန်းစေချင်တယ်” လို့ ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ အရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က တည်ဆဲဥပဒေတွေထဲက ပြင်ဆင်တာ၊ ပယ်ဖျက်တာ၊ ရုပ်သိမ်းတာနဲ့ အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်ကြောင်း စိစစ်တွေ့ရှိရတဲ့ ဥပဒေ ၁၄၂ ခုကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပါတယ်။
အဲဒီအထဲမှာ ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့ မတရားသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇/၁ တို့လည်း ပါဝင်ပါတယ်။