Home
မေးမြန်းခန်း
“မြန်မာစစ်တပ်ရဲ့အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားပြီ” USIP ဒါရိုက်တာ ဂျေစင်တာဝါ
DVB
·
December 20, 2023

အခုဆိုရင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တာ ၂ လနီးပါး ရှိလာခဲ့ပါပြီ။ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ဝေဖန်သုံးသပ်မှုတွေလည်း အမျိုးမျိုး ထွက်လာခဲ့ပါတယ်။ အများစုကတော့ ဒီစစ်ဆင်ရေးဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အချိုးအကွေ့တခုကို ညွှန်ပြနေတဲ့ စစ်ဆင်ရေးတခု ဖြစ်သလို အာဏာရှင်အုပ်စိုးမှုကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးအတွက် အပြောင်းအလဲသစ်တခုကို ယူဆောင်လာနိုင်မယ့် စစ်ဆင်ရေးအဖြစ် သုံးသပ်ကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း တခြားတဖက်မှာတော့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်မှုကတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေအကြီးအကဲ မစ္စတာ ဂျေစင်တာဝါ ကတော့ လက်ရှိ မြန်မာ့အရေးနဲ့ တရုတ်အစိုးရရဲ့ စစ်ကောင်စီအပေါ် ထားရှိတဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို တစိုက်မတ်မတ် လေ့လာနေသူ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေ၊ တရားမဝင်ငွေ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေ အပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အနာဂတ်အလားအလာတွေကို USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မစ္စတာ ဂျေစင်တာဝါကို ဒီဗွီဘီသတင်းဌာနမှ မယမင်းမြတ်အေးက မေးမြန်း သုံးသပ် ဆွေးနွေးထားပါတယ်။

(အပြည့်အစုံ) 

မေး - ဟုတ်ကဲ့ပါ၊ လူကြီးမင်းအနေနဲ့ အရှေ့တောင်အာရှဒေသရဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို တစိုက်မတ်မတ် လေ့လာနေသူတယောက် ဖြစ်သလို တရုတ်နဲ့ မြန်မာရေးရာကိစ္စတွေကို အထူးအာရုံစိုက် လေ့လာနေတဲ့သူလည်း ဖြစ်တော့ အခု ပထမဦးဆုံး အနေနဲ့ မေးချင်တာက ၁၀၂၇ စစ်ဆင်ရေး အစပြုခဲ့တဲ့အနေအထား၊ လက်ရှိအခြေအနေနဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍအပေါ် ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ - “ဟုတ်ကဲ့ ကျနော့်အမြင်ကတော့ ဒီ ၁၀၂၇ စစ်ဆင်ရေးစပြီး အခု တလခွဲကျော် ကြာလာတဲ့အချိန်ထိ အနေအထားကို လေ့လာကြည့်ရင် တရုတ်အစိုးရအနေနဲ့  မြောက်ပိုင်းညီနောင်သုံးဖွဲ့အပြင် မြောက်ပိုင်းမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ အတော်လေး ဩဇာညောင်းတယ်ဆိုတဲ့အချက်ကို တွေ့ရပါတယ်။ လတ်တလောမှာတင်  ဆွေးနွေးမှုတွေ လုပ်ဖို့နဲ့ နယ်စပ်ဒေသ မတည်မငြိမ်ဖြစ်နေတာတွေကို ရပ်တန့်ဖို့ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးနေတာမျိုးလည်း တွေ့ရပါတယ်။ နယ်စပ်ဒေသ မတည်ငြိမ်မှုတွေ စဖြစ်လာခဲ့တဲ့ မေလလောက်ကစပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား လုပ်ဆောင်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ မြန်မာစစ်တပ်ကို ပြင်းပြင်ထန်ထန် တိုက်တွန်းပြောဆိုထားတာ ရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က တရုတ်ရဲ့ တောင်းဆိုမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်။ ဒီစစ်ဆင်ရေး မတိုင်ခင်လေးတင်ပဲ မြန်မာ-တရုတ်နယ်စပ်က မြန်မာစစ်တပ်ရဲ့ လက်အောက်ခံ ကိုးကန့် နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ ခြံဝင်းကြီးတခုထဲမှာ တရုတ်နိုင်ငံသားတွေ အများအပြား အသတ်ခံလိုက်ရတယ်။ အဲဒီနောက်ပိုင်း တရုတ်အစိုးရဟာ မြောက်ပိုင်းအဖွဲ့တွေကို စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ဆိုပြီး ဖိအားပေးထားတာတွေကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်လာခဲ့တယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ထဲမှာ ဘောင်တခု ချထားတာ တွေ့ရမှာပါ။ အဲဒါကတော့ နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ တရားမဝင် ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဆိုလိုတာက ဒီထုတ်ပြန်ချက်ထဲမှာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းရေး ဆိုတာမျိုးတွေ ပါဝင်နေပေမဲ့ တရုတ်အကျိုးစီးပွားကို ဘောင်တခုချပြီး ဖော်ပြထားကိုလည်း တွေ့ရတယ်ဆိုတဲ့အကြောင်း ထောက်ပြတာပါ။”

