ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ် ၁၁ ဦးကို ထောင်ဒဏ်များ ချမှတ်
DVB
·
March 31, 2016
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တရားရုံးမှာ ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်လို့ ဆိုပြီး ရခိုင်လူငယ် ၁၁ ဦးကို မတ် ၃၁ ရက်နေ့က ထောင်ဒဏ်အသီးသီး ထပ်မံချမှတ်လိုက်ပါတယ်။
“ဒီကနေ့ ၁၀ နာရီမှာ ကျောက်တော်မြို့နယ် တရားရုံးက ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုပြီး ရခိုင်လူငယ် ၁၁ ဦးကို ထပ်မံထောင်ဒဏ်ချလိုက်ပါတယ်။ ၅ နှစ်သမား ၃ ယောက်ပါတယ်။ ၃ နှစ်သမားက ၈ ယောက်ပါတယ်။ မနေ့က ချမှတ်လိုက်တာက ၁၂ ယောက်ပေါ့လေ။ ဒီကနေ့ ၁၁ ယောက်ပါ"လို့ ဖမ်းဆီခံထားရသူတွေရဲ့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုကျော်လှမြင့်က ဒီဗွီဘီကိုပြောပါတယ်။
ဒီကနေ့ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တဲ့ ၃ ဦးကတော့ မြောက်ဦးမြို့နယ်၊ မြောင်းဘွယ်ကျေးရွာနေ ကိုထွန်းအောင်ဖြူ၊ မြေပုံမြို့နယ်၊ ကြက်ရေကြီးရွာနေ ကိုကျော်ဝင်း၊ ကျောက်တော်မြို့နယ် လင်ကွိကျေးရွာနေ ကိုစိန်ကျော်သန်းတို့ကို ၁၇ (၂) ပုဒ်မနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။
ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တဲ့ ၈ ဦးကတော့ စစ်တွေမြို့နယ် ညှိရောင်ချောင်းကျေးရွာနေ ကိုထွန်စိုးနိုင်၊ ရသေ့တောင်မြို့နယ် နှမ်းခြမ်းရွာနေ ဦးထွန်ဝင်း၊ မြောက်ဦးမြို့နယ် တောင်ရပ်ကွက်နေ ကိုမင်းမင်းထွန်း၊ ပေါက်တောမြို့နယ် ချောင်းဇောက်ရွာနေ ဦးဝင်းမြင့်၊ ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်းရွာနေ ကိုဇော်လှိုင်၊ ရသေ့တောင်မြို့ အရှေ့မြောက် ရပ်ကွက်နေ ကိုကျော်ဝင်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ပဲစိနန်းရွာနေ ဦးသန်းဝင်း၊ ကျောက်တော်မြို့နယ် ရွှေပြည်သစ်ကျေးရွာနေ ကိုတင်ရွှေတို့ကို ထောင် ဒဏ် ၃ နှစ်စီ အသီသီး ချမှတ်လိုက်ပါတယ်။
မတ် ၃၀ ရက်နေ့ကလည်း ရက္ခိုင့်တပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး ရခိုင်လူငယ် ၁၂ ဦးကို ထောင်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။
ရက္ခိုင့်တပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ၆၀ ကျော်ရှိကြောင်း အများဆုံးမှာ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောမြို့မှ အများဆုံးဖြစ်ကြောင်း သိရပါတယ်။
(သတင်း - ဇော်ခ၊ ဓာတ်ပုံ - ကျော်လှမြင့်)