Home
မေးမြန်းခန်း
“မင်းအောင်လှိုင်ကို သမိုင်းရဲ့ အမှိုက်ခြင်းတောင်းထဲ ပစ်ထည့်လိုက်လို့ရပါပြီ” အီဂေါဗလာဇီဗစ်
DVB
·
February 13, 2024

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ မြန်မာနွေဦးတော်လှန်ရေး ၃ နှစ် တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်ကြားမှာ တိုက်ပွဲတွေ တလျှောက်လုံးလိုလို ဖြစ်လာခဲ့တာပါ။ မှတ်မှတ်ရရဆိုသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာအတွင်းမှာတော့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကိုတော့ နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေးချိန်ခွင်လျှာကို အပြောင်းအလဲဖြစ်စေတဲ့ စစ်ဆင်ရေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့  ၂၀၂၄ ခုနှစ်မှာ ဖြစ်လာနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး စစ်ရေးအနေအထားတွေကို တစိုက်မတ်မတ် အကြံပြုရေးသားနေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ အီဂေါဗလာဇီဗစ်ကို ဒီဗွီဘီသတင်းဌာနမှ ယမင်းမြတ်အေးက ဆွေးနွေး မေးမြန်းထားပါတယ်။

(အပြည့်အစုံ)

မေး - ဟုတ်ကဲ့ မစ္စတာအီ‌ဂေါ ကျေးဇူးတင်ပါတယ်။ ကျမ အခုသိချင်တာကတော့ စစ်ကောင်စီ အနေအထားနဲ့ မြန်မာစစ်တပ်ရဲ့ လတ်တလော အနေအထားအပေါ် အမြင်ကို သိချင်ပါတယ်။ ဘယ်လိုသုံးသပ်မိပါသလဲရှင့်။

ဖြေ - “စစ်တပ်နဲ့ပတ်သက်ပြီး လက်တွေ့ကျကျ လေ့လာသုံးသပ်ကြည့်မယ် ဆိုရင်တော့ ကျနော်တို့ အစု သုံးခုခွဲကြည့်ရမှာ ဖြစ်ပါတယ်။ ပထမတခုကတော့ လက်ရှိ အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီနဲ့ မင်းအောင်လှိုင်တို့အုပ်စု ဖြစ်ပါတယ်။ ဒီအုပ်စုဟာ လတ်တလောမှာ အခြေအနေမကောင်းပါဘူး။ လုံးဝကို အကွဲကွဲအပြဲပြဲတွေ ဖြစ်နေပါတယ်။ ဒဏ်ရာရထားတဲ့ ကျားနာတွေလိုလည်း ဖြစ်နေပြီး ဇာတ်သိမ်းဖို့ သေချာသလောက် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဘယ်အချိန်လဲဆိုတာ အတိအကျ မပြောနိုင်သေးသလို ဘယ်လိုပုံစံမျိုးနဲ့ ဇာတ်သိမ်းမှာလဲ၊ ဖြုတ်ချခံရမှာလား၊ ဖယ်ရှားခံရမှာလား ဆိုတာလည်း တိတိကျကျ ပြောလို့မရနိုင်သေးပါဘူး။ ဒါပေမဲ့ စစ်ကောင်စီ ဆက်ပြီး အသက်ဆက်ဖို့တော့ မလွယ်တော့ပါဘူး။ ဆိုတော့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်။ စစ်ကောင်စီ ဘယ်အချိန်မှာ ပြုတ်ကျနိုင်သလဲ ဆိုရင်တော့ သူတို့ ဘယ်လောက်အထိ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးပစ်ဦးမလဲ ဆိုတာနဲ့ ဘယ်လောက်အထိ ဒုက္ခတွေပင်လယ်ဝေအောင် ထပ်လုပ်ဆောင်လာကြဦးမလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ အခုတင် ဒီလိုကိစ္စရပ်တွေကို အမြောက်အမြား ကျူးလွန်ထားပြီးပါပြီ။ သူတို့ ဒီလိုပုံစံမျိုးနဲ့ ပိုပိုပြီး လုပ်ဆောင်လာလေလေ သူတို့ဖယ်ရှားခံရမယ့်အချိန်က ပိုနီးလာလေလေပါပဲ။ သူဖယ်ရှားခံရပြီဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေတဆင့် လက်ရှိအကျပ်အတည်းတွေကနေ ရုန်းထွက်လို့ရနိုင်တဲ့ အခွင့်အရေး ရှိနေပါသေးတယ်။”

“စစ်တပ်နဲ့ပတ်သက်တဲ့ ဒုတိယတလွှာကတော့ ယခင်စစ်ဗိုလ်ချုပ်တွေရော၊ အခုလက်ရှိ စစ်ဗိုလ်ချုပ်တွေပါ ပါဝင်တဲ့ အကျိုးစီးပွားတူအုပ်စုတွေ ဖြစ်ပါတယ်။ ဒီအုပ်စုတွေက တိုင်းပြည်ရဲ့အာဏာကို ဆက်ထိန်းထားချင်ကြတယ်။ နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာတွေကို ဆက်ပြီး ချုပ်ကိုင်ထားလိုကြတယ်။ စစ်ကောင်စီ ဘယ်လိုပုံစံမျိုးနဲ့ ကျရှုံးသွားသလဲဆိုတဲ့ အနေအထားဟာ သူတို့အပေါ်မှာလည်း သက်ရောက်မှု ရှိလာပါလိမ့်မယ်။ အဲလိုဖြစ်လာရင် သူတို့ကိုယ်တိုင်လည်း စစ်ကောင်စီနဲ့အတူ ဖယ်ရှားခံရမလား၊ လက်ရှိ ရရှိထားတဲ့ နိုင်ငံရေးအာဏာတွေ စီးပွားရေးအာဏာတွေပါ ဖယ်ရှားခံရမလား၊ ဒါမှမဟုတ် သူတို့က တနည်းနည်းနဲ့ နိုင်ငံရေးမှာ ဆက်ပြီး ပါဝင်လို့ရဦးမလား ဆိုတာကို စောင့်ကြည့်နေတဲ့ အုပ်စုပါ။”

