Home
နိုင်ငံတကာ
ဩစတြေးလျတက္ကသိုလ်ကြီးများတွင် ဂါဇာစစ်ပွဲဆန့်ကျင်ရေး တဲထိုးဆန္ဒပြမှုများ အားကောင်းလာ
DVB
·
May 4, 2024

ဩစတြေးလျနိုင်ငံတလွှားမှာ ပါလက်စတိုင်းထောက်ခံတဲ့ ဂါဇာစစ်ပွဲဆန့်ကျင်ရေး တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ တဲထိုး သပိတ်စခန်းဖွင့် ဆန္ဒပြမှုတွေ အားကောင်းလာနေပြီး အကြီးဆုံး ဆစ်ဒနီတက္ကသိုလ်ကနေ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ကန်ဘာရာနဲ့ အခြားမြို့ကြီးတွေက တက္ကသိုလ်တွေကို ပျံ့နှံ့သွားပြီဖြစ်ပါတယ်။  

မေ ၃ ရက်က ဆစ်ဒနီတက္ကသိုလ်မှာ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေက အစ္စရေးနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ထားတာတွေ ရုပ်သိမ်းဖို့ ကုမ္ပဏီတွေကို တောင်းဆိုခဲ့ကြပါတယ်။  

ပြီးခဲ့တဲ့အပတ်ကတည်းက ဆစ်ဒနီတက္ကသိုလ် ပင်မဆောင်ကြီးရှေ့မှာတဲထိုးဆန္ဒပြနေ ကြတာ ဖြစ်ပါတယ်။ 

အမေရိကန်မှာ သပိတ်စခန်းတွေကို ရဲအင်အားသုံးနှိမ်နင်းခဲ့ပေမဲ့ ဩစတြေးလျမှာတော့ လွတ်လပ်စွာ ဆန္ဒပြခွင့်ပေးထားတဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းရှိနေပါတယ်။ 

ဆစ်ဒနီတက္ကသိုလ်က  ပါလက်စတိုင်းထောက်ခံဆန္ဒပြသူတွေနဲ့  မလှမ်းမကမ်းမှာတော့ ဩစတြေးလျနဲ့ အစ္စရေးအလံကိုင်ထားတဲ့ အစ္စရေးထောက်ခံသူတွေ စုရုံးပြီး တန်ပြန် ဆန္ဒပြ နေပါတယ်။ 

ပြဿနာမဖြစ်အောင် လုံခြုံရေး အစောင့်တွေက စည်းခြားပေးထားပါတယ်။ အမေရိကန်မှာလို အကြမ်းဖက်တာမျိုးမတွေ့ရတဲ့အတွက် ကျောင်းဝင်းထဲ တဲထိုးသပိတ်စခန်းဖွင့်တာကို ခွင့်ပြုပေး ထားတယ်လို့ ဆစ်ဒနီတက္ကသိုလ် ဒုတိယအဓိပတိ မာ့ခ် စကော့က ပြောပါတယ်။

တက္ကသိုလ်အပြင်ဘက်မှာ ရဲကား တချို့ ရပ်ထားပေမဲ့ ကျောင်းဝင်းထဲကို ဘယ်ရဲမှ  ကျောင်းထဲ မဝင်ပါဘူး။ 

အစ္စရေးရဲ့ ကာလရှည်မဟာမိတ်တစ်ဦးဖြစ်တဲ့ ဩစတြေးလျဟာ လက်ရှိဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအစိုးရရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လက အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဩစတြေးလျနိုင်ငံသား အကူအညီပေးရေး လုပ်သား တဦး သေဆုံးခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024