Home
မြန်မာသတင်း
လိင်စိတ်ခံယူမှုကွဲပြားသူ နိုင်ငံရေးအကျဉ်းသား ၁ ဦး သာယာဝတီထောင်တွင် မုဒိမ်းကျင့်ခံရ
DVB
·
May 4, 2024

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ လိင်စိတ်ခံယူမှုကွဲပြားသူ နိုင်ငံရေးအကျဉ်းသား တယောက်ကို တိုက်တန်းစီးက မုဒိန်းကျင့်မှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(PPNM) ဆီက သိရပါတယ်။

လိင်စိတ်ခံယူမှုကွဲပြားသူ အသက် ၂၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရဲရဲဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံရပြီး ပုဒ်မ ၅၀ (ဈ)၊ ပုဒ်မ ၅၁ (ဂ)၊ ပုဒ်မ ၅၄၊ ပုဒ်မ ၁၇ (၁) အပြင် တခြား လက်နက်ပုဒ်မတွေနဲ့ ထောင်ဒဏ် ၉ နှစ် အမိန့်ချခံထားရပြီး အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရပြီးနောက် သာယာဝတီထောင် (က) တိုက်မှာ သီးခြား နေထိုင်ရသူဖြစ်တယ်လို့ PPNM တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုသိုက်ထွဋ်ဦးက ဆိုပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်လောက်မှာ တတိုက်ထဲနေတဲ့ ပြူးကြီးဆိုသူ တိုက်တန်းစီးက ကိုရဲရဲကို မုဒိမ်းကျင့်ခဲ့ပြီး မုဒိမ်းကျင့်တာကို ငြင်းဆန်ခဲ့တဲ့ ကိုရဲရဲကို ပြူးကြီးက ကျောက်ခဲနဲ့ ရိုက်နှက်လို့ ဦးခေါင်းကွဲပြီး အကျဉ်းထောင်ဆေးရုံမှာ ဒဏ်ရာကို ချုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကိုပြူးကြီးဆိုသူဟာ တခြားရာဇဝတ်မှုနဲ့ သေဒဏ်အမိန့်ကျခံထားရပြီး အဲဒီ မုဒိမ်းဖြစ်စဉ်ကြောင့် အကျဉ်းထောင်အာဏာပိုင်တွေက ကိုပြူးကြီးကို ရာထူးလျှော့ချတာလောက်ပဲ လုပ်ပြီး ထိရောက်တဲ့ ပြစ်ဒဏ်ပေးတာမျိုးမရှိသေးဘူးလို့ ကိုသိုက်ထွဋ်ဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း မစောဟန်နွေဦးက “ကျမကိုယ်တိုင်လည်း မန္တလေးအိုးဘိုထောင်မှာ ကြုံခဲ့ရတယ်။ အဓိကကတော့ ဒီလိုဖြစ်တည်မှုတွေကို သိပ်လက်မခံကြဘူးလေ။ သူတို့က ဒီလိုလူတွေ အပေါ်မှာ မြင်တဲ့အမြင်က အရမ်းဆိုးဝါးတယ်။ ထောင်ထဲမှာလည်း ဒီလိုဖြစ်စဉ်တွေက နေ့စဉ်နဲ့အမျှပဲ။ အခုအချိန်အထိ ထိထိရောက်ရောက် ကာကွယ်ပေးမှုမရှိသေးဘူး။ ဒီကာလမှာ ဝိုင်းအာရုံစိုက်ပေးကြပြီး များများထုတ်ပြောပေးဖို့လိုတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ နိုင်ငံရေးအကျဉ်းသားတွေရှိပြီး အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေအပြင် တခြားရာဇဝတ်မှု နှစ်ကြီးအကျဉ်းသားတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ၊ အကြမ်းဖက်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း PPNM က ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024