“တတိယအုပ်စုကတော့ ကြည်း၊ ရေ၊ လေ တပ်တွေထဲက အမိန့်ပေးစေခိုင်းမှုအောက်မှာ လုပ်ဆောင်နေရတဲ့ သာမန်စစ်မှုထမ်းတွေ ဖြစ်ပါတယ်။ တကယ်လို့ စစ်ကောင်စီရော၊ ဒုတိယအလွှာဖြစ်တဲ့ စစ်တပ်နဲ့ နှီးနွှယ်နေတဲ့ အကျိုးစီးပွားတူ အုပ်စုတွေပါ ဖယ်ရှားခံရပြီ ဆိုရင်တော့ စောစောကပြောတဲ့ တတိယအလွှာ အနေနဲ့ကတော့ တိုင်းပြည်က ဆက်သွားမယ့် စနစ်သစ်၊ လုံခြုံရေးပုံစံသစ်တခုမှာ အသွင်ပြောင်းပြီး ပြန်ပါလာမယ့်အလွှာလို့ ယူဆပါတယ်။”

မေး - နောက်တခုကတော့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စစ်ကောင်စီနဲ့ စစ်တပ်ရဲ့အနေအထား၊ အခင်းအကျင်းတွေကိုလည်း သုံးသပ်ပေးပါဦး။

ဖြေ - “ကျနော့်အမြင်အရဆိုရင်တော့ စစ်အာဏာရှင်တွေကို ဘက်အသီးသီးကနေ ဆက်ပြီးတော့ ဖိအားပေးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါက စစ်ရေးအရ ဖိအားပေးနိုင်တာမျိုး ဖြစ်ဖို့လိုသလို ပြည်သူလူထုရဲ့ မလျေှာ့တဲ့ ဖိအားနဲ့ စီးပွားရေးအရ အဆက်မပြတ် လုပ်ဆောင်နေတဲ့ ဖိအားတွေက အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အန္တရာယ်တခု ရှိနေတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ နောက် အာဆီယံနဲ့ အာရှက အင်အားကြီးနိုင်ငံတွေပါ။ သူတို့က မြန်မာနိုင်ငံမှာ စစ်တပ်ကို နိုင်ငံရေးက ဖယ်ရှားပစ်လိုက်တာမျိုးကို မတွေ့မြင်လိုကြပါဘူး။ သူတို့သွားချင်တဲ့ပုံစံက အတိတ်မှာ သွားခဲ့တဲ့ သုံးပွင့်ဆိုင်ပုံစံမျိုးဖြစ်တဲ့ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနဲ့   ပြည်လူလူထုကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစု ဒီသုံးပွင့်ဆိုင် အနေအထားမျိုးပါ။ အမှန်တော့ ဒါက မြန်မာပြည်သူတွေအတွက်က လက်ခံနိုင်စရာ မရှိပါဘူး။ ဒါကြောင့် ဒီအနေအထားကို ပြောင်းလဲပစ်ဖို့ ဆိုရင်တော့ စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မင်းအောင်လှိုင်ကိုသာမက စစ်တပ် နိုင်ငံရေးမှာ ပါကို ပါဝင်ရမယ်ဆိုတဲ့ အယူအဆအထိပါ ဖယ်ရှားပစ်နိုင်ဖို့ လိုပါတယ်။ ဒါမျိုးဖြစ်လာဖို့ဆိုရင် နောက်ထပ် စစ်ရေးအရ အောင်ပွဲတွေ ထပ်ရဖို့ လိုအပ်သလို သံတမန်မျက်နှာစာမှာပါ အောင်ပွဲတွေ ဆက်ရဖို့ လိုအပ်ပါတယ်။ ဒါမှ အဲဒီနိုင်ငံတွေက စွဲကိုင်ထားတဲ့ မြန်မာနိုင်ငံမှာ စစ်တပ် ဆက်ပြီးရှိနေရမယ်၊ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ ရှိနေမှဖြစ်မယ်ဆိုတဲ့ အမြင်ကို ပြောင်းလဲပစ်နိုင်မှာ ဖြစ်ပါတယ်။”

မေး - ဒီတော်လှန်ရေးမှာ NUG ရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍနဲ့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍအပေါ် ဘယ်လိုနားလည်ထားလဲ။

ဖြေ - “ဒီတော်လှန်ရေးရဲ့ ဖွဲ့စည်းဦးဆောင်မှုပုံစံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေသာမက  အထွေထွေသပိတ်ကော်မတီလို အဖွဲ့တွေနဲ့ တခြားသော အင်အားစုတွေကလည်း အတော်လေး အရေးပါကြပါတယ်။ လှုပ်ရှားမှုတွေကို ဦးဆောင်သူမရှိဘူးဆိုရင် ဒီလိုတော်လှန်ရေးကြီးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ လွတ်မြောက်မှုတို့ ရုန်းကန်မှုတို့ ဆိုတာလည်း ဦးဆောင်မှုအခန်းကဏ္ဍမရှိဘဲ ဖြစ်လာမှာမဟုတ်ပါဘူး။ NUG လို၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေလို၊ အထွေထွေသပိတ်ကော်မတီလို၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုလို၊ အရပ်ဘက် အဖွဲ့အစည်းတွေလို၊ NUCC လို အဖွဲ့တွေဟာ နိုင်ငံရေးအရ၊ စစ်ရေးအရ လူထုလှုပ်ရှားမှုစတဲ့ ပုံစံမျိုးစုံနဲ့ ဦးဆောင်မှု ပြုခဲ့ကြတာပါ။ ပြီးတော့ ဒီတော်လှန်ရေးမှာ ရဲရင့်တဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ခွန်အားတွေလည်း အများကြီးပါပါတယ်။ ဒါကိုပဲ ကျနော်တို့က စုပေါင်းခေါင်းဆောင်မှုလို့ ပြောခဲ့ကြတာပါ။ ဒါပေမဲ့ ထုံးစံအတိုင်း စုပေါင်းခေါင်းဆောင်မှု ဆိုတာကတော့ ပြဿနာတွေ၊ အတားအဆီးတွေလည်း အများကြီးပါပဲ။ Collective Leadership ရဲ့ သဘောသဘာဝအရ နည်းနည်းလည်း ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ ဒါက  မြန်မာနိုင်ငံအတွက်တော့ ဘာမှမထူးဆန်းပါဘူး။ ရှေ့ကို ရွေ့နိုင်ဖို့အတွက် ဆိုရင်တော့ တခုတည်းသော လုပ်ဆောင်ရမယ့်အချက်က မဆုတ်မနစ် လုပ်ဆောင်နိုင်ဖို့ပါပဲ။ မတူကွဲပြားမှုတွေကို နားလည်ပြီး အဲဒါကို ဘုံရည်မှန်းချက်တခုနဲ့ အားလုံးပါဝင်တဲ့ ဖွဲ့စည်းတည်ဆောက်မှု ပုံစံအဖြစ် ပြောင်းလဲနိုင်ဖို့ပါ။ ပြောရရင် သူတို့အားလုံး အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။ ရှုပ်တွေးမှုတွေရှိပေမဲ့ သူတို့ရဲ့ခေါင်းဆောင်မှုကတော့ လိုအပ်နေတာ အမှန်ပါပဲ။”