“ပြောရရင် ဒီစစ်ဆင်ရေးက စစ်ကောင်စီအပါ် တရုတ်ရဲ့ ဩဇာအာဏာကို အတော်ကို တည်ဆောက်ပေးလိုက်နိုင်တာကို တွေ့မြင်ရတယ်။ အလားတူပဲ ဒီစစ်ဆင်ရေးက တခြားသော ဒေသတွေကိုလည်း နောက်ထပ်စစ်ဆင်ရေးတွေ ပေါ်လာဖို့ ဦးဆောင်လမ်းညွှန်ပေးလိုက်နိုင်တယ်။ ဒီစစ်ဆင်ရေးရဲ့ အောင်မြင်မှုက တခြားသော တော်လှန်ရေး အင်အားစုတွေကိုလည်း ရဲဆေးတင်ပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။ လတ်တလော တရုတ်-မြန်မာ ဆက်ဆံရေးအခြေအနေ ဘယ်လိုလဲလို့ မေးရင်တော့ နယ်စပ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဆိုးဝါးတဲ့ အနေအထားတွေကို ကိုင်တွယ်တဲ့နေရာမှာ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အချက်နဲ့ တပြိုင်နက်တည်းမှာပဲ တရုတ်နိုင်ငံအတွက်  စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။ အဲဒီကတော့ အခုလို တရုတ်-မြန်မာနယ်စပ်တလျှောက် မတည်ငြိမ်မှုတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မယ့်အပေါ်မှာ စိုးရိမ်တာမျိုး ဖြစ်ပါတယ်။”

မေး - လူကြီးမင်းအနေနဲ့ ဒီ တရားမဝင် ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ဒါက ခေတ်သစ် ကျေးကျွန်ပြုခြင်းတမျိုး ဖြစ်တဲ့အကြောင်း မီဒီယာတခုမှာ ပြောထားတာ တွေ့ရပါတယ်။ ဒီဂိုဏ်းတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် အကျယ်ချဲ့ပြီး ပြောပြလို့ရမလား။

