Home
ဆောင်းပါး
အမေနဲ့ ကလေး မဝေးတဲ့နေ့
DVB
·
February 13, 2024

ကလေးများ၏၊ မိနှင့်ဖများ

မဲ့ကာသွားချိန်၊ နရသိန်ရောက်

ပြည်ပရောက်နေ၊ ဘဝတွေခြား

အမေနဲ့ဝေး ကလေးများနေ့ပါတကား။ ။

ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ ကလေးများနေ့ အထိမ်းအမှတ်နဲ့အတူ မြန်မာကလေးတွေရဲ့ အနာဂတ်ကို နှမြောတသ လွမ်းမိပါရဲ့။ ပဲပြုတ်နဲ့ နံပြားစားရင်း မြန်မာကလေးတွေအကြောင်း တွေးမိပြန်တော့ အော့နှလုံးနာစရာ ပယောဂများကြောင့် ပညာ‌ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဗရုတ်သုတ်ခများကြား ခေါင်းလေးပေါ်‌အောင်သာ  မနည်းဖော်ထားကြရရှာပါတယ်။ ၂၀၂၄ မှာ ကလေးတွေအတွက် အနာဂတ်သစ်များ မွေးထုတ်နိုင်ဖို့ အားလုံးပါဝင် ပူးပေါင်း ကြိုးစားကြရမှာပါ။ ကလေးတွေ အနာဂတ် အမြန်ဆုံး ထွန်းတောက်နိုင်ပါစေလို့ လေးလေးချင့်ချင့် ဆုတောင်း အားထုတ်မိပါရဲ့။

ကိုဗစ်အလွန် မြန်မာ့အခင်းအကျင်းဟာ “ဟာ” တလှည့်၊ “ဟင်” တခါ၊ မြင်တာလည်း ပျောက်၊ မထင်တာလည်း ရောက်တတ်တာမျိုးပါပဲ။ ကလေးတွေကို မိဘဆွေမျိုး ပတ်ဝန်းကျင် အခြေအနေအရ အမျိုးမျိုးအဖုံဖုံ တွေ့ရနိုင်ပါတယ်။ အစိုးရကျောင်း ဆက်တက်တဲ့ ကလေးတွေဟာလည်း တမျိုးတဖုံ မလုံခြုံ ခပ်ရွံ့ရွံ့အနေအထားပါ။ ကိုယ်ပိုင်ကျောင်းတက်တဲ့ ကလေးတွေကိုတော့ အစိုးရလက်အောက်ခံအဖြစ် သတ်မှတ်နိုင်ပါတယ်။ အင်တာနက်လိုင်းက တဆင့် နိုင်ငံတကာက ပညာယူနေတဲ့ ကလေးတွေကိုလည်း တတ်နိုင်တဲ့ အသိုင်းအဝိုင်းတွေမှာ တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ ဆော့ကစားတဲ့အရသာမျိုး သူတို့လည်း လိုချင်ကြရှာမှာပါပဲ။

နောက်တမျိုးက အင်တာနက်လိုင်းက တဆင့် မြန်မာဆရာတွေဆီက သင်ယူခြင်းပါ။ ဒါဟာလည်း အိမ်အပြင်မှာ ရဲတွေ ရောက်နေလို့ ဒီနေ့ ခွင့်ယူပါရ‌စေ ဆိုတာမျိုး ကြားရတာဟာလည်း ပကတိ အရှိတရားပါပဲ။ တောထဲ၊ တောင်ထဲ ခေတ္တခဏ ရောက်ရှိနေတဲ့ ကလေးလေးတွေဟာလည်း အင်တာနက်လိုင်း ရတချက်၊ မရတချက်၊ ဘက်ထရီအား မလုံလောက်တာမျိုး ဆိုတာဟာလည်း ကြုံနေကျ အခက်အခဲတွေပါပဲ။

