Home
မြန်မာသတင်း
ချင်းပြည်နယ်၏ ၇၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) ကြေညာ
DVB
·
February 5, 2024

ချင်းအမျိုးသားကာကွယ်ရေးအင်အားစုတွေအနေနဲ့ အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း ချင်းပြည်နယ်ရဲ့ ၇၅ ရာခိုင်နှုန်းအထိကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ထုတ်ဖော်လာပါတယ်။ 

ချင်းအမျိုးသားကာကွယ်ရေးအင်အားစုတွေအနေနဲ့ အာဏာသိမ်းကာလ ၃ နှစ်တာအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၉၀၀ နီးပါးဖြစ်ခဲ့ပြီး ပထဝီအနေအထားအရဆိုရင် ချင်းပြည်နယ်ရဲ့ ၇၅ ရာခိုင်နှုန်းအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ချင်းရေးရာအဖွဲ့ချုပ် ICA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြို့ ၇ မြို့နဲ့ စစ်ကောင်စီတပ်စခန်းပေါင်း ၃၆ ခုအထိကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီထဲက တပ်စခန်း ၂၄ ခုကို တိုက်ခိုက်ပြီးမှ သိမ်းယူနိုင်ခဲ့သလို နောက်ထပ် စခန်း ၁၂ ခုကတော့ စစ်ကောင်စီတပ်တွေ စွန့်ခွာသွားလို့ ရရှိခဲ့တာဖြစ်ပါတယ်။

ချင်းရေးရာအဖွဲ့ချုပ် (ICA)မှစလိုင်းဗန်က  “ဒေသခံချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပေါ်ဒေသကလွဲလို့ရှိရင် ကျန်တဲ့ဒေသတွေအားလုံးကို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိနေပါပြီ။ ဒီအချက်အလက်တွေက ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေရော၊ သူတို့ရဲ့ ပြောကြားချက်တွေရော ပြီးရင် မြေပြင်မှာရှိနေတဲ့ ကျနော်တို့ပြည်သူတွေရဲ့ ပြော ပြချက်တွေကို ကောက်ယူပြီးတော့ ၇၅ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအနေနဲ့ကတော့ တစုတစည်းတည်း မစုစည်းနိုင်သေးပေမဲ့ ကျေးလက်ဒေသ အတော်များများမှာ အုပ်ချုပ်ရေးအဖွဲ့တွေ ရှိနေပြီးသားဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောပါတယ်။

“အုပ်ချုပ်ရေးက တော်တော်လေးလည်ပတ်နေပြီ၊ အဆင်ပြေနေပြီလို့ ပြောလို့ရတယ်။ မြို့ပေါ်က စကစလည်း နေတယ်ဆိုရုံပါပဲ။ သူတို့လည်း ဘာမှ ဆေးရုံတော့ နည်းနည်းလည်ပတ်တယ်ပေါ့လေ။ ကျန်တဲ့ စည်ပင်တို့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး ဘာမှမလည်ပတ်နိုင်ဘူးကို။ ကျနော်အနေနဲ့လိုအပ်နေတာက ရှမ်းမြောက်မှာ လိုမျိုးပေါ့နော် မြို့သိမ်းတိုက်ပွဲ တကယ်ဆင်နိုင်မယ်ဆိုရင်‌တော့ အုပ်ချုပ်ရေး နောက်တဆင့် ပေါ့လေ။ ဒေသတစ်ခုလုံး စစ်ကောင်စီ လုံးဝကင်းစင်တဲ့ အုပ်ချုပ်ရေးမျိုးဖော်ဆောင်ဖို့တော့ သွားရမှာပေါ့။”

ချင်းပြည်ရဲ့ အဓိကမြို့ကြီးတွေဖြစ်ကြတဲ့ ကန်ပက်လက်၊ တွန်းဇန်၊ တီးတိန်၊ ထန်တလန်၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ ဟားခါးလိုမျိုး မြို့ကြီးတွေမှာပဲ စစ်ကောင်စီတပ်တွေ ရှိတော့တာလို့ ချင်းအမျိုးသားတပ်မတော် ပြောခွင့်ရသူ ဆလိုင်းထက်နီကလည်းအတည်ပြုပါတယ်။