ဖြေ - “တကယ်တော့ ဒီအခြေအနေတွေ အစပျိုး ဖြစ်ပေါ်လာတဲ့ကာလကို ပြောပါဆိုရင်တော့ ကပ်ရောဂါစဖြစ်တဲ့ အချိန်ကာလနဲ့ အဲဒီနောက်ပိုင်း စစ်အာဏာသိမ်းလိုက်တဲ့ကာလလို့ ပြောရမှာပါ။ အထူးသဖြင့် စစ်အာဏာသိမ်းလိုက်ပြီးကတည်းက တရုတ်ဘက်က ရောက်လာတဲ့ ဒီနယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေက မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်တွေ၊ တခြားသော လက်နက်ကိုင်အဖွဲ့တွေ၊ အထူးသဖြင့် ‘ဝ’ ပြည်နယ်မှာ ရှိတဲ့ အဖွဲ့တွေနဲ့ အကျိုးတူပူးပေါင်းပြီး နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်လာခဲ့ကြတာပါ။ ရာဇဝတ်မှုတွေကို ကြီးမားတဲ့ အတိုင်းအတာအထိ အများအပြား လုပ်ဆောင်လာခဲ့ပါတယ်။ သူတို့ကို Pig Butcher Scams (ဝက်သတ်သမားတွေ) လို့ ခေါ်ကြတယ်။ တော်တော်ကို ကြီးထွားလာတဲ့ အနေအထားကနေ ကမ္ဘာအနှံ့က လူတွေကိုပါ ဦးတည်လာခဲ့ပါတယ်။ တဖက်လှည့်နဲ့ ဖျားယောင်းခေါ်ဆောင်ပြီး အဓမ္မစေခိုင်းတာ၊ လူမှောင်ခိုလုပ်ငန်းတွေ လုပ်ကြတာမျိုး ဖြစ်ပါတယ်။ သူတို့ဟာ လူထောင်ပေါင်းများစွာကို မြန်မာနိုင်ငံထဲကို လိမ်ညာခေါ်ယူပြီး ဒီတရားမဝင်လုပ်ငန်းတွေ အတင်းစေခိုင်းပါတယ်။ ဒီကိစ္စတွေမှာ မြန်မာစစ်တပ် အနေနဲ့ တိုက်ရိုက်ပါဝင် ပတ်သက်နေတာမျိုးလည်း တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်ဟာ ဒါတွေကို ကျူးလွန်နေတဲ့ နယ်ခြားစောင့်တပ်တွေကို အကာအကွယ် ပေးထားတယ်။ အထူးသဖြင့် ကရင်နဲ့ ကိုးကန့်ဒေသမှာ ဖြစ်ပါတယ်။ ဒီနယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲတွေဟာ ဒီလုပ်ငန်းတွေအတွက် အရေးအပါဆုံး လူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဒီတရားမဝင် ရာဇဝတ်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေလည်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးကိုပါ ဦးတည်လာပြီး ပုံစံမျိုးစုံနဲ့ လိမ်ညာလာကြတယ်၊ ဒေါ်လာဘီလီယံနဲ့ချီပြီး ခိုးယူခဲ့တယ်။ တခါ ဒီလုပ်ငန်းတွေမှာ ခိုင်းစေမယ့်သူတွေကိုပါ Traffick လုပ်ခဲ့တယ်။ ဒီလို အလုပ်ခံရတဲ့ နိုင်ငံပေါင်း ၄၀ ကျော် ရှိသွားပါပြီ။ ဒါတွေက မြန်မာနိုင်ငံအတွင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်နေခဲ့တဲ့ အရာတွေပါ။ အခုဆိုရင် ဒီလို တရားမဝင် ရာဇဝတ်ဂိုဏ်းတွေဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အထိ ပျံ့နှံ့နေတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိထားပါတယ်။ တတိုင်းပြည်လုံး ပျံ့နေပြီဆိုတဲ့ အထောက်အထားတွေလည်း တနေ့တခြား တိုးပွားလာပါတယ်။”

