ရာသီဥတု အပြောင်းနဲ့ ကပ်ဘေးတို့ လာချေပြီ
DVB
·
October 5, 2015

ကမ္ဘာမြေရဲ့ရာသီဥတုဟာ အလျအမြန်ပြောင်းလဲနေတယ်လို့ ပြောရမှာထက် ကျွမ်းကျင်သူ ပညာရှင်တွေ တွေးထင်ထားတာထက်ကို ပိုပြီး အလျင်အမြန် ပြောင်းလဲနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရတာရဲ့ အကြောင်းရင်းကလည်း မှန်လုံအိမ် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေတဲ့ အဓိကအားဖြင့် လောင်စာဆီတွေ၊ ကျောက်မီးသွေးတွေနဲ့ သဘာဝဓာတ်ငွေ့တွေရဲ့ လောင်ကျွမ်းမှုကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့်ပဲဖြစ်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ကမ္ဘာမြေကြီးဟာ လွန်ခဲ့တဲ့ ရာစုနှစ်ခုကျော်က ၀ ဒသမ ၈ ဒီဂရီ ပူနွေးခဲ့ပါတယ်။ အဲဒီလောက်အပူချိန်ဟာ လာမယ့် ရာစုနှစ်တွေမှာ ပင်လယ်ပြင်ကို ၂ မီတာလောက်နီးနီး မြင့်တက်လာစေနိုင်လောက်တဲ့ အထိ ပူနွေးတာပါ။ အဲဒါကို ဘယ်လိုလူမျိုးကမှ မတားဆီးနိုင်ပါဘူး။ သန်းပေါင်းရာနဲ့ ချီတဲ့ ပြည်သူလူထုတွေဟာ မပြောင်းမနေရ နေရာရွှေ့ပြောင်းကြရပါလိမ့်မယ်။ အစားအစာ စိုက်ပျိုးထုတ်လုပ်ဖို့ မြေဟက်တာပေါင်း သန်းပေါင်းများစွာ ဆုံးရှုံးကြရပါလိမ့်မယ်။ ဒါတင်မက သေးပါဘူး။ မြို့ပြဒေသတွေဟာလည်း အန္တရာယ်ကနေ လွတ်မြောက်အောင် တိမ်းရှောင်ပေးကြရပါလိမ့်မယ်။ တောင်ဘက်ဒေသမှာ နေထိုင်တဲ့လူတွေဖြစ်တဲ့ တာဝန်ရှိမှု အနည်းဆုံး ပြည်သူလူထုတွေဟာ အဲဒီအကျိုးဆက်ကို အများဆုံးထိခိုက်ခံစားကြရမယ့်သူတွေ ဖြစ်ကြပါလိမ့်မယ်။ ဒါတွေဟာ ဖြစ်တန်ရာချေအများဆုံး ကြိုတင်တွက်ဆချက်တွေ ဖြစ်နေပေမယ့် နိုင်ငံတွေက အဲဒီ သတိပေးပြောဆိုချက်တွေကို လစ်လျှူရှု မသိကျိုးကျွံပြုထားကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု ရီယိုဒီ ဂျနီရီုး ညီလာခံကြီး ပြီးလို့ ၂၃ နှစ် အကြာမှာတော့ ၁၉၉၀ ခုနှစ်တွေအတွင်း စီးပွားရေးပျက်ကပ်တွေ ဖြစ်ပေါ်ခဲ့ပေမယ့် နှစ်ပတ်လည် ကမ္ဘာတ၀ှမ်း မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ၂ ဆလောက် အလျင်အမြန် မြင့်တက်လာခဲ့ တာ တွေ့ရပါတယ်။ ပညာရှင်တွေကတော့ ဒီနှုန်းအတိုင်းဆိုရင် ခု ရာစုနှစ်အကုန်မှာ ကမ္ဘာမြေရဲ့ ပူနွေးမှုဟာ ၂ ဒီဂရီ ဆဲလ်ဆီရပ်စ် မဟုတ်တော့ဘဲ ၆ ဒီဂရီ ဆဲလ်ဆီရပ်စ် အထိဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