နောက်တမျိုးက တိုင်းရင်းသား လက်နက်ကိုင်နယ်ပယ်က ကလေးတွေပါ။ စာသင်ခန်းရှိတဲ့အခါ ရှိတတ်ကြသလို၊ တောထဲက ယာယီတဲကလေးတွေဟာလည်း သူတို့ စာသင်ခန်း ဖြစ်တတ်ကြပါတယ်။ လေယာဉ်လာရင် ဗုံးကျင်းမြောင်းတွေထဲ ဆင်းပြေး၊ မူးမေ့လဲကျတာဟာလည်း မျက်မြင်ကိုယ်တွေ့မို့ ထူးထွေ ရှင်းပြမနေတော့ပါဘူး။ တခါတလေတော့ တွေးမိသား။ သူတို့ဟာ ဒီလိုသာ မသင်ခဲ့ကြရင် နှစ်ပေါင်း ၇၀ မျိုးဆက် သုံးဆက်စာလောက်ဟာ၊ စာမသင်ရပဲ နောက်ကျကျန်ခဲ့မှာပေါ့လို့လေ။ ရအောင်ယူခဲ့ကြတဲ့ တိုင်းရင်းသားတွေကိုလည်း အထူးတလည် လေးစားမိပါရဲ့။ နောက်တမျိုးက နယ်စပ်ဖြတ်ကျော် တရားမဝင် မိဘတွေရဲ့ ကလေးတွေပါ။ တခြားကလေးတွေလို ပုံမှန်ပြင်ဆင် ကျောင်းတက်နေကြပေမဲ့ လုပ်ငန်းသေချာ မရှိတဲ့ မိဘတွေရဲ ပံ့ပိုးမှုအောက် အရင်လို ရွှေအိမ်စံဘဝတွေရဲ့ အဝေး၊ မပြည့်စုံခြင်းတွေနဲ့သာ ပြေးနေကြရပါတယ်။

နောက်ဆုံးတမျိုးကတော့ ဘယ်ကျောင်း၊ ဘယ်ဆရာနဲ့မှ လက်လှမ်းမမီတဲ့ ကလေးတွေပါ။ သူတို့ဟာ ဝေးလံသီခေါင်တဲ့ တောတန်းတွေမှာ ဖြစ်နိုင်သလို၊ လူစည်ကားရာ မြို့ကြီးရဲ့ အလယ်ကောင်ကလည်း ဖြစ်နိုင်ပါတယ်။ အဲဒီကလေးတွေ ဘာလုပ်နေကြလဲ။ ဘဝဆိုတဲ့ တက္ကသိုလ်မှာ အတော်ကိုများ ရင့်ကျက်ဆည်းပူးခဲ့လေပြီလား။ တွေးရင်း ရင်ထဲ မချိစို့နင့်လာရပါတယ်။ တကယ်လို့ ကျမသာ စွမ်းဆောင်နိုင်သူတယောက် ဖြစ်ခဲ့ရင် ကလေးတွေကို ပညာဟော်နန်း တော်ဝင်ပန်းသို့ မာန်တင်းနိုင်အောင် ဖန်ဆင်းပေးချင်ပါရဲ့။ အို ချစ်သော ကလေးတို့ရေ......ခဏလောက်တော့ သက်ဆိုင်ရာ ဘာသာတရားကို နှလုံးသွင်းရင်း တင်းခံပေးထားကြပါအုံး။

အမှန်ဆို ပျော်စရာ၊ ကြည်နူးစရာတွေပဲ ရေးချသီကုံးချင်မိတာပါ။ ဒါပေမဲ့ ခေတ်အခြေအနေက ဘယ်လိုမှ မပျော်ရွှင်နိုင်ပဲလေ။ ရရာနည်းတဲ့ ပညာသင်နေကြတဲ့ စစ်ရှောင်ကျောင်းကလေး နှစ်ကျောင်း လေယာဉ်နဲ့ ဗုံးကြဲချခံခဲ့ရပြီး ကျောင်းစာသင်ခုံပေါ်က ဦးခေါင်းခွံအရေပြားရဲ့ ဆံပင်စတွေကို ကြားမြင်ရတဲ့အခါ အင်တာနက်က သင်ယူကလေး‌တွေရဲ့ ပရိုဖိုင်တွေက အနက်ရောင် ပြောင်းထားကြသတဲ့။ အို ကလေးတို့ရေ… နုနယ်တဲ့ နှလုံးသားတွေ စူးနစ်ခဲ့လေသလား။ အဲဒီကလေးတွေဟာ ဘာတွေများ တွေးနေခဲ့ကြပါသလဲ။ လိုက်မမီတဲ့ ကလေးတွေနောက် တောက်လျှောက် လိုက်တွေးရင်း ဟင်းခနဲ သက်လေချမိပြန်တော့ မျက်ရည်စတွေနဲ့‌ပေါ့လေ။ ဒါပေမဲ့ ကလေးတို့ရေ.... မင်းတို့ကို ကာကွယ်ပါမယ် ဆိုသူတွေက မင်းတို့ကို ပြန်ရက်စက်တဲ့အခါ မကြောက်တတ်တဲ့ မှန်ကန်တဲ့သတ္တိ မင်းတို့မှာ ရှိရမှာ ဖြစ်ပေမဲ့၊ တို့တတွေက အရိုင်းအစိုင်းမဟုတ်လို့ လုပ်သင့်တဲ့ ကျင့်ဝတ်တွေကို သင်ယူရမယ်နော်။ ကိုယ် မကြိုက်တဲ့ အရာတွေကို သူများတွေလည်း ကြိုက်မှာ မဟုတ်လို့ သူများကို မလုပ်ကြရဘူးနော်။