မေး - တော်လှန်ရေးကာလ ၃ နှစ်ကြာလာတဲ့ ဒီနေ့ ဒီအချိန်မှာ နိုင်ငံတကာ အသိုက်အဝန်းတွေ ပြောဆိုဝေဖန်နေတာက NUG အတွက် Road map လိုနေပြီ။ တနည်းအားဖြင့် စစ်ကောင်စီ ပြိုကျသွားမယ့် ကာလတခုမှာ ဖြစ်လာမယ့် အခင်းအကျင်းအတွက် ကြိုတင်ပြင်ဆင်သင့်နေပြီ ဆိုတာမျိုး ပြောနေကြတယ်။ အဲလိုပြောနေကြတဲ့အချိန်မှာပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ NUG ကနေပြီးတော့ တချို့သော EAO အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ Joint position statement ဆိုပြီး ထုတ်ပြန်လိုက်တာ ရှိတယ်။ ဒီတော့ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်မိလဲ။

ဖြေ - “ကျနော့်အမြင်အရတော့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ တောင်းဆိုမှုတွေက မရိုးသားဘူးလို့ ခံစားရတယ်။ နိုင်ငံတကာက ဒီလိုပြောနေတယ်ဆိုတာ တကယ်တော့ သူရဲကောင်းဆန်တဲ့ မြန်မာပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုကို သူတို့ မကူညီနိုင်တဲ့အပေါ် ပေးနေတဲ့ အကြောင်းပြချက် သက်သက်လို့ပဲ မြင်ပါတယ်။ မြန်မာပြည်သူတွေ အပါအဝင် သူတို့အသံတွေကို ထင်ဟပ်ပေးနေတဲ့ နိုင်ငံရေးဦးဆောင်သူတွေ ကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ အနာဂတ်ကို သူတို့ ဘယ်လိုပုံဖော်ချင်တယ်၊ ဘယ်လိုပုံစံမျိုး မြင်ချင်ပါတယ်ဆိုတာ ပြတ်ပြတ်သားသား ပြောထားပြီးသားပါ။ ဒါပေမဲ့ ဒီနိုင်ငံတွေဟာ ဘာမှမကူညီနိုင်ကြဘူး။ မကူညီနိုင်ဘဲ အဲဒီလို ဝေဖန်နေတာက တကယ်တော့ တရားမျှတမှု မရှိပါဘူး။ NUG က မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ရင်တော့ အရေးကြီးတယ်လို့ မြင်ပါတယ်။ နောက်ထပ် ခြေတလှမ်း ထပ်လှမ်းနိုင်ဖို့ အရေးကြီးတဲ့ ထုတ်ပြန်ချက်ပါ။”

“ဒါက နိုင်ငံရေးအရ အကျိုးရှိဖို့ ဖန်တီးလိုက်တာပါ။ ဒါက ဆုံချက်တခု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုကို ပြတဲ့ အောင်မြင်မှုတခုပါ။ နိုင်ငံရေးအရ သဘောတူညီမှုတခု ရဖို့ဆိုရင် ဒီလုပ်ငန်းစဉ်မှာ ပါဝင်တဲ့သူတွေနဲ့ နားလည်မှုယူနိုင်ဖို့ လိုပါတယ်။ ဒါက တကယ်တော့ အပြီးသတ် ဖွဲ့စည်းပုံအခြေခံဥပဒေတခုတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ အခြေခံကျတဲ့ ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးမူဘောင်တခုလို့ ပြောလို့ရပါတယ်။ ဒီလိုဆုံချက်တွေကနေပြီး တခြားသောသူတွေကိုပါ ပါဝင်လာအောင်၊ ရှမ်းကအစ ပါဝင်လာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကျနော့်အမြင်ကတော့ အခုလို Joint Position Statement ကို ထုတ်ပြန်လိုက်တာဟာ နိုင်ငံရေးမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အနေအထားတခုကနေ ဖောက်ထွက်လိုက်တဲ့ သဘောပါ။”

“တကယ်လို့ NUCC မှာတင် တစ်ဆို့နေတယ် ဆိုရင်လည်း ဒီသဘောတူညီချက်က အဲဒီ အကျပ်အတည်းကနေ ဆွဲခေါ်သွားမှာပါ။ အရေးအကြီးဆုံးက ဖက်ဒရယ်ဒီမိုကရက်တစ် ပဋိညာဉ်နဲ့ သွားနိုင်ဖို့အတွက် အရင်ဆုံးကတော့ ဒီထုတ်ပြန်ချက်ကို သဘောတူပြီး  မဟာမိတ်တွေအဖြစ် ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ တော်လှန်ရေးအင်အားစုတွေက သံတမန်ရေးအရ ဟန်ချက်ညီညီနဲ့ ထိုးစစ်ဆင်နိုင်ဖို့ လိုပါတယ်။ တော်လှန်ရေးအပေါ် ယုံကြည်မှုနည်းနေသေးတဲ့ အိမ်နီးချင်းနိုင်ငံတွေကို စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေဟာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် တကယ့်ကို ယုံကြည်လောက်တဲ့ နိုင်ငံရေးအင်အားစုတွေ ဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြဿနာကို မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ကောင်စီက ဖြေရှင်းနိုင်မှာမဟုတ်တဲ့အကြောင်း သံတမန်ရေးအရ ချဉ်းကပ် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။”

