မှန်စွာကျေးဇူးသိတတ်သူ(ကတညူ)နဲ့ မှန်စွာကျေဇူးတုံ့ပြန်တတ်သူ(ကတဝေဒီ) ဖြစ်စေဖို့
DVB
·
October 7, 2015

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ဟာ မကြာခင်ရောက်လာတော့မယ်။ သီတင်းကျွတ်လဟာ မြန်မာတို့ရဲ့ ဆယ်နှစ်လမှာ သတ္တမမြောက်လဖြစ်ပြီး ရာသီခွင်က တူရာသီ ဖြစ်ပြီး အဿဝတီနက္ခတ်နှင့်လမင်းတို့စန်းယှဉ်ကာ မွန်းတည့်ကြတယ်။ ဒီရာသီရဲ့ ပန်းကတော့ ကြာဖြူပန်းလို့ သတ်မှတ်ပါတယ်။ ဘုရားရှင်သားတော်များဖြစ်တဲ့ သံဃာတော် အရှင်သူမြတ်တွေ သွားရေးလာရေးခက်ခဲတဲ့ မိုးရာသီခိုအောင်းရာ ၀ါတွင်းသုံးလပတ်ကာလရဲ့ နောက်ဆုံးလလည်း ဖြစ်ပါတယ်။
ဗုဒ္ဒမြတ်စွာဘုရားရှင်ဟာ သတ္တမမြောက်ဝါကို တာဝတိံသာနတ်ပြည်မှာ ၀ါကပ်တော်မူပါတယ်။ ၀ါတွင်း သုံးလပတ်လုံးမှာ သိကြားမင်းနေရာ ပင်လယ်ကသစ်ပင်ရင်းမှာ ခင်းထားအပ်တဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ နေမင်းကဲ့သို့ တင့်တယ်စွာ စံနေတော်လျှက် မယ်တော် ဖြစ်ခဲ့ဖူးတဲ့ သန္တုဿီတ နတ်သားကို အမှူးထားလို့ စကြ၀ဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာအပေါင်း တို့ကို အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူခဲ့ပါတယ်။
မယ်တော်ကို ကျေးဇူးဆပ်လိုတဲ့အတွက်ကြောင့် အလွန်အင်မတန်နက်နဲတဲ့ ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်း စတဲ့ကျမ်းပေါင်း(၇)ကျမ်းနဲ့ ဖွဲ့စည်းအပ်တဲ့ အဘိဓမ္မာတရားဒေသနာတော်မြတ်ကို အတိဝိတ္ထာရ (အကျယ်နည်း)နဲ့ အစမှအဆုံး တထိုင်တည်း တာဝတိံသာနတ်ပြည်မှာ လူတို့သက်တမ်း သုံးလကြာ ဟောကြားခဲ့တယ်လို့ ဆိုပါတယ်။
သီတင်းကျွတ်လပြည့်နေ့ ရောက်တဲ့အခါမှာတော့ ဘုရားရှင်ဟာ နတ်ဗြဟ္မာအပေါင်းခြံရံလို့ သိကြားမင်း ဖန်ဆင်းပူဇော်အပ်တဲ့ ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်း သုံးသွယ်တွင် အလယ်ပတ္တမြား စောင်းတန်းကနေ လူ့ပြည်ဖြစ်တဲ့ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက် ကြွမြန်းတော်မူတယ်လို့ ဗုဒ္ဓစာပေ အဋ္ဌကထာတွေမှာ ဆိုထားပါတယ်။
