Home
နိုင်ငံတကာ
လက်နက်ပေးပို့မှုရပ်ဆိုင်းမည့် အမေရိကန် ဆုံးဖြတ်ချက် အစ္စရေး တုံ့ပြန်
DVB
·
May 10, 2024

အစ္စရေးက ရာဖာကို တိုက်မယ်ဆိုရင် အစ္စရေးကို လက်နက်ပေးပို့မှု ရပ်ဆိုင်းထားဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မေ ၉ ရက်မှာ ငြင်းပယ်လိုက်ပြီး အစ္စရေးဟာ လိုအပ်လာရင် တနိုင်ငံတည်း ရပ်တည်သွားဖို့လည်း ပြင်ဆင်ထားတယ်လို့ ပြောလိုက်ပါတယ်။

“ပြောထားခဲ့ဖူးသလိုပဲ လုပ်စရာရှိတာ လုပ်ရမယ်ဆိုရင် ကိုယ့်မှာရှိသမျှနဲ့ တိုက်ပွဲဆက်ဝင်ရမှာပဲ” လို့ နေတန်ယာဟုက ဗီဒီယိုထုတ်ပြန်ချက်တခုထဲမှာ ပြောပါတယ်။

လွန်ခဲ့တဲ့ ၇၆ နှစ် လွတ်လပ်ရေးစစ်ပွဲတုန်းကလည်း အစ္စရေးဟာ အနည်းစုပဲရှိပြီး အများကြီးကို ဆန့်ကျင်ခဲ့ကြတာ၊ လက်နက်တွေလည်း မရှိတဲ့ အခြေအနေနဲ့ တိုက်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

အစ္စရေးကို လက်နက်ရောင်းချမှု ပိတ်ပင်မှုတွေ ရှိခဲ့ပေမဲ့ စိတ်ဓာတ်ခွန်အား၊ သူရဲကောင်းဆန်မှုတွေ၊ စည်းလုံးညီညွတ်မှုတွေနဲ့ အောင်ပွဲယူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

လက်သည်းခွံပဲ ကျန်ရင်တောင် လက်သည်းခွံနဲ့ ဆက်တိုက်သွားမှာဖြစ်ပြီး ဘုရားသခင် ကျေးဇူးတော်နဲ့ ဒိထက်မက ရှိထားတာနဲ့ ဆက်တိုက်သွားမှာဖြစ်ပြီး အတူတူ အောင်ပွဲခံကြမယ်လို့လည်း ဆိုပါတယ်။

လူဦးရေ တသန်းကျော်ရှိတဲ့ အိုးအိမ်မဲ့ ပါလက်စတိုင်းတွေ ခိုလှုံနေကြတဲ့ ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့ကို အစ္စရေးက စစ်ဆင်ရေးလုပ်ရင် လက်နက်ထောက်ပံ့မှု ရပ်တန့်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သတိပေးချက်အပြီးမှာ နေတန်ယာဟုရဲ့ တုံ့ပြန်ပြောဆိုချက် ထွက်လာတာပါ။

ရာဖာ စစ်ဆင်ရေးအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သဘောထားကွဲလွဲမှုတွေကိုလည်း ကျော်လွှားနိုင်ဖို့ မျှော်လင့်ကြောင်း နေတန်ယာဟုက မေ ၉ ရက် စီအန်အန်သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးတင့်ကားတွေဟာ အခုသီတင်းပတ် အစောပိုင်းမှာ အီဂျစ်နဲ့ထိစပ်နေတဲ့ ပါလက်စတိုင်းဘက်ခြမ်းရှိ ရာဖာနယ်စပ်ဂိတ်ကို သိမ်းပိုက်ခဲ့ပြီး အခုလက်ရှိမှာလည်း အနီးနားရှိ ရာဖာမြို့ ဆင်ခြေဖုံးတွေမှာ စုံစမ်းစစ်ဆေးနေပါတယ်။

နေတန်ယာဟုဟာ အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ နိုင်ငံတကာဖိအားတွေ တိုးမြင့်လာမှုကို ဖီဆန်နေခဲ့ပေမဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ အခြေစိုက်တဲ့ တပ်ရင်း ၄ ခုရှိရာ ရာဖာမြို့ထဲကို ဝင်ရောက်ဖို့ သူ့တပ်ဖွဲ့ဝင်တွေကို အခုချိန်အထိ အမိန့်မပေးသေးပါဘူး။