အဲဒီလို ပူနွေးမှု ဖြစ်လာရင်တော့ လူတွေ လုံးဝတွေးဆလို့ မရနိုင်တဲ့ ကြောက်စရာ ကပ်ဘေးသင့်မှုကြီးတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အရေးပေါ်ဆောင်ရွက်ဖို့တွေက ပိုပြီးပြင်းပြင်းထန်ထန် လိုအပ်လာနေပါပြီ ဘာလို့ဆိုတော့ အဲဒီ လုပ်ဆောင်ရမယ့်ဟာတွေကို ကျနော်တို့ ဆယ်စုနှစ်ပေါင်းများစွာ နှောင့်နှေးနေခဲ့ပြီး ဖြစ်လို့ပါပဲ။ ဖွံဖြိုးပြီးနိုင်ငံတွေအနေနဲ့ မှန်လုံအိမ်အကျိုးသက်ရောက်မှု ဖြစ်စေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို တနှစ်မှာ အနည်းဆုံး ၁၀ ရာခိုင်နှုန်း လျော့ချပစ်နိုင်ဖို့ ချက်ချင်းစတင်ဆောင်ရွက်ရမှာဖြစ်ပြီး ၂၀၅၀ ခုနှစ် နောက်ဆုံးထားပြီး အလုံးစုံ ဖယ်ရှင်းပစ်နိုင်ဖို့ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထောက်ပြခဲ့ကြပါတယ်။
အဓိက အဲဒီဓာတ်ငွေ့တွေ ထုတ်လွှတ်နေတဲ့ နိုင်ငံတွေအနေနဲ့ အမြန်ဆုံး လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကတော့ အတိမ်းအစောင်းခံနိုင်သေးပေမယ့် အလျင်အမြန်တော့ လျော့ချ လာနေပါပြီ။ တကယ်လို့များ ဘာအပြောင်းအလဲမှ မရှိဘူးဆိုရင် ကမ္ဘာတ၀ှမ်းက လောင်ကျွမ်းနေဆဲဖြစ်တဲ့ လောင်စာဆီ၊ ကျေက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေရဲ့ လောင်ကျွမ်းထုတ်လွှတ်မှုပမာဏဟာ ကမ္ဘာကြီး ပူနွေးမှုရဲ့ ၂ ဒီဂရီ ဆဲလ်ဆီရပ်စ်ထက် မပိုလွန်ဘူး ဆိုရင်တော့ ၂၀၃၀ ခုနှစ်လောက်မှာ ကုန်ခန်းသွားနိုင်ပါတယ်။
၂၁ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံကြီး (COP 21)ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်တွေကလည်း သူတို့အနေနဲ့ ဒီတကြိမ်မှတော့ ရည်မှန်းချက်ကြီးမားတဲ့ သဘောတူညီချက် တခုကို ချမှတ်နိုင်ပါလိမ့်မယ်လို့ ကမ္ဘာ့ပြည်သူတွေကို လှည့်စားပြောဆို ကြဦးမယ်လို့ပဲ မျှော်လင့်ရပါတယ်။ တကယ်တော့လည်း သူတို့တွေ မျက်နှာမပျက်ရအောင် အဖတ်ဆယ်ဖို့ အဲဒီလို သဘောတူညီချက်တခုကို ရယူနိုင်ကောင်း ရယူနိုင်ပါလိမ့်မယ်။ ဒါပေမယ့် မျှော်လင့်ရတာကတော့ အဲဒီသဘောတူညီချက်ဟာ သဘာဝ ပတ်ဝန်းကျင်အရ လုံးဝ လုံလောက်မှု မရှိသလို လူမှုရေး နယ်ပယ်အရလည်း အများကြီး မမျှမတ ဖြစ်လာနိုင်တယ်လို့ ဝေဖန်သုံးသပ်သူတွေက ဆိုပါတယ်။ အဲဒီသဘောတူညီချက်ထဲမှာ ပါဝင်လာမှာတွေဟာ အဓိက သဘာဝပတ်ဝန်ကျင်ကို ညစ်ညမ်းအောင် လုပ်နေကြတဲ့နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ တရုတ်၊ ဂျပန်၊ သြစတြေးလျနိုင်ငံလို နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ယုံကြည်မှုတွေနဲ့ ကြိုတင်ပြီး အဆုံးအဖြတ်ပေးကြမှာ ဖြစ်ပါတယ်။
အဲဒီအခြေခံအရဆိုရင် ကမ္ဘာမြေပူနွေးလာမှုဟာ ဒီရာစုနှစ်အကုန်မှာ အနည်းဆုံး ၃.