မေး - စစ်ကောင်စီရဲ့ ပြောခွင့်ရက ပြောထားတာ၊ နယ်စပ်ဒေသမှာ ပြဿနာတွေ ဖြစ်နေပေမဲ့ သူတို့အနေနဲ့ တရုတ်ရဲ့အကူအညီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ - “သူတို့ ဒီလိုမဆွေးနွေးခင်ကတည်းက တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်၊ ကိုးကန့် လွှတ်တော်အမတ်နဲ့ တခြား ကိုးကန့်စီးပွားရေးသမားတွေ အပါအဝင် လူ ၁၁ ဦးကို ဖမ်းဝရမ်းထုတ်လိုက်တာ ရှိပါတယ်။ အခြေခံအားဖြင့်တော့ ဒီလို ဝရမ်းထုတ်လိုက်တာဟာ စစ်တပ်ကိုယ်တိုင် သူ့လူတွေကို သူဖမ်းပေးဖို့ ပြောလိုက်တဲ့သဘောပါပဲ။ ဒီဖြစ်ရပ်ရဲ့ မတိုင်ခင်ကလည်း နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တယောက်ကို ဖမ်းဝရမ်းထုတ်ထားခဲ့တာလည်း ရှိပါတယ်။ အဲဒီ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဟာ ဆိုရင်လည်း တရုတ်နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့တဲ့အထဲမှာ ပါဝင်တဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း မြန်မာစစ်တပ်ကိုယ်တိုင်က ဖမ်းဆီးပေးလိုက်ရတာ သတိထားမိမယ် ထင်ပါတယ်။ အခု လတ်တလောမှာ တရုတ်ကြားဝင်ပြီး ဆွေးနွေးနေတယ်၊ ကြားပွဲစားဝင်လုပ်တယ်ဆိုတာက နယ်စပ်ဒေကို ပြန်ပြီး အမြန်ဆုံး တည်ငြိမ်အောင်နဲ့ ကိုးကန့်ဒေသမှာ တိုက်ခိုက်မှုတွေ ထပ်မဖြစ်အောင် ဟန့်တားချင်တဲ့သဘော ဖြစ်ပါတယ်။”

“ပြီးခဲ့တဲ့ ခြောက်ပတ်တာ ကာလအတွင်းမှာ ကိုးကန့်တပ်ဖွဲ့ MMDAA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ကိုးကန့်ဒေသအတွင်းမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးအရ အရေးပါတဲ့ နေရာတွေကို ဖြတ်တောက်ထားခဲ့ရုံတင်မကဘူး၊ လောက်ကိုင်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ မဟာဗျူဟာကျတဲ့ တောင်ကုန်းတွေကိုလည်း သိမ်းယူထားနိုင်တယ်။ ကျနော်တို့ရရှိထားတဲ့ သတင်းတွေအရဆိုရင် ထောင်နဲ့ချီနေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်အချို့ဟာ လောက်ကိုင်က ခြံဝင်းကြီးတခုနဲ့ ဟိုတယ်တွေထဲမှာ ရှိနေကြတယ်လို့ သိရတယ်။”

“အခြေခံအားဖြင့်တော့ ဒီ ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့တွေက ဒီနေရာတွေကို မြန်မာစစ်တပ်ပိုင်နက်အဖြစ် သိမ်းယူထားတာပါ။ ကျနော်နားလည်သလောက် ဒီဆွေးနွေးပွဲဖြစ်လာတဲ့ အဓိကအကြောင်းရင်းက လောက်ကိုင်ကို အေးအေးချမ်းချမ်းနဲ့ ပြန်လည်သိမ်းယူလို့ရမယ့် နည်းလမ်းကို ရှာဖွေတဲ့သဘော ဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ တစုံတရာ အပေးအယူလုပ်တဲ့နည်းနဲ့ ဖြေရှင်းခြင်းအားဖြင့်လည်း နယ်စပ်ဒေသ တည်ငြိမ်မှုကိုလည်း အထောက်အကူဖြစ်မယ်ဆိုတဲ့ ဘောင်ထဲက လုပ်တာမျိုးလို့ ယူဆပါတယ်။”

“လက်ရှိအခြေအနေမှာတော့ ဒီအပေးအယူကိစ္စက သိပ်တော့ ခိုင်မာတာမျိုး မဟုတ်သေးပါဘူး။ ဒါပေမဲ့ ကျနော့်အမြင်ကတော့ အခုလို ဝရမ်းထုတ်လိုက်ခြင်းက အနည်းနဲ့ အများ ဆိုသလို ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍ ဘာမှမရှိတော့ဘူး ဆိုတာကို ညွှန်ပြနေတာပါပဲ။ မြန်မာစစ်တပ်အနေနဲ့လည်း ကိုးကန့်မှာ နယ်ခြားစောင့်တပ်ဖွဲ့တွေ ထားပြီး ဒီဒေသတွေကို ဆက်ပြီး ထိန်းချုပ်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဆိုလိုတာက ဒီဒေသဟာ မကြာခင်မှာပဲ MNDAA ထိန်းချုပ်မှု အောက်ကို ကျရောက်သွားရတော့မယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။”