မြန်မာပြည်က ကလေးတန်မဲ့ စစ်ကြောရေးရောက်ပြီး၊ မိဘတွေ ထောင်ကျနေချိန်   မိ‌တ်ဆွေတွေဆီ ပညာသင်ဖို့ လူကြုံနဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ ဆယ်နှစ်အရွယ် ပိန်ငယ်ငယ် သမီးလေးကို မြင်တော့၊ တခုခု‌ဆို ငိုနေမိတဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မိ။ ဘာတဲ့ ဆရာမက သမီး အမေထက် ဆယ်နှစ်ကြီးတယ်တဲ့။ ဘာလို့ ပိန်နေတာလဲ။ ထမင်းမစားဘူးလား၊ အိပ်မပျော်ဘူးလား ဆိုတော့။ စားတယ်၊ အိပ်မပျော်ဘူးတဲ့။ ခုရောက်တဲ့ နေရာအသစ်မှာတော့ တညလုံး အိပ်ပျော်သွားလို့ စာနည်းနည်းပဲ ကျက်လိုက်ရတယ်တဲ့။ ဪ.... ကလေးလေးရေ… မင်းရောက်နေတဲ့ သူများနိုင်ငံ နယ်စပ်က မင်းနိုင်ငံထက် လုံခြုံ အိပ်ရေးဝစေခဲ့တာလား။ ပျော်အောင်အိပ်ပါ ကလေး။ အိပ်မက်လှလှတွေက မင်း အိပ်ပျော်နေမှ ရမှာမို့ပါ။

ကလေးတွေအကြောင်း တွေးမိပြန်တော့ စက္ကူလေယာဉ်တောင် လုပ်မကစားကြတော့မှာ စိုးတယ်။ ကလိမ်ကကျစ်တွေ များလွန်းလို့ ဘယ်သူ့ကိုမှ မယုံကြည်တော့မှာ စိုးတယ်။ တစ်နေရာယူ၊ နှစ် အဆင်သင့် ဆိုပြီး သေနတ်ပစ်တောင် မကစားကြတော့မှာ စိုးတယ်။ ထမင်းရည်ပူစည်း ရောက်တောင်မှ မသိဟန်ဆောင်ပြီး ညစ်တတ်လာကြမှာ စိုးတယ်။ ယူနီဖောင်းဝတ်တွေ မြင်ရင် ရွံ့ရှာနေကြမှာ စိုးတယ်။ ကလေးတို့ရေ… ဘယ်လိုပဲဆိုးဆိုး အငြိုးတွေ ရင်မှာမထားပါနဲ့နော်။ မင်းတို့ ပင်ပန်းလွန်းမှာစိုးလို့ပါ။

ဘာပဲဖြစ်ဖြစ် မိဝေးဖဝေး ကလေးတွေကို သနားမိသလို၊ မိပေး ဖပေးလိုက်ရတဲ့ ကလေးတွေကို အားနာမိတယ်။ အိမ်ဝေးနေတဲ့ ကလေးတွေကို စာနာမိသလို၊ အိမ်ပေးလိုက်ရတဲ့ ကလေးတွေကို ညှာတာချင်တယ်။ ဘဝပေးထားတဲ့ ကလေးတွေအားလုံး ပြုံးပျော်နိုင်တဲ့နေ့ကို ရောက်ဖို့ ဆိုင်သူအားလုံး၊ နိုင်သူအားလုံး၊ ဝိုင်းဝန်းလို့သာ တွန်းကြစေချင်ပါတယ်။ ပြိုင်တူတွန်းရင် တရွေ့အလိုမို့၊ နိုင်သူအားများ အလေးထား၊ အားကိုးမိပါတယ်။ ဘယ်လိုပင်ဆိုစေ၊ အမေနဲ့ ကလေး မဝေးရတဲ့နေ့၊  ကလေးတိုင်း ပျော်ရမယ့်နေ့ တွေ့ကို တွေ့ရမယ် ယုံကြည်ရင်း ဗိုလ်ချုပ်ရဲ့ ရိုးသားရဲရင့်တဲ့ စိတ်ဓာတ်တွေ ကလေးတွေမှာ ကိန်းဖို့ ဝိုင်းဝန်းသာ ပျိုးထောင်ပေးကြပါစို့။

သန့်ကေသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024