၆ ကနေ ၄ ဒီဂရီ ဆဲလ်ဆီရပ်စ်အထိရှိလာမှာ ဖြစ်ပါတယ်။ အဲဒီယုံကြည် စူးနစ်ဆောင်ရွက်မှုတွေကို စက်မှုလုပ်ငန်းဆိုင်ရာနဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ စည်းရုံးသိမ်းသွင်းမှုတွေ လုပ်ပြီးညှိနှိုင်းဆွေးနွေး ခဲ့ကြရတာ ဖြစ်ပါတယ်။ သူတို့တွေရဲ့ အကျိုးစီးပွားတွေနဲ့လည်း တဆက်စပ်တည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေက တကယ်တန်းမှာ ကာဘွန်ဈေးကွက်၊ သဘာဝစိမ်းလမ်းနည်းပညာ၊ သစ်တော မွမ်းမံထိန်းသိမ်းရေး၊ ချန်လှပ်ဖယ်ရှားရေးသိမ်းသွင်းမှု၊ ကမ္ဘာမြေကြီး ပူနွေးမှုရဲ့ သက်ရောက်မှုများနဲ့ လိုက်လျောအဆင်ပြေစေရေး စတဲ့ ဈေးကွက်သစ်တွေ ဖွင့်လှစ်လာမှုရဲ့ အလားအလာတွေအပေါ် တောင့်တ အာရုံကျနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကမ္ဘာမြေ ၄ ဒီဂရီ ဆဲလ်ဆီရပ်စ်အထိ ပူနွေးလာမှုဟာ ရေရှည်မှာ ပင်လယ်ပြင်ရေမျက်နှာပြင် အမြင့် ၁၀ မီတာမြင့်တက်မှုကိုဖြစ်စေနိုင်သလို လတ်တလော ပိုကျတဲ့ သက်ရောက်မှုတွေကိုလည်း ဖြစ်ပေါ် လာစေနိုင်ပါတယ်။ အဲဒါတွေကတော့ သက်ရှိအမျိုးမျိုး ပူးတွဲဖြစ်တည်မှု ကျဆင်းမှု မြန်ဆန်လာတာ။ လေပြင်းမုန်တိုင်းတွေ၊ ဆိုင်ကလုန်းတွေ၊ မိုးခေါင်မှုတွေ၊ ရေကြီးမှုတွေ၊ အပူလှိုင်းတွေနဲ့ စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု ကျဆင်းလာမှု စတာမျိုးတွေကို ကြုံတွေ့လာရနိုင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတချို့မှာ မကြာခင်က ကြုံတွေ့ခဲ့ရတဲ့ ပြင်းထန်ဆိုးဝါးတဲ့ ရေကြီးမှုတွေ၊ မြေပြိုမှု၊ မုန်တိုင်းကျမှုစတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ သူသဘာဝအတိုင်း ဖြစ်နေတာ မဟုတ်ဘဲ ကမ္ဘာမြေကြီး ပေါ်မှာ နေထိုင်နေကြတဲ့ လူသားတွေရဲ့ပရောဂကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာရာကနေ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပျက်စီးလာလို့ ဖြစ်ရတယ်ဆိုတာ ကတော့ ဒီကနေ့ သတင်းခေတ်မှာ အထူးပြောနေစရာ လိုမယ် မဟုတ်ပါဘူးး။ ဒါကြောင့် ဒီကနေ့ ကျနော်တို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ နေထိုင်နေကြတဲ့ ပြည်သူပြည်သားတွေ အနေနဲ့ စဉ်းစားဖို့ ဖြစ်လာတဲ့အချက်က အရင်းရှင်စနစ်ကို ထိန်းသိမ်းကယ်တင်ကြမှာလား ရာသီဥတုကို ထိန်းသိမ်း ကယ်တင်ကြမှာလား ဆိုတဲ့ အချက်ဖြစ်တယ်လို့ ယူဆပါတယ်။ အမှန်တရားကို တွေ့ရှိထားတာ ကတော့ ဆယ်စုနှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ နည်းပညာအရရော ဘဏ္ဍာငွေကြေးအရပါ အဖြေတွေက ရှိနေပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အစိုးရတွေက လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို မလုပ်ကြ တာပါလဲ။
နောက်တခုက ဘာဖြစ်လို့များ အစိုးရတွေက ရှေးလ်ဓာတ်ငွေ့(shale gas)၊ စိုက်ပျိုးလောင်စာ၊ နျူးကလီးယားစွမ်းအင်နဲ့ ဘူမိအင်ဂျင်နီယာရင်းစတဲ့ မှားယွင်း ဒါမှမဟုတ် အန္တရာယ်များတဲ့ အဖြေတွေကို အားပေး တိုက်တွန်းနေကြတာလဲလို့ မေးရမယ့်အချိန်ပါပဲ။
ကမ္ဘာ့ရာသီဥတုကို ကယ်တင်ဖို့ဆိုရင်