မေး - တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့၊ တနည်းအားဖြင့် လက်ရှိအနေအထားပေါ်မှာ ထားတဲ့ တရုတ်ရဲ့ သဘောထား ဘယ်လိုရှိတယ်လို့ သုံးသပ်မိပါသလဲ။

ဖြေ - “ပြောရမယ်ဆိုရင် တရုတ်က စစ်အာဏာရှင်အုပ်စုကို အပြည့်အဝ မထောက်ခံပါဘူး။ ဒါက တော်လှန်ရေးအတွက် ကံကောင်းမှုတခုပါ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့များ တရုတ်ကသာ မင်းအောင်လှိုင်နဲ့ ဒီအာဏာရှင်တစုကို ထောက်ခံမယ်ဆိုရင်၊ ဥပမာ ဆီးရီးယားမှာ အာဆတ်ကို ပူတင်က ထောက်ခံသလိုမျိုးပေါ့၊ အဲလိုထောက်ခံမယ်ဆိုရင် နွေဦးတော်လှန်ရေးက ဖြိုခွင်းခံခဲ့ရတာ ကြာပါပြီ။ တရုတ်က စစ်အာဏာရှင်တွေကို မကူညီပါဘူး။ တရုတ် တကယ်ဖြစ်ချင်တာက၊ ဒါက တရုတ်မှမဟုတ်ပါဘူး ထိုင်းလည်းဒီလိုပဲ၊ အိန္ဒိယလည်း ဒီလိုပါပဲ။ သူတို့အားလုံးက ကျနော်ပြောခဲ့သလိုပဲ စစ်တပ် နိုင်ငံရေးမှာ ဆက်ရှိနေရမယ့် အဲဒီလို သုံးပွင့်ဆိုင် အနေအထားကို လိုလားကြတာပါ။ စစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ကိုယ်စားပြုတဲ့အဖွဲ့၊ ဒီ သုံးပွင့်ဆိုင် အနေအထားနဲ့ သဘောတူညီမှု တခုခုနဲ့ သွားတာမျိုးကိုပဲ သွားချင်တာပါ။ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်စရာမလိုဘဲ လုပ်လို့ရတဲ့ နည်းလမ်းပေါ့။ အဲလိုလုပ်မှ တည်ငြိမ်မှုရှိမယ်လို့လည်း သူတို့က ယူဆကြတယ်။ တကယ်တော့ ဒါက မှားယွင်းတဲ့ အယူအဆတခုပါ။ ကျနော်ပြောချင်တာကတော့ ဒီနိုင်ငံတွေက ဘယ်လိုတွေးနေတယ်၊ ဘယ်လို သဘောဆန္ဒ ရှိနေတယ် ဆိုတာကို ပြောပြခြင်းသာ ဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေက သူတို့ကို ဆွဲဆောင်စည်းရုံးယူရမှာပါ။ အခုလို မဟာမိတ်တွေစုဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စစ်တပ်ကို အနိုင်တိုက်ယူပြီး ဖယ်ရှားပစ်လို့ရတယ် ဆိုတာကို သက်သေပြနိုင်ဖို့ လိုပါတယ်။”

မေး - တခုရှိတာက တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုကိုပဲ လိုလားတယ်ဆိုတဲ့ ကိစ္စမှာ နည်းနည်းတော့ ကွဲလွဲမှုလေးတွေ ရှိနိုင်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင်ကပဲ တရုတ်က မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြားမှာ ကြားဝင် ညှိနှိုင်းပေးခဲ့တယ်။ အဲဒီအတွက် တိုက်ပွဲတွေရပ်သွားတယ်။ အခုတခါ ရခိုင်ကိစ္စမှာလည်း တရုတ်က စစ်ကောင်စီနဲ့ ညှိပေးနိုင်တယ် ဆိုတာမျိုး ကြားဝင်လာတာ တွေ့ရတယ်။ ဆိုတော့ တရုတ်ရဲ့ လုပ်ဆောင်မှုတွေ၊ လုပ်ပုံကိုင်ပုံတွေကို ကြည့်ရတာ တကယ်ပဲ တရုတ်က မြန်မာနိုင်ငံမှာ တည်ငြိမ်မှု တခုတည်းကိုပဲ ရှေးရှုတာမျိုးလားဆိုတာ စဉ်းစားစရာတော့ ဖြစ်လာမယ်ထင်တယ်။ မစ္စတာအီဂေါအနေနဲ့ကော တရုတ်ရဲ့လုပ်ရပ်ကို ကြည့်ပြီး တရုတ်ကတော့ တည်ငြိမ်မှုအတွက်ပဲ လုပ်နေတာပါ ဆိုတာမျိုး သေသေချာချာ ပြောလို့ ရနိုင်ပါ့မလား။