ဘုရားရှင်တော် တာဝတိံသာနတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာတာကို သင်္ကဿနဂိုရ်ပြည်သူ ပြည်သား လူပုဂ္ဂိုလ်အများက ဘုရားရှင်ရဲ့ ကျေးဇူးကိုအောင်းမေ့ပြီး မီးရှူး မီးတိုင်တွေ၊ မီးပန်းတွေ၊ ဆီမီးတွေထွန်းညှိ ပူဇော်ကြိုဆိုခဲ့ကြပါတယ်။ အဲ့ဒီအထိမ်းအမှတ်ကို အကြောင်းပြုပြီး သီတင်းကျွတ် မီးထွန်းပွဲတော် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာရဲ့ မယ်တော်မာယာဒေ၀ီအပေါ် မိခင်ဖြစ်ခဲ့ဘူးတဲ့ ကျေးဇူးကို ပြန်လည်ပေးဆပ်ဖို့ အားထုတ်တော်မူခဲ့တဲ့ ပြယုဂ်တခုလို့လည်း ပြောနိုင်ပါလိမ့်မယ်။ ဒါကြောင့်လည်း သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့၊ ကျေးဇူးတော် အခါသမယနေ့လို့ သတ်မှတ်ကြတာပါ။
ပြီးတော့ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ မင်္ဂလသုတ်ရဲ့
ဂါရဝေါ စ နိဝါတော စ၊
သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊
ဧတံ မင်္ဂလ မုတ္တမံ။
ဆိုတဲ့ အပိုဒ်ထဲမှာပါတဲ့ “ကတညုတာ” ဆိုတာ သူတပါးက မိမိအပေါ် ပြုဖူးတဲ့ ကျေးဇူးကို သိတတ်ခြင်းသဘောလေးဟာ မင်္ဂလာမည်တယ်လို့သတ်မှတ်တာပါ။ ဟုတ်ပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေသာမက အာရှတိုက်သား အားလုံးလိုလိုဟာ ကျေးဇူးတရားကို သိတတ်ဖို့ သူတပါးကျေးဇူးတုံ့ပြန်တတ်ဖို့ဆိုဆုံးမ သင်ကြားမှုတွေအောက်မှာ ကြီးပျင်းခဲ့ကြရတာ ပါ။ အာရှတန်ဘိုးတွေထဲက တန်ဘိုးတခုလို့ ပြောနိုင်ပါတယ်။ တကယ်တော့ ဒီအဆုံးအမတွေဟာ မွန်မြတ်တဲ့ ကျင့်သုံးအပ်တဲ့ လောကကိုလှပစေတဲ့ အလှဆင် တရားတွေပါဘဲ။ လူ့အဖွဲ့စည်း အတွက် အလွန်အရေးပါတဲ့ စာရိတ္တသီလလို့ပြောရင်လည်း ရပါတယ်။
ဒီတရားကို မှန်မှန်ကန်ကန်မရှုမြင်နိုင်ဘဲ ကျင့်သုံးခဲ့ရင် လောကကိုအရုပ်ဆိုး အကျဉ်းတန် သွားစေနိုင်ပါတယ်။ ဒါကြောင့် ကတညူ ဆိုတဲ့ သူတပါးက မိမိအပေါ်ပြုဖူးသော ကျေးဇူးတရားကို သိတတ်တဲ့သူနဲ့ ကတဝေဒီ ဆိုတဲ့ မိမိက သူတပါးအပေါ် ကျေဇူးတုံ့ပြန်တတ်သူ ဖြစ်အောင် ဓမ္မဒိဌာန်ကျကျ ဆင်ခြင်နားလည်ပြီးမှ ကျင့်သုံးနိုင်အောင် ဒီဆောင်းပါးမှာမျှဝေခံစား ဆွေးနွေးလိုက်ပါတယ်။
ကျေးဇူးပြုသူ (သို့ ) ကျေးဇူးရှင်လို့ ဘယ်လိုသတ်မှတ်မလဲ...