ချင်းတော်လှန်ရေးအဖွဲ့တွေ သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ကြားက ချင်းပြည်အဆင့် အစိုးရတစ်ရပ်ကို အကောင်အထည်ဖော်နေတာ သတင်းတွေမှာမြင်တွေ့ရပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) မှ ဆလိုင်းထက်နီက “ကျနော်တို့အနေနဲ့ကတော့ ချင်းပြည်အဆင့် အစိုးရကို အခုမှ စဖော်ဆောင်မှာဖြစ်တယ်။ ဒါပေမဲ့ နယ်မြေထိန်ချုပ်မှု ၇၅ ရာခိုင်နှုန်းရှိပြီဆိုတော့ အဓိက ကျေးလက်ဒေသတွေမှာ ရှိနေတဲ့ ချင်းပြည်သူတွေအားလုံးကတော့ ပြန်လို့ရပါပြီ။ အဲလိုပြန်မှသာ သူတို့နဲ့ ကျနော်တို့အတူတူ လက်တွဲပြီးတော့ ချင်းပြည်အုပ်ချုပ်ရေး အတူတကွဖော်ဆောင်နိုင်မှာဖြစ်တယ် ”လို့ ပြောပါတယ်။

CDF ထိန်းချုပ်ထားတဲ့ ရိခေါဒါရ်မြို့မှာလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး မြို့တွင်းအခြေအနေ ပုံမှန်လည်ပတ်နေပြီလို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ချင်းပြည်နယ် ဖလမ်းခရိုင်မှာရှိတဲ့ CDF ဟွာလ်ငိုးရမ်ထိန်းချုပ်ဒေသဖြစ်တဲ့ ရိခေါဒါရ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းစင်သွားပြီးနောက်ပိုင်း ဒေသန္တရအစိုးရအနေနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

ရိခေါဒါရ်မြို့ကို သိမ်းပြီး တပတ်အကြာမှာ  ပညာရေး၊ စီးပွါးရေး၊ ကျန်းမာရေး ကဏ္ဍတွေကအစ စည်ပင်သာ ယာလုပ်ငန်းတွေ၊ မြို့တွင်းအမှိုက်သိမ်းရေးနဲ့ ရေပေးဝေရေတွေကိုပါ ပြန်လည် ပတ်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြို့အုပ်ချုပ်ရေးမှူး ဦးလာလ်ဗဲင်ပွီးယာက “စစ်ကောင်စီတပ်သားတွေ မရှိတဲ့အတွက် ဒေသန္တရအစိုးရအနေနဲ့ပိုပြီး ကျစ်လျစ်တဲ့အုပ်ချုပ်ရေးဖော်ဆောင်နေပါတယ်။ လိုအပ်တာတွေကို ကျနော်တို့ဒေသက လူဦးရေစာရင်းကတော့ရှိတယ်၊ ကလေး-ကဘော်ဘက်ကနေ ရိခေါဒါရ်မြို့ကို စစ်ဘေးရှောင်လာတာတွေလည်းရှိပါတယ်”လို့ ပြောပါတယ်။

ရိခေါဒါရ်မြို့မှာ လူဦးရေ ၉၀၀၀ ကျော်ရှိပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြရာကနေ မြို့ခံ ၇၀၀၀ နီးပါးဟာ မြို့တွင်းမှာ ပြန်လည်နေထိုင်နေပြီဖြ စ်ပါတယ်။

အဲဒီအပြင် ရိခေါဒါရ်မြို့ကို ကလေး-ကဘော်ဘက်ကနေ စစ်ရှောင်လာကြတဲ့ ပြည်သူတွေကို လူဦးရေစာ ရင်းကောက်ခံနေတယ်လို့ CDF ရိခေါဒါရ်မြို့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး) ဦးလာလ်ရိုဒိန်းငါက ပြောပါတယ်။