ဖြေ - “တရုတ်က မြန်မာနိုင်ငံမှာ တည်ငြိမ်မှုကို တကယ်လိုအပ်နေတာပါ။ ဒါက အငြင်းပွားစရာ မရှိပါဘူး။ တရုတ်က လိုလားသလို တခြားနိုင်ငံတွေကလည်း လိုလားပါတယ်။ ခက်တာက ဘယ်သူကမှ ဒီမိုကရေစီရေးအတွက်ဆိုပြီး ပံ့ပိုးကူညီပေးကြတာမျိုး မရှိပါဘူး။ စစ်ကောင်စီက ကျူးလွန်နေတဲ့ ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှုတွေကြောင့် ဘယ်သူကမှလည်း မြန်မာ့အရေးမှာ မပါဝင်ချင်ကြပါဘူး။ ဆိုတော့ ငါတို့က ဒီလိုကမ္ဘာကြီးမှာနေတာ မဟုတ်ပါဘူးလို့ ပြောကောင်း ပြောပါလိမ့်မယ်။ လက်ရှိကာလရဲ့ ပထဝီနိုင်ငံရေးအနေအထားတွေကို ပြန်ကြည့်ရပါလိမ့်မယ်။ နိုင်ငံတိုင်းက သူ့နိုင်ငံရဲ့ စီးပွားရေးနဲ့ သူ့တို့ရဲ့ အကျိုးစီးပွားတွေကိုပဲ ကြည့်ကြပါတယ်။ ဒါကြောင့်လည်း တိုင်းပြည်တိုင်းက သူတို့ရဲ့ အကျိုးစီးပွားတွေ တိုးမြှင့်နိုင်ဖို့ တည်ငြိမ်မှုကိုပဲ လိုချင်ကြပါတယ်။ ဒါက နိုင်ငံတကာဆက်ဆံရေးမှာ ပထဝီနိုင်ငံရေးရဲ့ တကယ့် ခိုင်မာ အားကောင်းနေတဲ့  အရှိတရား ဖြစ်နေတယ်။”

“တရုတ်က တည်ငြိမ်မှုလိုသလို ထိုင်းကလည်းလိုတယ်၊ အင်ဒိုနီးရှားကလည်း လိုတာပဲ။ သူတို့ရဲ့ ပြဿနာက တိုင်းပြည်တည်ငြိမ်ရေးအတွက် စစ်တပ်ဆိုတာ မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ အမြင်ဖြစ်နေတယ်။ ကျနော်တို့မြင်တာကကျတော့  မြန်မာနိုင်ငံ တည်ငြိမ်မှုရဖို့အတွက် စစ်တပ်သာလျှင် တခုတည်းသော အဓိကကျတဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ကျနော်တို့အမြင်က စစ်တပ်သည်သာလျှင် တိုင်းပြည်ကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲစေတဲ့ အဓိကတရားခံဖြစ်တယ် ဆိုတာမျိုးပါ။ ဒါကြောင့်လည်း မဟာမိတ် တော်လှန်ရေး အင်အားစုတွေရဲ့ ပေါင်းစည်းမှုနဲ့ စစ်တပ်ကို အောင်ပွဲခံနိုင်တယ် ဆိုတာကို ပြသနိုင်ဖို့ လိုနေပါတယ်။ အဲလိုဖြစ်ဖို့ဆိုရင် စစ်တပ်နဲ့ စစ်ကောင်စီကို နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ဖိအားပေးနိုင်ဖို့ လိုအပ်ပါတယ်။ တရုတ်နဲ့ တခြားသောနိုင်ငံတွေကို နားလည်စေရမှာက စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ မဟာမိတ်အင်အားစုတွေဟာ အရေးပါတဲ့ နိုင်ငံရေး ဇာတ်ကောင်တွေ ဖြစ်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါက တကယ်တော့ သိပ်လွယ်ကူလှတာ မဟုတ်ပါဘူး။ ဒီလို ယုံကြည်လာဖို့ ခက်ခဲတယ်ဆိုပေမဲ့ ကျနော်တို့ လုပ်နိုင်ဖို့တော့ လိုအပ်ပါတယ်။”

မေး - နောက်တခုက နိုင်ငံရေးအရ ဦးဆောင်အခန်းကဏ္ဍမှာ ရှိနေတဲ့ NUG နဲ့ ပတ်သက်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ အများစု သုံးသပ်ကြတာက NUG အနေနဲ့ မတူညီတဲ့ အင်အားစုတွေ ကြားထဲမှာ ဘုံသဘောတူညီမှုတခုတော့ ရှာနိုင်ရမယ် ဆိုတာမျိုး သုံးသပ်ကြတာ တွေ့ရှိရသလို တရုတ်နဲ့လည်း နားလည်မှု တည်ဆောက်နိုင်ဖို့ လိုတယ်ဆိုတာမျိုး သုံးသပ်ကြတာ တွေ့ရပါတယ်။ အဲဒါ လက်တွေ့ကျပါသလား။

ဖြေ - “ကျနော့်အမြင်အရတော့ NUG တဖွဲ့တည်း လုပ်လို့ရတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားလည်းသိတဲ့အတိုင်း တရုတ်က NUG ကို တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကြားခံဆက်ရေး လမ်းကြောင်းတော့ ရှိပါတယ်။ အဲဒီလိုပဲ အိန္ဒိယကလည်း ကန့်လန့်ကာ နောက်ကွယ်ကတဆင့် ဆက်ဆံရေးမျိုး ရှိတယ်ဆိုပေမဲ့ NUG ကို တိုက်ရိုက်မပြောပါဘူး။ ဒါကလည်း NUG က ညံ့လို့တော့ မဟုတ်ပါဘူး။ ဒီနိုင်ငံတွေ ကိုယ်တိုင်က NUG ကို အစိုးရလို့ သဘောမထားလိုကြဘူးလို့ ဆိုကြပါစို့။ ဒါကြောင့် ဒီကိစ္စတွေအောင်မြင်ဖို့ NUG တဖွဲ့တည်း လုပ်လို့မရဘူးလို့ ဆိုလိုတာပါ။ ဒါကြောင့် လက်ရှိအခင်းအကျင်းမှာ ပါဝင်တဲ့ အဓိကကျတဲ့ Player တွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဘက်အင်အားစုတွေကလည်း တကယ့်ကို မဟာဗျူဟာကျကျ ပူးပေါင်းဆောင်းရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်အောင် ဖြည်းဖြည်းချင်း၊ တဆင့်ချင်း လုပ်ဆောင်သွားရမှာပါ။ ဒါကလည်း စစ်တပ်နဲ့ တိုက်နေရတဲ့ စစ်မြေပြင်ပေါ်က နောက်ထပ် တိုက်ပွဲတပွဲလိုပါပဲ။ တကယ့်ကို စနစ်ကျတဲ့ သံရေးတမန်ရေးတိုက်ပွဲလည်း ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းအားထုတ်မှုနဲ့ သံခင်းတမန်ခင်း ဆိုင်ရာ ပူးပေါင်းဆောက်ရွက်မှုတွေကသာ စစ်မြေပြင်မှာ အောင်ပွဲတွေရသလို သံရေးတမန်ရေးမှာလည်း အောင်မြင်မှုရရှိမှာ ဖြစ်ပါတယ်။”