ယေဘူယျအားဖြင့်တော့ လူယောက်ဟာ မိမိအပေါ် လောကီအကျိုး၊ လောကုတ္တရာအကျိုး တွေရယူပိုင်ဆိုင်နိုင်အောင် ဆောင်ကျဉ်းပေးတဲ့သူကို ကိုယ့်ရဲ့ ကျေးဇူးရှင်လို့ သတ်မှတ်လေ့ ရှိပါတယ်။
ဒါပေမယ့် လောကီအကျိုးဆိုတဲ့နေရာမှာ မိမိအတွက်တော့ လတ်တလောအကျိုးရှိပါရဲ့ တခြားလူတွေ မျက်ရေကြီးငယ်ကျ ဒုက္ခပင်လယ်ဝေရရင်တော့ ရယူအပ်တဲ့ လောကီအကျိုးလို့ ခေါ်ထိုက်ပါသလား။
လူသတ် ဓားပြတိုက်ပြီး တိုက်ရာပါပစ္စည်းတွေကို သူ့အပေါ် သစ္စာရှိအောင်ခွဲဝေပေးတဲ့သူကို ကျေးဇူးပြု တဲ့သူ ကျေးဇူးရှင်လို့ခေါ်ထိုက်ပါသလား။
အဲ့ဒီလိုဘဲ နိုင်ငံတော်ရဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ဓားပြတိုက်သိမ်းပိုက်ယူထားပြီး သူ့တို့အပေါ် သစ္စာရှိအောင် မထိုက်တန်တဲ့သူတွေကို မခံစားအပ်တဲ့ တိုင်းပြည်ဘဏ္ဍာ နဲ့ ပြည်သူပိုင်ပစ္စည်းတွေ ဝေခြမ်းသုံးစွဲခွင့်ပြုနေသူတွေကို ကျေးဇူးရှင်လို့ ခေါ်ထိုက်ပါသလား။
တို့တိုင်းပြည်မှာ အထူးသဖြင့် တပ်မတော်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကြီးထဲက တပ်မတော်သားတွေနဲ့ အသင်းဝင်အများစုဟာ အထက်မှာဖော်ပြခဲ့တဲ့သူတွေကို ကျေးဇူးရှင် အဘတွေလို့ သတ်မှတ်သစ္စာခံနေကြတာ မဟုတ်လား။
ဥပမာ တခုဆောင်ရရင် စစ်ဗိုလ်တယောက်ကို သူ့အထက်အရာရှိ စစ်ဗိုလ်ချုပ်တယောက်က လာဘ်စားပြီးဝင်ငွေကောင်းနိုင်တဲ့ အရပ်ဘက်ဌာနဆိုင်ရာတခုကို ညွှန်ကြားရေးမှူးချုပ်ရာထူး ရအောင် သူကောင်းပြုပေးလိုက်ရင် ကျေးဇူးရှင်ဖြစ်တော့တာဘဲ။ အဘခြင်း မိုးမွှန်အောင်ခေါ်ပြီး မိဘထက်တောင် ကျေးဇူးများသယောင် သစ္စာအကြီးအကျယ်ခံတော့တာ မဟုတ်လား။
တကယ်တော့ အဲ့ဒီ အဘဗိုလ်ချုပ်ဆိုသူက သူ့အိပ်ကပ်ထဲက သူ့ချွေးနှဲစာကို ထုတ်ပေးတာ မဟုတ်ဘူး။ ပြည်သူ့ဘဏ္ဍာဖောက်ပေးတာ လူထုပိုက်ဆံကို တဖက်လှည့်နဲ့ ခိုးစားခွင့်ပြုလိုက်တာ။ ကိုယ့်အရိုးနဲ့ ကိုယ့် ပြန်အထိုးခံရတာ။ အလွန်ရှက်စရာ ၀မ်းနည်းစရာကောင်းတဲ့ကိစ္စကြီးပါ။
ဒါကြောင့် နိုင်ငံသားပိုင်ဥစ္စာပစ္စည်းတွေကို အလွှဲသုံးစားလုပ်ပြီး ကျေးဇူးပြုသူတွေကို ကျေးဇူးရှင်လို့ သတ်မှတ်သစ္စာခံနေကြတာဟာ “ကတင်ညူ” မဖြစ်နိုင်သလို “ကတဝေဒီ” လည်း မဖြစ်ပါဘူး။ အဲ့ဒါအပြင် လက်ရှိပစ္စုပ္ပန်ဘ၀မှာတင် ပြည်သူရဲ့ဒဏ်ခတ်မှု စတဲ့ အကျိုးဆက်တွေတင်မက ကြောက်မက်ဖွယ် သံသရာကြွေးတွေ ပါသွားမဲ့ကိစ္စဖြစ်တယ်လို့ သတိပေးပါရစေ။