“အဲဒီနောက်မှာတော့ MNDAA အနေနဲ့ အခုအချိန်မှာ သူနဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်နေတဲ့ မဟာမိတ်ညီနောင်အဖွဲ့တွေကို ဆက်ပြီး ပူးပေါင်းထောက်ခံသွားမှာလား၊ မဟာမိတ်ဆိုတဲ့အထဲမှာ PDF တွေလည်း ပါဝင်ပါတယ်။ ဒါကို သူဆုံးဖြတ်လိမ့်မယ်လို့ ယူဆပါတယ်။ လက်ရှိအချိန်ထိတော့ ကိုးကန့်အဖွဲ့ (MMDAA) အပါအဝင် တခြားသောအဖွဲ့တွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ရည်မှန်းချက် ပြည့်ဝသွားပြီဆိုတဲ့ အနေအထားမျိုး မရောက်သေးပါဘူး။ ဒါကြောင့် ဒီကိစ္စမှာ MNDAA အနေနဲ့ ဆုံးဖြတ်ရ ခက်ကောင်း ခက်နိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုးကန့်အတွက် လိုချင်တဲ့ အတိုင်းအတာ အနေအထားမျိုးအထိ အောင်မြင်မှုရဖို့၊ ကိုးကန့်ဒေသတခုလုံးကို ပြန်လည်သိမ်းယူနိုင်ဖို့ သူကိုယ်တိုင် တခြားသောအဖွဲ့တွေရဲ့ အကူအညီ လိုအပ်နေပါသေးတယ်။”

မေး - တရုတ်နိုင်ငံဟာ လတ်တလောမှာတော့ နယ်စပ်ဒေသတွေမှာ ရာဇဝတ်ဂိုဏ်းတွေ၊ လူမှောင်ခိုဂိုဏ်းတွေကို နှိမ်နင်းတာတွေ လုပ်နေတာ တွေ့ရတယ်။ မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က သူ့ရဲ့ X မှာ ပို့စ်တခု ရေးပြီး တင်ထားတာ တွေ့ရပါတယ်။ အဲဒါက အသက် ၁၈ နှစ်နဲ့ အသက် ၄၉ နှစ်ကြား အမေရိကန်တွေ သေဆုံးမှု အများဆုံး ဖြစ်နေတာဟာ အိုပီရွိုက် သုံးစွဲမှုကြောင့်ဖြစ်တယ်၊ ဒါနဲ့ပတ်သက်ပြီး သမ္မတ ဘိုင်ဒင်နဲ့ သမ္မတ ရှီကျင့်ဖျင် ကြားထဲမှာ ဒါတွေကိုနှိမ်နင်းဖို့၊ ဥပမာ ဖင်တနိုင်း ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေကို အစ နှိမ်နင်းဖို့ဆိုတဲ့ ခိုင်မာတဲ့ သဘောတူညီမှုတခု ရသွားပြီဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါနဲ့ဆက်စပ်ပြီး တရုတ်ရဲ့ပေါ်လစီကို ခြုံငုံကြည့်ရင် မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပတ်သက်နေတဲ့ လုပ်ငန်းတွေနဲ့ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့လူတွေကို နှိမ်နင်းသွားမယ်ဆိုတဲ့ သဘောထားမျိုး တွေ့ရတယ်။ တရုတ်မှာသာ ဒီပေါ်လစီတရပ် ခိုင်ခိုင်မာမာ ရှိထားပြီဆိုရင် စစ်ကောင်စီနဲ့ တရုတ်ရဲ့ ဆက်ဆံရေးက ဖြောင့်ဖြူးပါတော့မလား။ ဒီအပေါ်မှာ နည်းနည်းလောက် သုံးသပ်ပေးပါလား။