မေး - ၂၀၂၄ မှာ လာအိုက အာဆီယံမှာ ဥက္ကဋ္ဌဖြစ်လာမယ်။ လက်ရှိ နိုင်ငံရေးအရ ရှေ့မတိုး၊ နောက်မဆုတ် ဖြစ်နေတဲ့ အနေအထားကနေ တခုခု ပြောင်းလဲလာနိုင်သလား။

ဖြေ - “အာဆီယံနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် လာအိုတနိုင်ငံတည်းတော့ မဟုတ်ပါဘူး၊ တရုတ်ရော ထိုင်းနိုင်ငံကိုပါ ထည့်ပြောရမှာပါ။ သူတို့က မြန်မာစစ်တပ်ကို မက်လုံးပေးပြီး ဆွဲခေါ်ဖို့ ကြိုးစားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က တော်တော် အားနည်းနေပြီလေ၊ ရှုံးတော့မှာကို သိနေပြီ။ ပြောရရင် အနာဂတ်မှာလည်း ဒီလို မက်လုံးပေးပြီး စည်းရုံးသိမ်းသွင်းတာတွေ လုပ်လာနိုင်သလို အခုကိုပဲ လုပ်ဆောင်လာတာတွေ ရှိပါတယ်။ ဆိုပါစို့ မြန်မာစစ်တပ်ကို မင်းတို့ တိုက်ပွဲတွေ အရှိန်လျှော့ပေးလိုက်၊ ပြီးရင်  အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာပါမယ် ဆိုတာမျိုးသာ လုပ်လိုက်။ အဲလိုလုပ်လိုက်ပြီဆိုရင် ငါတို့က မင်းကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် တင်ပေးလို့ရပြီ။ အဲဒီလိုပဲ တခြားသူတွေကိုလည်း ငါတို့က ဖိအားတွေပေးပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာအောင် လုပ်မယ်ဆိုတာမျိုး ပြောဆိုစည်းရုံးနေပါတယ်။ သူတို့ပြောတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတာမျိုးကလည်း စကားလုံးအရ၊ ဒါမှမဟုတ်ရင်လည်း နိုင်ငံရေးအရ ဒီလိုသုံးရင် လူကြားကောင်းလို့ သုံးတာပဲ ရှိတာပါ။ တကယ်တော့ ဒီစကားလုံးတွေကိုသုံးပြီး စစ်တပ်ကပဲ ဆက်ပြီး ကြီးစိုးချယ်လှယ်သွားမယ့် နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်းမှာ စစ်တပ်အောက်ကို ပြန်ပြီး ဒူးထောက်ခိုင်းတဲ့ သဘောပါပဲ။ အဲလိုလုပ်ဖို့ သူတို့ကြိုးစားနေတယ်ဆိုတာ အမှန်ပဲ။ ဘာမှ အငြင်းပွားစရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် မဟာမိတ်အင်အားစုတွေအနေနဲ့ ဘာတွေလုပ်ဖို့လိုလဲဆိုရင် အဲဒီလိုများ ထိုင်းတို့၊ လာအိုတို့က ကမ်းလှမ်းလာရင် လက်မခံသင့်ပါဘူး။ တော်လှန်ရေးအင်အားစုတွေ တကယ်လုပ်ရမှာက စစ်တပ်ကို စစ်ရေးအရ ဖိအားဆက်ပေးနိုင်ဖို့၊ စီးပွားရေးအရ ဖိအားဆက်ပေးနိုင်ဖို့၊ လူထုနည်းနဲ့ ဖိအားဆက်ပေးနိုင်ဖို့ပါ။ ဒါတွေကိုပဲ ဆက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တကယ့်ကို ထိရောက်တဲ့၊ စနစ်ကျတဲ့ သံရေးတမန်ရေး ထိုးစစ်တွေနဲ့ ဒီ အိမ်နီးချင်းနိုင်ငံတွေ ကိုယ့်ဘက်ကိုပါလာအောင် စည်းရုံးနိုင်ဖို့ လိုပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံကိုလည်း ဒီလိုစည်းရုံးသိမ်းသွင်းပြီးတော့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ မပါတဲ့ ပုံစံနဲ့ အကျပ်အတည်းကနေ လွတ်မြောက်အောင် ထွက်တဲ့နည်းလမ်းလို့ မြင်ပါတယ်။”

မေး - ဥရောပသမဂ္ဂနဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိပါသလဲ။ ဒီနှစ်ထဲမှာ သူတို့ ဘာတွေများ လုပ်ဆောင်ပေးနိုင်မလဲ။

ဖြေ - “ဥရောပအနေနဲ့တော့ မြန်မာနိုင်ငံအတွက် အများကြီး ဘာမှမလုပ်နိုင်ပါဘူး။ ဥရောပက မြန်မာနဲ့ အဝေးကြီးမှာပါ။ မြန်မာ့အရေးမှာ ဩဇာလည်း မရှိသလို သိပ်လည်း စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ အီးယူကတော့ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေတော့ ပေးနိုင်ပါတယ်။ အီးယူနဲ့ပတ်သက်ရင် ကျနော်တို့ လုပ်ဖို့လိုအပ်တာက သူတို့ပေးတဲ့ အကူအညီတွေ စစ်ကောင်စီလက်ထဲ ရောက်မသွားဘဲ တကယ်လိုအပ်တဲ့ ပြည်သူတွေဆီ ရောက်အောင် နည်းလမ်းကို ညွှန်ပြပေးတာမျိုးတွေ လုပ်ဖို့လိုပါတယ်။”