၁။ သိပြီးဖြစ်တဲ့အရံ ရုပ်ကြွင်းလောင်စာတွေရဲ့ ၄/၅ ဟာမြေအောက်မှာပဲ ရှိနေရပါမယ်။
၂။ အဲဒီရုပ်ကြွင်းလောင်စာတွေနဲ့ (နျူးကလီးယားစွမ်းအင်) အခြေပြု စွမ်းအင်စနစ်တွေကို လျော်ကြေးမဲ့ ဖြစ်နိုင်သမျှ မြန်မြန် ဖျက်ဆီးပစ်ရပါမယ်။
၃။ စီမံကိန်းချထားပြီး အသုံးမတည့်တော့တာတွေအပေါ် အခြေခံထားတဲ့ မလိုအပ်တဲ့ ဒါမှမဟုတ် အန္တရာယ် ပေးနိုင်တဲ့ ထုတ်လုပ်မှုတွေကို စွန့်ပစ်ကြရပါမယ်။
၎။ အာဏာရှင်ဆန်ပြီး မညီမျှတဲ့ ကုန်ထုတ်လုပ်မှု / စားသုံးမှုစနစ်တွေနေရာမှာ အချိန်တိုအတွင်း အကျိုးများ၊ ဗဟိုထိန်းချုပ်မှုမရှိ၊ လူမှုရေးနဲ့ ဒီမိုကရေစီအရ အသစ်ပြန်လုပ်နိုင်တဲ့ စနစ်တခုကို အစားထိုးပေးရပါမယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
တကယ်တော့ အားလုံးအတွက် ဂုဏ်သရေရှိတဲ့ဘ၀တွေကို အာမခံချက်ပေးရင်း ရာသီဥတုကပ်ဘေးတွေ ကို ရပ်တန့်ပစ်လို့ရပါတယ်။ အဲဒီအတွက် အခြေအနေတရပ်ကတော့ အရင်းရှင်စနစ်တိုက်ဖျက်ရေး နည်းလမ်း ဆောင်ရွက်မှုတွေ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။ အစိုးရတွေဆိုတာကတော့ ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးပစ်ဖို့၊ ရာသီဥတုပြောင်းလဲမှုရဲ့ သားကောင်တွေ ဖြစ်နှင့်ခဲ့ကြပြီးဖြစ်တဲ့ သန်းရာနဲ့ချီတဲ့ မရှိဆင်းရဲသားတွေ၊ အလုပ်သမား၊ လယ်သမားတွေနဲ့ အမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ဘ၀တွေကို အန္တရာယ်ပေးဖို့ ၀န်မလေးသလို လက်နက်ကုန်သည် တွေက အမြတ်အစွန်းထွက်နေတဲ့ အချိန်မှာ လူလောကကို အရိုင်းအစိုင်းဆန်တဲ့ ပရမ်းပတာ လုပ်ရပ်တွေနဲ့ ခြိမ်းခြောက်တာတွေ လုပ်ဖို့လည်း ၀န်မလေးကြတဲ့သူတွေဖြစ်တယ်လို့ ဆိုရမှာပါပဲ။ အရင်းက သဘာဝနဲ့ အလုပ်ကို သူပိုင်ပစ္စည်းလို့ စဉ်းစားပါတယ်။ ရာသီဥတုအရေးပေါ် အခြေအနေဖြစ်မှုနဲ့ တရားမျှတမှုကြားမှာ ရွေးချယ်စရာ မရှိပါဘူး။ ကမ္ဘာ့ ပြည်သူတွေ ရုန်းကန်တိုက်ခိုက်ကြရမှာပါ။ ပေါင်းစုစည်းရုံးကြရမှာပါ။ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံကြီး(COP21)အလွန်မှာ ကမ္ဘာ့နိုင်ငံအသီးသီး မှာရှိတဲ့ ပြည်သူလူထုတွေအတွက် အခွင့်အရေးတွေ အခိုင်အမာရရှိပြီး ပြည်သူ့တိုက်ပွဲဖွံ့ဖြိုးမြင့်တက်လာဖို့ ကျန်ာတို့ အားလုံးရဲ့ ဘုံလှုပ်ရှားဆောင်ရွက်မှုတွေကို တည်ဆောက်ကြရမှာဖြစ်ပြီး ကမ္ဘာ့ဂြိုဟ်ဆိုင်ရာ လူထု လှုပ်ရှားမှုကြီးတခု လုပ်ဆောင်ကြရအောင်ပါ။
ဒါမှပဲ ကျနော်တို့ကမ္ဘာကြီးရဲ့ကျန်းမာရေးနဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ကျန်းမာရေး ကောင်းမွန် အေးချမ်းနိုင်မှာ ဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။ ။
စိုးနေလင်း
Ref: Climate: disaster is on its way!(FI bureau)