ဖြေ - “ကျနော့်အမြင်ကတော့ ဒီနှစ်ခုက နည်းနည်းတော့ ကွဲပြားပါတယ်။ ဆိုလိုတာက အမေရိကန်ပြည်ထောင်စုမှာ စောစောကပြောတဲ့ ဖင်တနိုင်းပြဿနာ ရှိပါတယ်။ ဒီနေရာမှာ ဖင်တနိုင်းနဲ့ပတ်သက်တဲ့ ကုန်ကြမ်းတွေကလည်း နေရာတော်တော်များကနေ အမေရိကန်ပြည်ထောင်စုကို ရောက်လာကြတာပါ။ ဒါနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ကြားထဲမှာ ဒါတွေကိုနှိမ်နင်းဖို့ နဂိုကတည်းက ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ တနည်းအားဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ အခု မြန်မာ-တရုတ် နယ်စပ်မှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ရင်တော့ ဒီရာဇဝတ်ဂိုဏ်းတွေဟာ အဓိကအားဖြင့် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး လုပ်နေတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။”

“ဒါပေမဲ့ ၂၀၂၂ အစောပိုင်းလောက်ကစပြီး တရုတ်လူမျိုးတွေတင် မကဘူး၊ ကမ္ဘာ့နိုင်ငံ အသီးသီးက လူတွေကိုပါ ပစ်မှတ်ထားလာတာ တွေ့ရပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအထိ ဦးတည်လာတာပါ။ ဒီရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ တချို့သောသူတွေဟာ ထူးဆန်းစွာပဲ ဖင်တနိုင်း ရောင်းဝယ်ရေးတွေမှာ  ပါဝင်လုပ်ဆောင်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အခုလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကျူးလွန်၊ ငွေလိမ်ဂိုဏ်းတွေအဖြစ် လှုပ်ရှားနေတဲ့ အနေအထားမှာ အမေရိကန်သားတွေကိုပါ ပစ်မှတ်ထား ကျူးလွန်လာတာမျိုးလည်း တွေ့ရပါတယ်။ အဲဒီအတွက် အမေရိကန်အနေနဲ့လည်း နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီပြီး နစ်နာ ဆုံးရှုံးရတာတွေ ရှိပါတယ်။ ဒါတွေတင်မကဘူး၊ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ခေတ်သစ်ကျေးကျွန်ပြုတဲ့ လုပ်ငန်းတွေမှာ ပြန်အသုံးချနေတာပါ။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက် ဖိအားပေးပြီး ခိုင်းစေတာတွေလည်း ရှိပါတယ်။ ဟုတ်ပါတယ်၊ ဒါတွေက တရုတ်နိုင်ငံဘက်က ပူးပေါင်းဖြေရှင်းရမယ့် နောက်ထပ် ပြဿနာတခု ဖြစ်ပါတယ်။”

“လောလောဆယ် တရုတ်က အဓိကနှိမ်နင်းနေတာကတော့ မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်နေတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ လူမှောင်ခိုလုပ်ငန်းတွေ၊ ကျေးကျွန်လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေအတွက် လုပ်ဆောင်နေတာလို့ ပြောရမှာပါ။ တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေတဲ့ အရာလို့လည်း တရုတ်ဘက်က မြင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အကျိုးဆက်အနေနဲ့တော့ တရုတ်တင်မကတော့ပါဘူး။ တခြားသော နေရာဒေသတွေကိုပါ ဦးတည်ပြီး ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာကြတာပါ။ ဒီကိစ္စတွေကို တရုတ်အနေနဲ့ ပိုပြီး ဖိဖိစီးစီး နှိမ်နင်းနိုင်ဖို့လိုတယ်လို့ မြင်ပါတယ်။ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုအပ်ပါတယ်။ ဒီအနေအထားတွေက  ဖင်တနိုင်းကိစ္စအပြင် နောက်ထပ် ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ ပြဿနာတခု ဖြစ်လာပါပြီ။”