ရာဖာမှာဆင်နွှဲမယ်ဆိုတဲ့ စစ်ဆင်ရေး အကြီးစားကြီးဟာ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တွေနဲ့ ဓားစာခံအရေး ဆွေးနွေးမှုမှာ အစ္စရေးရဲ့ ရပ်တည်ချက်ကို အားနည်းစေမှာဖြစ်ပြီး ကမ္ဘာမှာလည်း အစ္စရေးရဲ့ ရပ်တည်မှုကို အားနည်းစေလိမ့်မယ်လို့  အမေရိကန်က ယူဆကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မစ်လာက မေ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရာဖာစစ်ဆင်ရေးကြီးဟာ ဟားမတ်စ်တို့ ရှုံးနိမ့်တာကို မြင်လိုပြီး ဂါဇာမှာ ကွဲပြားတဲ့ အုပ်ချုပ်ရေးဖွဲ့စည်းပုံနဲ့ ဟားမတ်စ်တွေကို အစားထိုးတာကို မြင်ချင်တယ်လို့ အစ္စရေးရဲ့ ရည်မှန်းချက်ကို မျှဝေခဲ့ကြတဲ့ ဒေသတွင်း မိတ်ဖက်တွေနဲ့လည်း ဝေးကွာစေလိမ့်မယ်လို့ ပြောခဲ့ကြောင်းလည်း မစ်လာက ဆိုပါတယ်။

ဝါရှင်တန်ဟာ ဟားမတ်စ်ကတင်သွင်းတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ပြင်ဆင်ချက်အပေါ် အစ္စရေးနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ မစ်လာက ပြောဆိုပြီး သဘောတူညီချက်ရဲ့ စာသားကို အပြီးသတ်ဖို့ လုပ်ဆောင်နေတာဖြစ်ပေမဲ့ အဲဒီအလုပ်က တော်တော်ကို ခက်ခဲပါတယ်လို့လည်း ဆိုပါတယ်။

သူတို့လိုက်ပါလုပ်ဆောင်နိုင်တဲ့ တခြားရွေးချယ်စရာတွေအကြောင်း သူတို့နဲ့ ဆက်ပြီး ဆွေးနွေးနေကြောင်းနဲ့ ဟားမတ်စ်ကို ဖြိုခွင်းပြီးတော့ ရာဖာမှာ ဟားမတ်စ် အကြွင်းအကျန်တွေကို ရှင်းလင်းပြီး အရပ်သားတွေကို အန္တရာယ်မပြုဘဲ၊ သွားစရာနေရာ မရှိလို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေထိုင်မှုတွေ မလုပ်ရဘဲ သူတို့လုပ်နိုင်တဲ့ တခြားမူဝါဒရွေးချယ်မှုတွေ အပြည့်အစုံကိုလည်း တင်ပြပေးထားကြောင်း ပြောပါတယ်။

အစ္စရေးက ရာဖာမှာ ခိုလှုံနေတယ်ဆိုတဲ့ ထောင်နဲ့ချီတဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေကို ချေမှုန်းဖို့ ရာဖာစစ်ဆင်ရေးကြီးကို လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ထားပေမဲ့ မြို့ထဲမှာ ခိုလှုံနေထိုင်ကြရသူတွေက လူပေါင်း တသန်းကျော်လောက် ရှိနေတာကြောင့် ကုလသမဂ္ဂကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတခုအတွက် သတိပေးချက်ကို နှိုးဆော်ထားပါတယ်။

ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ကို ဖျက်ဆီးပစ်ဖို့ တာဝန်ပေးအပ်ထားတဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာနဲ့ အီဂျစ်ကြားရှိ အဓိကနယ်စပ်ဖြတ်ကျော်ရာ ရာဖာမြို့ကို အင်္ဂါနေ့က သိမ်းပိုက်ခဲ့ပြီး အာဟာရချို့တဲ့မှု ပျံ့နှံ့နေတဲ့ နယ်မြေအတွင်းကို အကူအညီပေးရေး အဓိကလမ်းကြောင်းကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဒါဟာ ဟားမတ်စ်အဖွဲ့က တိုက်ခိုက်ရေးသမားတွေကို သတ်ဖြတ်ဖို့နဲ့ ဟားမတ်စ်တွေ အသုံးပြုတဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်သိမ်းဖို့အတွက် အကန့်အသတ်နဲ့ စစ်ဆင်ရေး ပြုလုပ်နေတာဖြစ်ကြောင်း ပြောပါတယ်။

အရပ်သားတွေကိုလည်း ကီလိုမီတာ ၂၀ အကွာရှိ တိုးချဲ့ လူသားချင်း စာနာထောက်ထားမှုဇုန်ကို သွားခိုင်းထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024