မိဘဆရာသမားနဲ့တကယ့်ကျေးဇူးရှင်တွေဆိုတာ တခြာသူတွေကိုမထိပါးစေဘဲ အပြစ်ကင်းစွာနဲ့ မိမိရဲ့ကောင်းကျိုးချမ်းသာကို ပစ္စုပ္ပန်ဘ၀တင်မက နှောင်သံသရာဘ၀တွေမှာပါ ခံစားနိုင်အောင် ကျေးဇူးပြုနိုင်သူတွေကိုသာ ခေါ်ဆိုအပ်တာပါ။
မိမိက သူတပါးကျေးဇူးကို ဘယ်လို မှန်မှန်ကန်ကန်တုံ့ပြန်မလဲ…
လူဆိုတာ ကိုယ့်အပေါ်ကောင်းရင် ကိုယ့်အပေါ်ကျေးဇူးပြုခဲ့သူဆိုရင် ကျေးဇူးတုံ့ပြန်ချင်ကြတာ၊ ကျေးဇူးဆပ်ခြင်ကြတာ ဓမ္မတာပါ။ ဒါပေမယ့် အထက်မှာဆွေးနွေးခဲ့သလို မတင်ထိုက်တဲ့ ကျေးဇူးရှင်တွေကို သစ္စာခံနေတာ၊ ကျေးဇူးဆပ်နေတာဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ဆုတ်ယုတ် ပျက်စီး စေပါတယ်။
မိမိရဲ့ မိဘ ဆရာသမား အကြီးအကဲ အရာရှိတပည့်တပန်းတွေ မှားနေတာကိုသိရင် ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်ဝေဖန်သတိပေး ပြုပြင်ပေးရမယ်။ ဒါမှ စစ်မှန်တဲ့တကယ့် ကျေးဇူးဆပ်ခြင်း ကတာဒေ၀ီ ဖြစ်နိုင်မှာပါ။ မှားမှန်းသိရက်နဲ့မပြင်ဘဲ အမှားပေါ်အမှားဆင့်ခြင်းဟာ အမှန်ကို မရောက်နိုင်ပါဘူး။ မှားယွင်းတဲ့ ကျေးဇူးဆပ်ခြင်းဟာ မီးလောင်ရာလေပင့်သလို ကျေးဇူးပြုသူရော ကျေးဇူးဆပ်သူကိုပါ ပိုမိုနက်ရှိုင်းတဲ့ ဆိုးကျိုးတရားနဲ့ မကောင်းသော လားရာတွေကိုသာ ရှေ့ရှုစေပါတယ်။
ဒီလိုလုပ်ခြင်းဟာ အာရှတန်ဘိုး (Asia Values) တွေထဲက ကျေးဇူးတရားကိုမမေ့အပ်ဘူး ကျေးဇူး သိတတ်ရမယ်ဆိုတဲ့ အချက်ကို အဓိပ္ပါယ်အကောက်လွဲပြီး ကိုယ့်ကျိုးစီးပွားအတွက် မှားယွင်းစွာ အသုံးချနေကြတာပါ။ ဆင်ခြင်တုံတရားဦးဆောင်တဲ့ မှန်စွာကျေးဇူးသိတတ်သူ(ကတညူ)၊ မှန်စွာ ကျေဇူးတုံ့ပြန်တတ်သူ (ကတဝေဒီ) ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။
နိဂုံးချုပ်ရရင်တော့ လူတိုင်းလူတိုင်းဟာ မိမိအပေါ်ကျေးဇူးပြုဘူးသူကို ကျေးဇူးတုံ့ပြန်ခြင်းဟာ ကောင်းမြတ်တဲ့တရားဖြစ်တယ်။ ဒါပေမယ့် အပြစ်ကင်းတဲ့ ကျေးဇူးတရား တကယ်ဟုတ်၊ မဟုတ် တခြားသူတွေ မျက်ရေကြီးငယ်ကျမှ ကိုယ်စံစားရစေတဲ့ ကျေးဇူးလားဆိုတာ တွေးတောဆင်ခြင်ပြီး မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကျေးဇူးဆပ်ဖို့လိုပါတယ်။
