ယာယီပတ်စ်ပို့ကိုင် မြန်မာအလုပ်သမားအရေး နှစ်နိုင်ငံ ညှိနှိုင်းပေးရန် တောင်းဆို
ရွှေအောင်
·
December 2, 2015

ထိုင်းနိုင်ငံမှာ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားများအရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေ အမြန်ဆုံး ညှိနှိုင်းလုပ်ဆောင်ပေးဖို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က တောင်းဆိုလိုက်ပါတယ်။
၆ နှစ် ဗီဇာပြည့်တဲ့ အလုပ်သမားတွေကို မြန်မာပြည် မပြန်စေဘဲ ထိုင်းနိုင်ငံအတွင်း၌သော်လည်းကောင်း၊ နယ်စပ်၌သော်လည်းကောင်း နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်း၊ ဗီဇာတိုးပေးခြင်းတို့ကို မြန်မာနှင့် ထိုင်းအစိုးရတို့ အမြန်ဆုံးညှိနှိုင်း၍ ဆောင်ရွက်ပေးဖို့၊ ၄ နှစ်ဗီဇာသက်တမ်းပြည့်သော အမ်အိုယူ အလုပ်သမားများကို မြန်မာပြည်သို့ မပြန်စေဘဲ ထိုင်းနိုင်ငံအတွင်း၌ သော်လည်းကောင်း၊ နယ်စပ်၌သော်လည်းကောင်း နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်း၊ ဗီဇာတိုးပေးခြင်းတို့ကို မြန်မာနှင့် ထိုင်းအစိုးရတို့ အမြန်ဆုံးညှိနှိုင်း၍ ဆောင်ရွက်ပေးဖို့ စတဲ့ တောင်းဆိုချက် ၅ ရပ်ကို ဒီဇင်ဘာ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားဝန်ကြီးဌာနက အကြီးတန်း အရာရှိတယောက်က သူတို့ဌာနအနေနဲ့ စခန်း ၄ ခုဖွင့်ပြီး လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။
“သက်ဆိုင်ရာစခန်းသွားပြီးတော့ ကိုယ်ရေးအချက်အလက် ပုံစံတွေနဲ့ သာမန် နိုင်ငံကူးလက်မှတ် လျှောက်လို့ရပါတယ်။ သာမန် နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်၊ လာလုပ်ကြပါဆိုတာ သူတို့က လာမလုပ်ကြဘူးဗျ၊ မလာကြဘူးပေါ့နော်။ အကြောင်းအမျိုးမျိုးတော့ ရှိမှာပေါ့၊ အလုပ်ရှင် မလွှတ်တာတို့၊ နယ်ကျော်သွားလို့ မရတာတို့ အမျိုးမျိုးရှိမှာပေါ့။"
ဘန်ကောက်၊ မဲဆောက်၊ မယ်ဆိုင်နဲ့ ရနောင်းတို့မှာ စခန်း ၄ ခုဖွင့်ပြီး လုပ်ဆောင်ပေးနေတာ ၂ နှစ်လောက် ရှိသွားပြီဖြစ်ပေမယ့် အလုပ်သမား ထောင်ဂဏန်းလောက်ပဲ လာလုပ်ကြတယ်လို့လည်း ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က ဒု-ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ထိုင်း-မြန်မာ တာဝန်ရှိသူတွေဟာ ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေအရေး ခုချိန်ထိ ဘာတခုမှ လုပ်မပေးသေးဘူးလို့ ပြောပါတယ်။
“ထိုင်းအစိုးရက ပြောထားတာက မြန်မာအစိုးရက ထုတ်ပေးထားတဲ့ ယာယီပတ်စ်ပို့မှာ သက်တမ်း ၆ နှစ်ရှိတယ်။ အခု ၆ နှစ်သက်တမ်းပြည့်ပြီမို့ ဒီလူတွေအားလုံး အိမ်ပြန်ပါ။ ပြန်ပြီးရင် မြန်မာနိုင်ငံကနေ တရားဝင် အမ်အိုယူ (နားလည်မှုစာချွန်လွာ) ပတ်စ်ပို့နဲ့ ပြန်တက်လာပါဆိုတဲ့ စကားတခုကလွဲလို့ ဒီအလုပ်သမားတွေ အဆင်ပြေလွယ်ကူအောင် နှစ်နိုင်ငံအစိုးရ ညှိနှိုင်းပြီး နယ်စပ်ဒေသမှာ သော်လည်းကောင်း၊ ထိုင်းနိုင်ငံမှာသော်လည်းကောင်း ပြန်လည်ပြီး အသက်ဝင် ရပ်တည်လို့ရအောင် လုပ်ပေးပါမယ် ဆိုတာတွေ ဘာတခုမှ မထွက်ပေါ်သေးပါဘူးခင်ဗျ။”
၂၀၀၉ ခုနှစ်က ထုတ်ပေးခဲ့တဲ့ ယာယီနိုင်ငံကူးလက်မှတ် ခရမ်းရောင်ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေ သက်တမ်းဟာ ၂၀၁၅ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပြီး အဲ့ဒီပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဦးရေ သောင်းဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းခန့်ရှိနေပြီး ဘတ်လို့ခေါ်တဲ့ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်နေသူတွေ၊ ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေသူတွေ၊ အထောက်အထား တစုံတရာမရှိဘဲ အလုပ်လုပ်နေသူတွေ အမျိုးမျိုးရှိနေတာ ဖြစ်ပါတယ်။