“အမေရိကားကလည်း ဒီနှစ်မှာ  သူကိုယ်တိုင် ရွေးကောက်ပွဲ ရှိနေတာဆိုတော့ တော်တော်တော့ အလုပ်များမယ့်နှစ်လို့ ပြောရမှာပါ။ သူ့ရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ အလုပ်ရှုပ်မယ့်နှစ် ဖြစ်တဲ့အတွက် တခြားနိုင်ငံတွေရဲ့ အရေးကို သိပ်လှည့်ကြည့်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမေရိကားဘက်က ဘာကူညီနိုင်မလဲဆိုတာမျိုး အများကြီးတော့ မျှော်လင့်လို့ရမယ်မထင်ဘူး။ အမေရိကားအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တည်ရေးအတွက် ကူညီနေတယ် ဆိုပေမဲ့ သူတို့အနေနဲ့ ဖိဖိစီးစီး အကူအညီပေးတာမျိုးတွေ သိပ်မတွေ့ရပါဘူး။ သူတို့ကိုယ်တိုင် သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ အလုပ်ရှုပ်နေကြတာပါ။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ အနာဂတ် အခင်းအကျင်းအတွက် ကိုယ့်ဘာသာကိုယ်ပဲ ထိန်းချုပ် မောင်းနှင်ရမှာပါ။ အဓိကလုပ်ဆောင်ရမယ့် သော့ချက်ကတော့ မြေပြင်မှာတင် အပြောင်းအလဲတွေ၊ အောင်မြင်မှုတွေကို လက်တွေ့ကျကျ ဖန်တီးနိုင်ဖို့ပါ။ အဲဒါဆိုရင် နိုင်ငံတကာရဲ့ အမြင်လည်း ပြောင်းလာမှာပါ။ အနာဂတ်မှာ အောင်မြင်မှုကို ဘယ်သူက ဆွတ်ခူးမယ် ဆိုတာကို ပြနိုင်ဖို့လိုပါတယ်။ အချိန်တိုတိုအတွင်းမှာ စစ်တပ်နဲ့ တိုက်နေတဲ့ မဟာမိတ်အုပ်စုတွေ အောင်ပွဲခံနေတယ်ဆိုတဲ့ အရာက သိသာထင်ရှားလာပြီ ဆိုရင်တော့ မဟာမိတ်တော်လှန်ရေးအုပ်စုတွေနဲ့ ပြောချင်ဆိုချင် ဆက်ဆံချင်တဲ့လူတွေ များလာမှာပါ။ အဲဒီအချိန်ကျရင် မင်းအောင်လှိုင်ကို စောစောပိုင်းက ကျနော်ပြောသလို သမိုင်းရဲ့ အမှိုက်ခြင်းတောင်းထဲ ပစ်ထည့်လိုက်လို့ရပါပြီ။”

မေး - ၂၀၂၄ မှာ ဖြစ်လာနိုင်တဲ့ အခင်းအကျင်းတွေအပေါ် မစ္စတာအီဂေါ အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ - “၂၀၂၄ မှာ ဖြစ်လာနိုင်တဲ့ အခင်းအကျင်း ဆိုရင်တော့ အကြမ်းဖျင်း ကျနော် သုံးမျိုးမြင်တာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စ ဘယ်သူမှတော့ အတိအကျ ပြောနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ တခုကတော့ တော်လှန်ရေးအတွက် ကောင်းမွန်တဲ့ အခင်းအကျင်းလို့ ပြောလို့ရပါတယ်။ အဲဒါက စစ်တပ်ကို ဖိအားတွေပေးနိုင်တဲ့ အနေအထားက တဆင့် အချိန်တိုတိုအတွင်းမှာ စစ်တပ်ပြိုကွဲသွားအောင် လုပ်နိုင်တဲ့ အခင်းအကျင်းပါ။ ဒီလိုဖြစ်လာဖို့ဆိုရင် နိုင်ငံရေးအင်အားစုတွေအချင်းချင်း လက်တွဲဆောင်ရွက်ဖို့၊ တက်တက်ကြွကြွ ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ စစ်ကောင်စီ ပြုတ်ကျသွားပြီ ဆိုရင်တော့ အဲဒီအချိန်မှာ နိုင်ငံရေးအရ စကားပြောတာတွေ၊ အနာဂတ်အတွက် ပြင်ဆင်တာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါက စောစောကပြောသလို ကျနော်တို့အားလုံး လိုလားတဲ့ ကောင်းမွန်တဲ့ အခင်းအကျင်းတခုပါ။ အဲဒီအနေအထားကို ရောက်လာရင်တော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အကူအညီတွေ အများကြီးပေးနိုင်ပါတယ်။”

“ဒုတိယအခင်းအကျင်းတခုကတော့ သိပ်မကောင်းတဲ့ အခင်းအကျင်းလို့ ပြောရမှာပါ။ အဲဒါကတော့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာစစ်တပ်ဘက်ကရပ်၊ စစ်တပ်ကို အသက်ဆက်နိုင်အောင် အကူအညီတွေပေးပြီး ကျန်တဲ့အင်အားစုတွေကိုလည်း စစ်တပ်ကို ဆွေးနွေးဘက်အနေနဲ့ လက်ခံဖို့ ဖိအားပေးလာတာမျိုးပါ။ အဲဒီအခင်းအကျင်းမှာ မင်းအောင်လှိုင်တော့ ပါချင်မှပါမယ်၊ မပါဘူး ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို အခင်းအကျင်းမျိုးကတော့ သိပ်ကောင်းမွန်တဲ့ အခင်းအကျင်းလို့တော့ မယူဆပါဘူး။ အဲလို အိမ်နီးချင်းနိုင်ငံတွေက လုပ်လာရင်တော့ စစ်ပွဲတွေ ပိုပြီး ကြာရှည်သွားနိုင်ပါတယ်။”