မေး - ဟုတ်ကဲ့၊ အခုလိုရှင်းပြပေးတာ ကျေးဇူးပါ။ ကျမတို့ ပထဝီနိုင်ငံရေးဘက်ကို ပြန်လှည့်လိုက်ချင်ပါတယ်။ လူကြီးမင်းရေးသားတဲ့ သုံးသပ်ချက်ထဲမှာ သတိထားမိတာ တခုက တရုတ်အစိုးရရဲ့ စစ်တပ်အပေါ်ထားတဲ့ ရပ်တည်ချက်က မပြောင်းလဲဘူး၊ ပိုနေမြဲ ကျားနေမြဲ အနေအထားမျိုးလို့ သုံးသပ်ထားတာ တွေ့ရပါတယ်။ တရုတ်ရဲ့ ဒီလို ရပ်တည်ချက်ကြောင့်ပဲ ပဋိပက္ခတွေ ပိုပြီး ကြာရှည်သွားနိုင်တယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။ ကျမမေးချင်တာက တရုတ်အစိုးရက ဘာကြောင့် စစ်တပ်နဲ့ပတ်သက်ပြီး ပိုနေမြဲ ကျားနေမြဲ အနေအထားမျိုးကို ဖက်တွယ်ထားချင်ရတာလဲ ဆိုတာပါပဲ။

ဖြေ - “ဟုတ်ပါတယ်၊ တရုတ်အနေနဲ့ ပြောင်းလဲလာတာဆိုရင်တော့ သူ့ရဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ချဉ်းကပ်တဲ့ပုံစံသာလျှင် ပြောင်းလဲသွားတာပါ။ ဒါက စစ်တပ်ကို ဩဇာညောင်းဖို့ မြောက်ပိုင်းမဟာမိတ်တွေကို အားပြုလုပ်ဆောင်လာတာမျိုး ဖြစ်ပါတယ်။ အလားတူပဲ နယ်စပ်ဒေသတည်ငြိမ်ဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ်တွေကို တိုက်တွန်းနေတာတွေလည်း ရှိပါတယ်။ ဖြစ်ဖို့များတာက တရုတ်အနေနဲ့ စစ်တပ်ကို ဖိအားပေးတယ်ဆိုတာက တရုတ်နိုင်ငံသားတွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေအပေါ် စစ်ကောင်စီဘက်က နှိမ်နင်းပေးစေချင်တာမျိုးနဲ့ တရုတ်နိုင်ငံသားတွေကိုယ်တိုင် မြန်မာနိုင်ငံထဲကို မသွားရဲတော့တဲ့ အနေအထားအတွက် ဖြေရှင်းပေးစေချင်တာမျိုးပါ။”

“ဒီနေရာမှာ တရုတ်သဘောပေါက်သွားတာ တခုရှိပါတယ်။ တရုတ်က ဖြစ်စေချင်တဲ့အတိုင်း စစ်တပ်က လိုက်လုပ်ဖို့ဆိုရင် မြန်မာစစ်တပ်ကို အပြင်းထန်ဆုံးသော ဖိအားမျိုး ပေးမှရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ မင်းအောင်လှိုင် ကိုယ်တိုင် ဒူးထောက်လာရတဲ့ အနေအထားမျိုးရောက်မှ တရုတ်က ဖြေရှင်းပေးစေချင်တဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ၊ အုပ်ချုပ်ရေး ပျက်ပြားနေတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းအောင်လှိုင်ဘက်က လိုက်လျောလာလိမ့်မယ် ဆိုတာကိုပါ။ ဒါက တရုတ်အတွက် မင်းအောင်လှိုင်နဲ့ ပတ်သက်ရင် လုံးဝ နားလည်သွားတဲ့အချက် ဖြစ်ပါတယ်။”

