Home
မြန်မာသတင်း
နတ်မောက်၊ ကျွန်းစု၊ ဖားကန့်၊ မုံရွာတို့တွင် စစ်ကောင်စီဒေါက်တိုင် ၃ ဦး အသတ်ခံရပြီး ၃ ဦး ဖမ်းဆီးခံရ
DVB
·
May 10, 2024

မကွေးတိုင်း နတ်မောက်မြို့နယ်၊ အုတ်ဖိုကျေးရွာက စစ်သားသစ်စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူး တဦးဟာ မေ ၈ ရက်၊ ညနေ ၃ နာရီလောက်က နေအိမ်မှာ ပစ်သတ်ခံလိုက် ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုတ်ဖိုရွာသားတဦးက “အုပ်ချုပ်ရေးမှူး ပေါ်ဦးလေ။ သူက အရင်ကတည်းက ပြည်ခိုင်ဖြိုးပါတီ၀င် လုပ်တယ်။ အာဏာသိမ်းပြီး မကြာခင် အုပ်ချုပ်ရေးမှူးဖြစ်တာ။ စစ်တပ်ကို စစ်သားသစ် စုဆောင်း ပေးတာကို အဓိက လုပ်ပေးနေတာ” လို့ ပြောပါတယ်။

အုတ်ဖိုကျေးရွာအုပ်ချုပ်ရေးမှူး ပေါ်ဦး (ခေါ်) စိန်တလုံးဟာ ဦးခေါင်းကို ကျည်ဆန် ၂ ချက်ထိမှန်ကာ နတ်မောက်ဆေးရုံကိုအသွား လမ်းမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကို နတ်မောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ရဲဘော်တဦးက ပြောပါတယ်။

“စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ သူတွေကို ရှင်းလင်းမယ်လို့ ပကဖတွေက အရင်ကတည်းက ပြောထားပြီးသားရှိတယ်။ အဲ့ဒါကြောင့် စိန်တလုံးကို ရှင်းလင်းလိုက်တာပါ။”

နတ်မောက်မြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေနဲ့ ပျူစောထီးတွေ မကြာခဏ အသတ်ခံရနေပေမဲ့ နတ်မောက်ဒေသခံတွေကို ပေါ်တာဆွဲတာနဲ့ စစ်သားသစ်စုဆောင်းတာတွေကတော့ နေ့စဥ်နဲ့အမျှရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးဖြစ်တဲ့ ပျူစောထီး ခေါင်း‌ဆောင်တဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တယ်လို့ ‌ဒေသခံ တွေဆီက သိရပါတယ်။

မဲတောကျေးရွာအုပ်စု၊ သဘောင်းတောင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မြင့်( ၄ဝ နှစ်)ဟာ မေ ၇ ရက် မနက် ၈ နာရီခွဲလောက်က ရွာထဲရှိ နာရေးအိမ်တဆောင်ကို သွားဖို့ နေအိမ် ကနေ ထွက်ခွာလာစဉ် လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ကျေးရွာနေသူတွေက ပြောပါတယ်။

ကျေးရွာနေသူတဦးက "သူကအရင်တုန်းက ဝန်ကြီးသိန်းလွင်ရဲ့တပည့်တဲ့။ သူက ရွာမှာ အုပ်ချုပ်ရေးမှူးလုပ်နေတာ ၅ နစ် လောက်ရှိပြီ။ သူမှာလည်းအစတည်းက လက်နက် (သေနတ်) ရှိတယ်။ သူကပြန်ခုခံတော့ ဟိုဘက်က နှစ်ယောက် ပစ်လိုက်တာပါ။ မျက်လုံးတောင် ထွက်ကျသွားတယ်။ သူတို့(စကစ)ဖက်ကအလောင်းစစ် ဆေးဆိုပြီးတော့ ပြန်လာသယ်ဆောင် သွားတယ်"လို့ ပြောပါတယ်။

အသတ်ခံရတဲ့ ဦးကျော်ကျော်မြင့်ဆိုသူမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ခေါင်းဆောင်  တဦးဖြစ်ပြီး အသတ်မခံရခင်က အသင့်ပါလာတဲ့ သေနတ်နဲ့ ပြန်လည် ပစ်ခတ်ခဲ့သေးတယ်လို့ ရွာခံတွေက ပြောပါတယ်။

ဦးကျော်ကျော်မြင့်အား သွားရောက်ဖမ်းဆီးတဲ့အခါမှာ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ  က ထုတ်ပြန် ထားပါတယ်။

သေဆုံးသူ ဦးကျော်ကျော်မြင့်ထံကနေ ပစ္စတိုတလက်၊ ၉ မမ ကျည်တတောင့်၊ လက်ထိတ်တခု၊ ဖုန်းတလုံး၊ မှတ်ပုံတင်၊ အုပ်ချုပ်ရေးမှူးကတ်နဲ့ တခြား သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

