Home
မြန်မာသတင်း
စစ်တွေ မင်းချောင်းတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီး၊ လုံခြုံရေးတင်းကျပ်ပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်
DVB
·
February 13, 2024

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့တို့ကို ဆက်သွယ်ထားတဲ့ အမြင့်ကျွန်းကျေးရွာအနီးက မင်းချောင်းတံတားကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ မိုင်းခွဲ ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ညဆယ်နာရီလောက်မှ ပေါက်ကွဲသံနဲ့အတူ ကျိူးကျတဲ့အသံပါ ကြားလိုက်ရတယ်။ တံတားအလယ်ကနေကျိူးသွားတော့ သွားလာလို့မရနိုင်တော့ဘူး" လို့ အနီးအနားပတ်ဝန်းကျင်နေ ဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့နယ်ဟာ ရေပတ်ပတ်လည်ဝိုင်းနေတဲ့ ကျွန်းဖြစ်တဲ့အပြင် မင်းချောင်းတံတားဟာ စစ်တွေမြို့ကနေ ရန်ကုန်နဲ့ အနီးအနားမြို့တွေကို ကုန်လမ်းနဲ့ သွားရောက်ဖို့အတွက် ဆက်သွယ်ထားတဲ့ အရေးကြီးတဲ့ တံတားလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်လာရင် အေအေတပ်သားတွေအနေနဲ့ စစ်တွေမြို့ထဲကို ကုန်လမ်းနဲ့ ဝင်ရောက်လို့ မရအောင် စစ်ကောင်စီက အခုလို ဖျက်ဆီးလိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။

"အနီးအနားမြို့တွေကိုလည်း အေအေဘက်ကနေသိမ်းထားတော့၊ အေအေတွေ စစ်တွေမြို့ထဲကို ဝင်လာမှာကို စစ်ကောင်စီတပ်သားတွေ ကြောက်နေကြတယ်။ ကုန်လမ်းကနေ အေအေတွေ ဝင်လာလို့မရအောင် မင်းချောင်းတံတားကို ဖျက်ဆီးလိုက်တာ။" 

ဒါ့အပြင် စစ်ကောင်စီဟာ စစ်တွေရန်ကုန် ကားလမ်းအတွက် အရေးကြီးတဲ့ တံတားနောက်တစင်းဖြစ်တဲ့ ကျောက်တော်မြို့နယ်မှ ကစ္ပနဒီတံတားကိုလည်း လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာတွေလည်း ပိုမိုပြုလုပ်လာပြီး ဖေဖော်ဝါရီ ၁၁ ရက်ကစတင်ကာ လုံခြုံရေးအင်အား တင်းကျပ်ထားသလို ဖုန်း၊ အင်တာနက်လိုင်းအားလုံးကိုလည်း ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ခံတဦးက “စစ်ကောင်စီတပ်တွေ အခိုင်အမာတပ်စွဲထားတဲ့ မြို့လေးငါးခုလောက်ကို လက်လွှတ်ဆုံးရှုံးလိုက်ရတော့ စစ်တွေမြို့မှာ ပိုပြီးတော့ လုံခြုံရေးအင်အားတွေကို တိုးချလာတာကို တွေ့ရတယ်။ စစ်ကားတွေဆိုရင်လည်း မေယုလမ်းပေါ်မှာ အစီးအရေ ၂၀ ကျော် ၃၀ ကျော်လောက် နေ့တိုင်းသွားနေတယ်” လို့ ပြောပါတယ်။

စစ်တွေမြို့ အဝင်အထွက်ဂိတ်တွေ အပါအဝင် မေယုလမ်းမတလျှောက်နဲ့ ဌာနဆိုင်ရာရုံးတွေကို ဆက်သွယ်ထားတဲ့ လမ်းတွေမှာ စစ်ကောင်စီက လုံခြုံရေးအင်အားတိုးချဲ့ချထားပြီးတော့ စစ်တွေမြို့ကနေ ထွက်လို့ရတဲ့ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကိုလည်း ပိတ်ထားတယ်လို့ မြို့ခံ နောက်တဦးက ပြောပါတယ်။