“ရိခေါဒါရ်မြို့က ပုံမှန်အတိုင်း ပြန်လည်ပတ်နေပါတယ်။ ပြည်သူတွေက ကိုယ့်အိမ်ကိုယ် ပြန်နေနေကြပါပြီ၊ ကျောင်းတွေလည်း စဖွင့်နေပြီပေါ့နော်၊ နယ်စပ်ကုန်သွယ်ရေး အခြေအနေကတော့ အရမ်းကြီးမလည်ပတ်နိုင်သေးဘူး။ ပြည်သူလူထုကတော့ စားဝတ်နေရေးမှာ တနေ့လုပ် တနေ့စားပေါ့။”

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမှတ် -၁ လမ်းကြောင်းပေါ်က ရိခေါဒါရ်မြို့ဟာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့တမြို့ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကနေ စီးပွားရေးလုပ်ငန်းတွေကလည်း ရိခေါဒါရ်မြို့မှာ အခြေချပြီး ပုံမှန် ပြန်လည်ပတ်နေတယ်လို့ သိရပါတယ်။

မြို့အုပ်ချုပ်ရေးမှူးက “မြို့တွင်းမြူနီစီပယ်လုပ်ငန်းတွေကို CDF-ဟွာလ်ငိုးရမ် HPO အောက်မှာ စည်ပင်သာယာရေးကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ စျေးခွန်၊ဘီးခွန်၊ အသားခွန်၊ ရေဖြန့်ဝေရေး၊ မြို့တွင်းသန့်ရှင်းရေး အမှိုက်လုပ်ငန်းတွေက အစ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်ရှိမှာ လုပ်ငန်းဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

ရိခေါဒါရ်မြို့ဟာ ချင်းပြည်နယ်ရဲ့ သင်္ကေတ အသည်းပုံ ရိဒ်ရေကန်တည်ရှိပြီး စစ်အာဏာမသိမ်းခင်က ခရီးသွားဧည့်သည်ဝင်ရောက်မှုများတဲ့ မြို့တမြို့ဖြစ်ပါတယ်။

ရိခေါဒါရ်မြို့ကို ချင်းပြည်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ချင်းတော်လှန်ရေးတပ်တွေအနေနဲ့ မင်းတပ်မြို့နယ်ထဲက မကွီအိမ်နူး၊ ဖလမ်းမြို့နယ်ထဲက ရိခေါ်ဒါရ်၊ မတူပီမြို့နယ်ထဲက လိုင်လင်းပီနဲ့ ရေဇွာမြို့တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဖလမ်းမြို့နယ်ထဲက ဝေဘူလနဲ့ ဟားခါးမြို့နယ်ထဲက နှာဟရိန်၊ ဆူရ်ခွားမြို့တွေကတော့ စစ်ကောင်စီတပ်တွေ စွန့်ခွာသွားလို့ မတိုက်ခိုက်ဘဲနဲ့ သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့ကိုပါထည့်တွက်ရင် စုစုပေါင်း မြို့ ၈  မြို့အထိကို စစ်ကောင်စီတပ်ဘက်က စွန့်လွှတ်ထားရတာလည်းဖြစ်ပါတယ်။

ချင်းပြည်နယ်မှာတိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၁ သိန်းကျော်အထိရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ရှောင် ၆၀,၀၀၀ နီးပါးအထိရှိနေကြောင်း ICA ရဲ့စာရင်းတွေအရ သိရပါတယ်။

လက်ရှိမှာ အိန္ဒိယဘက်က စစ်ရှောင်တချို့ နေရပ်ပြန်တာရှိပေမဲ့တချို့ကတော့ လေကြောင်းကနေ တိုက်ခိုက်ခံရမှာကို စိုးရိမ်ကြနေတုန်းဖြစ်တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

စိုးသူအောင်/ လင်းအိမ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024