“တတိယအခင်းအကျင်းတခုကတော့ အဆိုးဆုံးလို့ ပြောလို့ရပါတယ်။ အဲဒါကတော့ လက်ရှိ စစ်ခေါင်းဆောင်တွေ အာဏာကို လက်မလွှတ်ဘဲ မြို့ကြီးတွေကို အကာအကွယ်ယူ၊ ကတုတ်ကျင်းလုပ်၊ လူသားတံတိုင်းအဖြစ် ကာပြီးမှ သူတို့နေရာကွက်ကွက်လေးကလွဲပြီး ကျန်တာတွေကို အားလုံးဖျက်ဆီးပစ်လိုက်တဲ့နည်းပါ။ ဒါက အဆိုးဝါးဆုံးနည်းလို့ ပြောလို့ရပါတယ်။”

"ဒီလိုအနေအထားတွေမဖြစ်ဖို့ ကျနော်တို့ လုံးဝ ချန်လှပ်ထားခဲ့လို့ မရသလို အတော်လည်း အရေးကြီးတဲ့ အချက်တခုကတော့ စစ်တပ်နဲ့ တိုက်ပွဲဝင်နေကြတဲ့ ခုခံတော်လှန်ရေး အင်အားစုတွေပါ။ ဒီအင်အားစုတွေ အချင်းချင်းကြားထဲမှာ နိုင်ငံရေးအရ နားလည်မှု တည်ဆောက်နိုင်ဖို့ လိုပါတယ်။ ဘယ်လောက်နားလည်မှု တည်ဆောက်နိုင်သလဲ၊ ဘယ်လောက် တိုးတက်မှုတွေ ရှိနေသလဲ ဆိုတဲ့အချက်ဟာ ဒီ အိမ်နီးချင်းနိုင်ငံတွေကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးတဲ့အခါမှာ အဆုံးအဖြတ်ပေးမယ့် သော့ချက်လို့ပဲ မြင်ပါတယ်။”

မေး - အခုအခင်းအကျင်းသစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်မိသလဲ။

ဖြေ - “ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင်တော့ သူ့အနေနဲ့ အကျဉ်းထောင်ထဲမှာ တယောက်တည်း သီးခြားဖြစ်နေပြီး နိုင်ငံရေးကစားကွင်းရဲ့ အပြင်ဘက်ကို ရောက်နေပြီလား ဆိုတဲ့အချက်နဲ့ ပတ်သက်ရင်တော့ ကျနော် သေသေချာချာတော့ မသိပါဘူး။ ဖြစ်နိုင်ခြေ ရှိတာကတော့ တချိန်ချိန်မှာတော့ မင်းအောင်လှိုင်က သူ့ကို တနည်းနည်းနဲ့ ပြန်အသုံးချနိုင်ဖို့ ကြိုးစားတာမျိုးကို နောက်ဆုံးအားထုတ်မှုအနေနဲ့ လုပ်ကောင်းလည်း လုပ်လာနိုင်ပါသေးတယ်။ ဆိုကြပါစို့ မဟာမိတ်အင်အားစုတွေကို သွေးခွဲဖို့ပဲ ဖြစ်ဖြစ်ပေါ့။ အဲလိုလုပ်လို့ရှိရင်လည်း မင်းအောင်လှိုင် အနေနဲ့ အောင်မြင်နိုင်မယ်လို့ ကျနော်မယူဆပါဘူး။ သူ့အနေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကို သွေးခွဲဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ မအောင်မြင်ပါဘူး။ ဒါကြောင့် ကျနော်မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလို ပြန်ပြီး အသုံးချဖို့ ကြိုးစားလည်း အောင်မြင်မယ်လို့တော့ မထင်တော့ပါဘူး။ မြန်မာနိုင်ငံအတွက် အကောင်းဆုံးအနေအထား တခုကတော့ သူပြန်လည်လွတ်မြောက်လာပြီးတော့ နယ်လ်ဆင်မင်ဒဲလားလို ပုံစံမျိုးနဲ့ ရပ်တည်နေထိုင်သွားတာမျိုးပါ။ နိုင်ငံရေးအရ ထဲထဲဝင်ဝင်ဝင် ပါတာမျိုးမဟုတ်ဘဲ ဂုဏ်သိက္ခာ တခုရဲ့ ပြရုပ်အနေနဲ့ပဲ ဆက်ပြီး ရှင်သန်နေထိုင်သွားတာမျိုးပါ။ ဒါပေမဲ့ အဲဒီအချိန်မှာ တကယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လက်တွေ့လုပ်ဆောင်သွားမယ့် သူတွေကတော့ လက်ရှိ နွေဦးတော်လှန်ရေးမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ သူတွေကပဲ ဖြစ်မှာပါ။ အဲလိုဖြစ်ခဲ့ရင်တော့ မြန်မာနိုင်ငံအနာဂတ်အတွက် အကောင်းဆုံးသော အနေအထားလို့ ကျနော်မြင်ပါတယ်။”

မေး - ပရိသတ်ကို တခုခု သတင်းစကား ပေးစရာများ ရှိပါသလား။

ဖြေ - “ကျနော့်အနေနဲ့ ဘာသတင်းစကား ပေးချင်သလဲ ဆိုရင်တော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ သတ္တိနဲ့ သန္နိဋ္ဌာန် ခိုင်မာမှုကို လေးလေးနက်နက် ဂုဏ်ပြုချင်တယ် ဆိုတဲ့စကားပါ။ ဒီကနေ့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ ကြိုးစားအားထုတ်မှုတွေကတဆင့်  မြန်မာလူထု အောင်ပွဲရမယ်လို့လည်း ထင်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာတခုက ဒီအားထုတ်မှုတွေကို မလျေှာ့ချလိုက်ဖို့ပဲ လိုပါတယ်။ ခက်ခဲတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တွေ၊ အလင်းရောင်တွေကို မြင်နေရပါပြီ။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ အလားအလာကောင်းတခုလည်း ရှိနေပါပြီလို့ပဲ ပြောချင်ပါတယ်။

“ဟုတ်ကဲ့ အခုလို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးသွားတဲ့အတွက် မစ္စတာ အီဂေါကို အထူးကျေးဇူးတင်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024