Home
မြန်မာသတင်း
နေပြည်တော် ရေဆင်းအထက်တန်းကျောင်းရှေ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်
DVB
·
February 5, 2024

လုံခြုံရေးတိုးမြှင့်ထားတဲ့ နေပြည်တော်မှာ ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာရှိ ရေဆင်းအထက်တန်းကျောင်း ရှေ့မျက်နှာစာကို ဖေဖော်ဝါရီ ၅ ရက် ဒီနေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေးစာတွေရေးသွားလို့ ကျောင်းတာဝန်ရှိသူတချို့ စစ်တပ်ရဲ့ ခေါ်ယူစစ်ဆေးတာ ခံခဲ့ရတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ရေဆင်းကျေးရွာ စိုက်ပျိုးရေးသုတေသနဝင်းအတွင်းမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်း (ရေဆင်း) ကျောင်းမျက်နှာစာရှေ့မှာ “သွေးအေးကုန်ပြီလား၊ သောင်းလှိုင်သား (---)ပဲ၊ သွေးစွန်းနေတဲ့နိုင်ငံ၊ ပြည်သူသွေးတွေ ခြောက်ကုန်ပြီ” အစရှိတဲ့စာတွေကို ရေးသားထားတာ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းပိတ်ရက်မှာ လာရေးသွားတာ ဖြစ်တယ်။ ဘယ်သူလာရေးသွားမှန်းတောင် မသိဘူး။ ကျောင်းက တာဝန်ရှိသူတွေ အုပ်ချုပ်ရေးတွေ ရဲတွေကို စစ်တပ်က ခေါ်စစ်နေတယ်။”

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို အခြေခံပညာမူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို စောင့်ကြည့် တာဝန်ပေးရင်း ဖြစ်တဲ့အတွက် တာဝန်ရှိသူတချို့ကို ခေါ်ယူစစ်ဆေးတာလို့ ဥတ္တခရိုင်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဌာနဆိုင်ရာမှာရော ပညာရေးဘက်မှာရော ဖရဲသီးတွေရှိလို့ ခေါ်စစ်တာပါ။ နောက်နောင်မဖြစ်ဖို့ သတိပေးအနေနဲ့ပါ။ စာရေးသွားတဲ့သူကို စုံစမ်းပေးမယ် ဆိုတာကြောင့် ပြန်လွှတ်လိုက်တယ်။”

စစ်တပ်အာဏာသိမ်းခြင်း ၃ နှစ်ပြည့်အနေနဲ့ နီတဲ့သွေး ရက်သတ္တပတ်လှုပ်ရှားမှုကို ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024