"ရပ်ကွက်တိုင်းမှာ လုံခြုံရေးတွေ အမြဲတမ်းရှိတယ်။ မြို့ထဲကနေ ထွက်လို့ရတဲ့ ရေလမ်း၊ ကုန်လမ်း အကုန်လုံးကိုလည်း ပိတ်ထားတယ်၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေလောက်ပဲ သွားလာခွင့်ရတယ်။ နေ့တိုင်းလည်း လက်နက်ကြီးသံနဲ့ သေနတ်ပစ်သံကို အမြဲတမ်းကြားနေရတယ်။” 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ပြည်သူတွေကိုလည်း ဖမ်းဆီး၊ သတ်ဖြတ်နေပြီး သတင်းအချက်အလက် စီးဆင်းမှုမရှိအောင် ဖုန်း၊ အင်တာနက်လိုင်းတွေကိုပါ ဖြတ်တောက်ထားပါတယ်။

"စစ်ရေးအရရှုံးလာတော့ ပြည်သူတွေကိုပိုပြီးတော့ ဖိလာတယ်။ ဖုန်း၊ အင်တာနက်လိုင်းတွေကိုပါ ဖြတ်ထားတော့ သတင်းအချက်အလက်စီးဆင်းမှုတွေပါ အကုန်ရပ်ကုန်တယ်"လို့ မြို့ခံက  ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ မိသားစုဝင်တွေဟာ စစ်တွေမြို့ပေါ်ကနေ ရွှေ့ပြောင်းနေကြပြီးတော့ စစ်ကောင်စီတပ်သားတွေဟာ စစ်တွေမြို့ပေါ်မှာ နောက်ဆုံးခံစစ်အဖြစ်နဲ့ပါ ပြုလုပ်နေတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောပါတယ်။

“အကြီးပိုင်းဝန်းထမ်းတွေနဲ့ သူတို့ပိုင်တဲ့ ကားတွေ၊ ပစ္စည်းတွေကို သင်္ဘောနဲ့ ရန်ကုန်ကို တင်ပေးနေတာတွေရှိတယ်။ ဌာနဆိုင်ရာအကြီးပိုင်းတွေဆို ရန်ကုန်ကို ပြောင်းသွားကြပြီ။ မြို့ထဲမှာလည်း စစ်သားတွေက ပိုပြီးတော့များလာတယ်။” 

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဟာ ဖုန်း၊ အင်တာနက်လိုင်းတွေနဲ့ ဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်ထားတဲ့အပြင် ခရီးသွားလာခွင့်၊ ကုန်စည်စီးဆင်းခွင့်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အားလုံးလည်း ပိတ်ထားပါတယ်။

တိုက်ပွဲတွေကြောင့်နဲ့ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပြည်သူပိုင် နေအိမ်၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အုံနဲ့ သမိုင်းဆိုင်ရာအထောက်အထားတွေကို ပစ်မှတ်ထားဖျက်ဆီးနေတာကြောင့် ပြည်သူ ၃ သိန်းနီးပါးလောက် စစ်ဘေးရှောင်နေရပြီးတော့ စားနပ်ရိက္ခာအပါအဝင်၊ ဆေးဝါး၊ အဝတ်အထည်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို လိုအပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးအရေ အရေးကြီးပါတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေအပြင် ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျတဲ့ မြို့တွေကို စစ်ကောင်စီဖက်က လက်လွှတ်ဆုံးရှံးရပြီးနောက်ပိုင်းမှာ စစ်တွေမြို့ပေါ်မှာ လုံခြုံရေးနဲ့ တပ်အင်အားတွေကို တိုးချဲ့ချထားပြီးတော့ ပြည်သူတွေကိုလဲ ဖမျးဆိီး၊ စစ်ဆေးလျက်ရှိပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးအရရှံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ဌာနဆိုင်ရာအကြီးအကဲတွေအပါအဝင် မိသားစုဝင်တွေအများစုကို ရန်ကုန်သို့ လေကြောင်း၊ ရေကြောင်းနဲ့ ပြောင်းရွှေ့နေကြပြီးတော့ စစ်တွေမြို့ပေါ်ကနေလဲ ဆုတ်ခွာပြေးနေကြပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024