Home
မြန်မာသတင်း
ဖမ်းဆီးခံကျောင်းသားများ တရားစီရင်ရေးကို သပိတ်မှောက်
DVB
·
March 15, 2016
ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေက တရားစီရင်ရေးကို အယုံအကြည် ကင်းမဲ့တာကြောင့် သပိတ်မှောက်တဲ့အနေနဲ့ တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ  မဟုတ်တော့ဘူးလို့ ဒီကနေ့ ကြေညာပါတယ်။ ဒီကနေ့ သာယာဝတီမြို့နယ် တရားရုံး ရုံးချိန်းမှာ သူတို့အတွက်လိုက်ပါဆောင်ရွက်သူတွေက လည်း ရှေ့နေပါဝါအသီးသီး ရုပ်သိမ်းခဲ့ကြပါတယ်။ မနှစ်မတ်လ ၁၀ ရက်နေ့တုန်းက ရဲတပ်ဖွဲ့က ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပညာရေး ဥပဒေပြောင်းလဲရေးဆန္ဒပြကြတဲ့ ကျောင်းသားနဲ့ ၀န်းရံသူတွေကို အကြမ်းဖက်ဖြိုခွဲဖမ်းဆီးပြီး တရားစွဲခဲ့ပါတယ်။ လက်ရှိ သာယာဝတီထောင်အတွင်းမှာ တရားစွဲဆိုခံနေရသူ ၄၃ ယောက်ရှိပြီး အာမခံရထားသူ ၂၅ ဦးရှိပါတယ်။ သူတို့တတွေဟာ ငြိမ်းချမ်းစွာစီတန်းလှည့်လှည်မှု ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စမှု ပုဒ်မ ၅၀၅ ခ စတာတွေနဲ့ အကြိမ်ကြိမ်တရား စွဲဆိုခံကြပြီး  အခုတော့ အားလုံး သပိတ်မှောက်ကြမှာဖြစ်ပါတယ်။ ဖမ်းဆီးခံ ဗကသ ကျောင်းသားခေါင်ဆောင် မဖြိုးဖြိုးအောင်က တရားရုံးတွေဟာ အစိုးရဘက်က ကျောင်းသားတွေကို စွဲဆိုတဲ့ အမှုကိုပဲစစ်နေပြီး ကျောင်းသားတွေက ပြန်လည်စွဲဆိုတဲ့ အမှုကိုတော့ ပယ်ချတဲ့အပေါ် မကျေနပ်တဲ့အတွက် သပိတ်မှောက်တာလို့  ပြောပါတယ်။ သူက “အဓိကအားဖြင့် ကျမတို့ တရားရင်ဆိုင်လာရတာ တနှစ်ကျော်လာပြီ။ တနှစ်ကျော် အတွင်းမှ ကျမတို့ဖက်က ခုခံချေပမှုတွေက ကျမတို့ရှေ့နေတွေ အမျိုးမျိုးအဖုံဖုံ ကြိုးစားနေ သော်ငြားလည်း ကျမတို့ရှေ့နေတွေရဲ့ ပြန်လည်တင်ပြချက်တွေ၊ တင်တဲ့သက်သေစာရွက် စာတမ်းတွေ နောက် ပြန်လည်တရားစွဲဆိုမှုတွေက အကြောင်းအမျိုးမျိုးပြပြီးပယ်ချတယ်။ ဒါတွေ ကို ကြည့်ခြင်း အားဖြင့် ဒါက ဟန်ပြတရားစီရင်ရေးစနစ်သာဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ ကျမတို့တွေကို ပုဒ်မတွေအမျိုးမျိုးတပ်ပြီးတော့ ဖမ်းဆီးထိန်းသိမ်း ရုံးတင်ပေမယ့်လည်း ဒီပုဒ်မတွေ အပေါ်မှာ ကျူးလွန်ခြင်း၊ မကျူးလွန်ခြင်းအပေါ်မှာ မူမတည်ဘဲနဲ့ ဖမ်းဆီးထိန်းသိမ်းလိုခြင်း သက်သက်သာဖြစ် နေတယ်။” လို့ပြောပါတယ်။ “လက်ရှိတရားခွင်တွေကို ကြည့်ခြင်းအားဖြင့် တရားသူကြီးတွေက ကိုယ်ပိုင် ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ အထက်ကလာတဲ့အမိန့်ပေါ်မူတည်ပြီး ကျမတို့ကို အမိန့်ချတာ မျိုးတွေ တွေ့နေရတာပေါ့။ ဒါကြောင့် တရားခွင်နဲ့ပတ်သက်ပြီးတော့ ကျမတို့ ခုခံခြေ ပတာတို့၊ လျောက်လဲတာတို့ တစုံတရာမလုပ်တော့ဘူး။ ကျမတို့ရှေ့နေတွေကိုလည်း ကျမတို့ ပါဝါပြန်ရုပ်သိမ်း ဖို့ မေတ္တာ ရပ်ခံခဲ့တာပါ။ ” ကျောင်းသားတွေဘက်ကနေ  အမှုလိုက်ပေးနေတဲ့ ရှေ့နေတွေကလည်း ဒီကနေ့မှာ ရှေ့နေပါ တွေ ရုပ်သိမ်းလိုက်တယ်လို့လည်း ကျောင်းသားတွေရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။ “အကုန်လုံးက ရှေ့နေပါဝါရုပ်လိုက်တယ်။ တချို့ ရုပ်ဖို့ကျန်နေတဲ့သူတွေကျတော့ ကျမတို့ ဒီရုံးချိန်း မှာရောက်နေတဲ့ ရှေ့နေတွေက ကျမတို့ရဲ့ သဘောဆန္ဒနဲ့ကျမတို့က ရုပ်သိမ်းလိုက်တယ်ပေါ့။ ကျမတို့ကတော့ အကုန်လုံးမရှိတော့ဘူးပေါ့။ ရုံးချိန်းမှာရောက်နေတဲ့ ရှေ့နေ ၇ ယောက်ကတော့ ရှေ့နေပါဝါ ရုပ်သိမ်းလိုက်တာပေါ့နော်။” ဒါ့အပြင် ဒီကနေ့ ထုတ်ပြန်တဲ့ ကျောင်းသားတွေရဲ့ ထုတ်ပြန်ချက်မှာလည်း တရားစီရင်ရေး စနစ်အနေနဲ့ မည်မျှပင် မျှမျှတတစီရင်ချင်လည်း ၂၀၀၈ ဖွဲစည်းပုံအရ စီရင်ခွင့်ရမှာမဟုတ်တဲ့ အတွက် ဒီတရားစီရင်ရေး စနစ်ကို ပူးပေါင်းဆောင်ရွက်မှာဟုတ်ဘဲ သပိတ်မှောက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ရှေ့နေ ပါဝါရုပ်သိမ်းရတာနဲ့ပတ်သက်ပြီးတော့လည်း နောက်ထပ်ကျောင်းသား တဦးဖြစ်တဲ့ မဟန်နီဦးက “ညီမတို့ကို ဖမ်းကတည်းက အစိုးရက ၄ ပွင့်ဆိုင်ကတိကို ချိုးဖောက်ပြီးတော့ တဖက်သတ် ဖမ်းခဲ့တာ။ ပြီးတော့ ညီမတို့ကို တဖက်သတ် တရားရုံး တင်ခဲ့တာ။ အစိုးရက ပြောတယ် တရားစီရင်ရေးကဏ္ဍကို လွတ်လပ်ခွင့်ပေးလိုက်ပါပြီလို့ ပြောတဲ့ အတွက် ကျမတို့ဖျက်က အတတ်နိုင်ဆုံး ကြိုးစားကြည့်တယ်။ ကျတို့ဖက် က တင်တဲ့တရားခံတွေ၊ ကျမတို့ဖက်က စွဲတဲ့အမှုတွေကို တရားရုံးက ပယ်ဖျက်တယ်။ ဒါပြောရမယ်ဆိုရင် အစိုးရက တဖက်သတ် လုပ်နေတာ။ ဒါကြောင့် ညီမတို့က ဒီတရားရုံးရဲ့ဖြစ်စဉ်မှာ ၀င်မပါတော့ဘူး”လို့ ပြောပါတယ်။ တက်လာမယ့်အစိုးရအသစ်အနေနဲ့လည်း အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာပညာရေး ပြုပြင် ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီတို့ ပါဝင်ဆွေးနွေးခဲ့တဲ့ လေးပွင့်ဆိုင် ကတိက၀တ်တွေကို ဆက်လက် အကောင်အထည်ဖော်ပေးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့လည်း ကျောင်းသားတွေက တိုက်တွန်းတောင်းဆိုထားပါတယ်။ ဖမ်းဆီးခံကျောင်းသားတွေရဲ့ တရားစီရင်ရေးအပေါ် သပိတ်မှောက်ချိန်ဟာ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ဦးကျော်ထင်ကို မဲပေးရွေးချယ်နေချိန်ဖြစ်ပါ တယ်။ အစိုးရသစ်ဟာ လာမယ့်ဧပြီ ၁ ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်မှာဖြစ်ပြီး နိုင်ငံတော် သမ္မတရဲ့လုပ်ပိုင်ခွင့်အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024