သေဆုံးသူရုပ်အလောင်းအား ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာပြီး သယ်ဆောင်သွားခဲ့‌ပြီး အခင်းဖြစ်ပွားရာ အနီးဝန်းကျင်မှာရှိနေတဲ့ အရပ်သား တချို့ကိုလည်း ရဲတပ်ဖွဲ့ကနေ စစ်ဆေးမေးမြန်းခဲ့တယ်လို့  ပြောပါတယ်။

ဧပြီ ၇ ရက်ကလည်း ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ စူငယ်ဘလိုင်းကျေးရွာအုပ်စု၊ အောက်မြန်မာရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တဦး ဥယျာဉ်ခြံအထွက်မှာ အသတ်ခံခဲ့ရပါသေးတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေ ၆ ရက် ညက စစ်ကောင်စီလက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မသိ လက်နက်ကိုင်အဖွဲ့က  စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်  တပ်ကြပ်ကြီးတဦးကို ဖမ်းဆီးစဉ် ပြန်လည်ခုခံကာ ထွက်ပြေးတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတာလို့ သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “ည ၇ နာရီလောက်က အဖမ်းခံရတာ နှစ်ယောက်။ ငှက်ပျောတောရပ်ကွက် နှစ်ခြင်းဘုရားကျောင်းနားမှာ ထွက်ပြေးလို့ သေနတ်နဲ့ပစ်တာ။ တယောက်ကတော့ လွတ်သွားတယ်။ စရဖ တပ်ကြပ်ကြီးကတော့ သေနတ်မှန်ပြီး သေသွားပြီ။ ဘယ်အဖွဲ့က ပစ်တာလဲတော့ မသိရဘူး” လို့ ပြောပါတယ်။

အမည်မသိ သေနတ်သမားအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ စရဖ တပ်ကြပ်ကြီးရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်သွားပြီး အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်က လာရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၃၀ ရက်ကလည်း ရဲတပ်ရင်း ၃၀ ကနေ ပစ္စည်းထွက်ဝယ်တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ KPDF က ဖမ်းဆီးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာက အမျိုးသမီးပျူစောထီးခေါင်းဆောင် အပါအဝင် ၃ ဦးကို မေလ ၄ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ Area 71 PDF Monywa အဖွဲ့ဆီကနေ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ တောပုပျူစောထီးကျေးရွာက အမျိုးသမီးပျူစောထီးခေါင်းဆောင် ခိုင်ခင်ဦး၊ ပျူစောထီး ချစ်ရဲနိုင်ရဲ့ ဇနီး အမျိုးသမီးပျူစောထီးအဖွဲ့၀င် မိသီး နဲ့ ပျူစောထီး ဌေးညွန့် ရဲ့ဇနီး အမျိုးသမီးပျူစောထီးအဖွဲ့၀င် အေးမြတ်မွန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

Area 71 PDF Monywa အဖွဲ့ရဲ့ တာ၀န်ခံတဦးက “အမျိုးသမီးပျူခေါင်းဆောင် ခိုင်ခင်ဦး က စစ်ကောင်စီစစ်ကြောင်းတွေနဲ့လိုက်ပြီး မုံရွာမြို့နယ်က ထနောင်းတောရွာနဲ့ ကြာပိုင်ရွာတွေကို မီးရှို့တဲ့အထဲမှာ သူကိုယ်တိုင်ပါ၀င်ခဲ့တယ်။ လူနေအိမ်တွေထဲက ပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်း အဓမ္မသိမ်းယူခဲ့ပါတယ်လို့ ၀န်ခံထားတယ်” လို့ DVB ကို ပြောပြပါတယ်။

ဖမ်းဆီးရမိထားတဲ့ အမျိုးသမီးပျူစောထီးအဖွဲ့၀င်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ ကာကွယ်ရေး၀န်ကြီးဌာန - MOD တို့ရဲ့ တရားစီရင်ရေးအတိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“မိသီး ရဲ့ယောကျ်ား ချစ်ရဲနိုင် နဲ့ အေးမြတ်မွန် ရဲ့ယောကျ်ား ဌေးညွန့် တို့ကို စစ်ကောင်စီတပ်က လက်နက်ထုတ်ပေးထားတယ်။ လက်နက်ကိုင်ရတဲ့ပျူစောထီးတွေဆိုတော့ စစ်ကောင်စီတပ်သားတွေနဲ့ တချိန်လုံးရှိနေတာ။ ရွာတွေထဲ၀င်ပြီး ပစ္စည်းတွေလုတာ၊ ရွာမီးရှို့တာတွေလုပ်နေတဲ့ အမျိုးယုတ်ကောင်တွေပေါ့” လို့ မုံရွာ-ပလဖ ရဲဘော်တဦး ပြောဆိုပါတယ်။

အဆိုပါ ဖမ်းဆီးမှုကို Area 71 PDF Monywa နဲ့ မုံရွာမြို့နယ်တိုက်နယ်-၁ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

Photo & Video .... Area 71 PDF

ပုံ ဖါးကန့် Cj

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024