ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် မြန်မာ ၃ ဦးကို ဖမ်းဆီး
DVB
·
November 20, 2015

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းမြို့မှာ မြန်မာ ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၃ ဦးကို လူသတ်မှုသံသယနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဆမွတ်ဆာခွန်းခရိုင်ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က ဆမွတ်ဆာခွန်းမြို့ ဘန်ယာ့ဖျတ်ရပ်ကွက် အလုပ်သမားတွေ ငှားရမ်းနေထိုင်ရာ ၅ ထပ်တိုက် အပေါ်ဆုံးထပ်မှာ မြန်မာအလုပ်သမား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာလူငယ် ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ဆမွတ်ဆာခွန်းခရိုင် ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ သက်သေအထောက်အထားတွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလူငယ် ၃ ဦးအနက် ကိုစိုးမောင်ဆိုသူကို ဆမွတ်ဆာခွန်းမြို့နယ် ကလုတ်ကရတ်လှေဆိပ်မှာလည်းကောင်း၊ ကိုနယူးနဲ့ ကိုချစ်မင်းဦးတို့ ၂ ဦးကိုတော့ ဘန်ကောက်မြို့ ခွန်းထိန်းနယ်မြေ ဆဲမ်ဒမ်းရပ်ကွက် အမွန်းချိုင်းအဆောင်အနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အားလုံး အသက် ၂၁ နှစ်အရွယ်ဖြစ်ကာ အငြိုးအတေးနဲ့ လူသတ်ခဲ့တာလို့ ဆမွတ်ဆာခွန်းခရိုင် ဒု-ရဲမှူးကြီး ဆော်ရကလိုင်း ဖွန်းဖိန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သေဆုံးသူ ၂ ဦးကတော့ ကိုဌေး (၃၂) နှစ်နဲ့ ကိုဇော် (၃၀) နှစ်တို့ဖြစ်ပြီး ဆမွတ်ဆာခွန်းမြို့ ဘန်ယာ့ဖျတ်ရပ်ကွက် အလုပ်သမားတိုက်ခန်းမှာ ငှါးရမ်းနေထိုင်သူတွေလို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားသူတွေရဲ့ ၀န်ခံပြောကြားချက်အရ အခင်းဖြစ်တဲ့ညက သူတို့တွေ အတူတူ ၀ိုင်းဖွဲ့အရက်သောက်စဉ် ကိုစိုးမောင်နဲ့ ကိုဇော်တို့ တယ်လီဖုံးကတ်ကိစ္စနဲ့ စကားများ ရန်ဖြစ်ခဲ့ပြီး ကိုစိုးအောင်နဲ့ ကိုနယူးက ကိုဇော်ကို ဓားနဲ့ လည်ပင်းရော ၀မ်းဗိုက်မှာပါ ထိုးသတ်ခဲ့ကြောင်း၊ ချစ်မင်းဦးက ကိုဇော်ရဲ့သွေးကိုယူပြီး အုတ်နံရံမှာ "ငါ့ရည်းစားကိုလုတဲ့လူ မှတ်ထား" လို့ မြန်မာစာနဲ့ ရေးခဲ့ပြီး ကိုဇော်ရဲ့ တယ်လီဖုန်းနဲ့ ငွေ ၃၀၀ ကိုပါ ယူခဲ့တယ်လို့ ၀န်ခံသွားပါတယ်။
အဲဒီနောက် ၃ ဦးသား အောက်ကိုပြန်ဆင်းပြီး တိုင်ပင်ကာ အပေါ်ကို တခါပြန်တက်လာကြောင်း၊ ကိုဌေးဆိုသူရဲ့ အိပ်ခန်းထဲကို ရေပိုက်ကနေတဆင့် တွယ်တက်ကာ အခန်းထဲမှာ အိပ်နေတဲ့ ကိုဌေးရဲ့ မျက်နှာကို သေတဲ့ထိ တုတ်နဲ့ ရိုက်သတ်ခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။
သူတို့တွေအားလုံးဟာ ငါးဖမ်းလှေတခုပေါ်က အလုပ်သမားတွေဖြစ်ကြောင်း၊ သေဆုံးသူ ကိုဇော်နဲ့ ကိုဌေးဟာ လှေပေါ်က အလုပ်သမားခေါင်းဆောင်တွေဖြစ်ကာ သူတို့ကို အမြဲတမ်း အနိုင်ကျင့် ဆဲဆိုခဲ့တဲ့အတွက် မကျေနပ်လို့ ကလဲ့စားပြန်ချေတာဖြစ်တယ်လို့ ၀န်ခံကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။