မြန်မာနိုင်ငံသားတဦးခြင်းက မှားယွင်းတဲ့ကျေးဇူးဆပ်ခြင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ မတရားမှုအနိဌာရုံတွေကို မျက်ကွယ်ပြုပြီး လမ်းမှားပေါ်လျှောက်နေတဲ့ မိမိအကြီးအကဲ အထက် အရာရှိတွေကို ဆက်သစ္စာခံ အမိန့်နာခံနေရင်တော့ တိုင်းပြည်ဟာနစ်သထက်နစ်သွားမှာပါ။
တိုင်းပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပြုရမယ့် အထွေအထွေရွေးကောက်ပွဲ ကျင်းပမယ့်နေ့ဟာ ရက်ပေါင်း သုံးဆယ်ကျော်လေးပဲ လိုပါတော့တယ်။ မြန်မာနိုင်ငံကို နိုင်ငံသားတိုင်းအတွက် ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေဖြစ်ဖို့၊ အများဆန္ဒကို ကိုယ်စားပြုလို့ မွန်မြတ်သန့်စင်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့၊ စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့၊ စေတနာမှန်ပြီး အရည်အသွေးမီတဲ့ အရပ်သားအစိုးရတရပ် ပေါ်ထွန်းလာဖို့အတွက် ထိထိရောက်ရောက်ပြင်ဆင်ရမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မိမိအကျိုးစီးပွား ဆုံးရှုံးမှာစိုးရွံ့တဲ့ ဘယာဂတိတွေနဲ့မပြင်ချင်တဲ့ ပုဂ္ဂိုလ်ကြီးများကို သစ္စာခံနေသူများ၊ ထောက်ခံကျေးဇူးဆပ်နေသူများ၊ မဲပေးမယ့်သူများကို ကျရောက်တော့မယ့် သီတင်းကျွတ် လပြည့်နေ့မှာ အထူးမေတ္တာရပ်ခံ သတိပေးလိုပါတယ်။
ထူးခြားတဲ့ အဓိပ္ပါယ်ကိုဆောင်ယူလာတဲ့ အဘိဓမ္မာအခါတော်နေ့၊ ကျေးဇူးတော်အခါသမယနေ့ ဟာ မကြာခင်ရောက်လာတော့မှာပါ။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်သော်မှ အဲ့ဒီနေ့မှာ မယ်တော့်ကျေးဇူးကို အသိမှန်အမြင်မှန်ရအောင် တရားဟောပြောပြပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ကျေးဇူးအထူးဆပ်ခဲ့တာပါ။ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းလည်း အခုလာမယ့် သီတင်းကျွတ် လပြည့်နေ့ကစလို့ မိမိရဲ့ မိဘဆရာသမား အကြီးအကဲ အရာရှိတွေရဲ့အမှားကို ဝေဖန်ထောက်ပြခြင်း၊ ပြုပြင်ဖို့တိုက်တွန်းခြင်းနဲ့ သင့်တင့်လျှောက်ပတ်စွာ ကျေးဇူးဆပ်နိုင်ကြပါစေ၊ မှန်ကန်သော ကတညူ ကတဝေဒီ ပုဂ္ဂိုလ်ထူးများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက် ။ ။
မင်းကောင်းချစ်
တော်သလင်းလဆုတ် (၃) ရက် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်