“အလားတူပဲ ဒီလိုလုပ်ဆောင်ချက်က အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာဖို့၊ နိုင်ငံရေးအရ ရှေ့ဆက်နိုင်ဖို့၊ စေ့စပ်ဆွေးနွေးရေးတွေ လုပ်ဖို့အတွက် စစ်ကောင်စီကို ပေးလိုက်တဲ့ နောက်ထပ်သတင်းစကားတခုလို့လည်း ပြောနိုင်ပါတယ်။ ဖြစ်သွားတဲ့ အနေအထားတွေက ဘာကိုပြနေလဲဆိုတော့ စစ်ကောင်စီနဲ့ ဆက်ဆံမယ်ဆိုရင် အခုလိုပဲ အမြင့်ဆုံးဖိအားမျိုးကို ပေးနိုင်မှ ရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က သက်သေပြလိုက်တာပါ။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က တရုတ်ရဲ့ တောင်းဆိုမှုကို စပြီးလိုက်လျောမယ်ဆိုတဲ့ ခြေလှမ်းတွေ တွေ့နေရပါတယ်။”

“ကျနော့်အမြင်ကတော့ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ်မှာထားတဲ့ အဓိကကျတဲ့ မဟာဗျူဟာ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ တရုတ်က အခုအချိန်အထိ အိန္ဒိယသမုဒ္ဒရာကို ဖောက်ထွက်လို့ရမယ့် နည်းလမ်းကို အမြဲစဉ်းစားနေတဲ့သူပါ။ ပြီးတော့ သူ့ရဲ့ အနောက်တောင်ပိုင်းမှာ ရှိနေတဲ့ ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့စီးပွားရေးကို ဘယ်လိုမောင်းနှင်ထိန်းချုပ်နိုင်မလဲ၊ ယူနန်ပြည်နယ်အတွက် လိုအပ်နေတဲ့ စွမ်းအင်လုံခြုံရေးအတွက် မြန်မာကို ဘယ်လိုကိုင်တွယ်ရမလဲ။ အိန္ဒိယသမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ဒေသကို လွမ်းမိုးချယ်လှယ်ခွင့်ရဖို့ မြန်မာကနေတဆင့် သူဘာတွေလုပ်ရမယ် ဆိုတဲ့ နည်းလမ်းတွေကို အမြဲကြည့်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။”
“ဒါတွေဟာ တရုတ်ရဲ့ ဘယ်လိုမှ မပြောင်းလဲတဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေ ဖြစ်ပါတယ်။ မေးခွန်းထုတ်စရာရှိတာက ဒီရည်မှန်းချက်တွေကို အရည်အချင်းမပြည့်ဝတဲ့၊ ညံ့ဖျင်းလွန်းတဲ့ စစ်ကောင်စီလက်ထက်မှာ ဘယ်လိုအကောင်အထည်ပေါ်အောင် လုပ်ဆောင်မလဲဆိုတဲ့ မေးခွန်းပါ။ အရည်အချင်းမပြည့်ဝတဲ့ စစ်ကောင်စီဟာ အခုလို ပေါ်ပေါက်လာတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တရုတ်အတွက်တင်မဟုတ် တကမ္ဘာလုံးက သိချင်နေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။”

မေး - လူကြီးမင်းရဲ့ သုံးသပ်ချက်ထဲမှာ အရေးကြီးတဲ့ အချက်တချက်လည်း တွေ့ရှိရပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်းမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်အပေါ်မှာ ဩဇာအာဏာ တည်ဆောက်နေတယ် ဆိုတဲ့အချက်နဲ့ အဲဒီလို လုပ်ဆောင်မှုတွေဟာ တိုင်းပြည်ကို နောက်ထပ် အကွဲကွဲအပြားပြား ထပ်ဖြစ်စေနိုင်တယ်ဆိုပြီး ထောက်ပြထားတာ တွေ့ရပါတယ်။ ကျမသိချင်တာက ဘယ်လိုပုံစံမျိုးနဲ့ နောက်ထပ် အကွဲကွဲအပြဲပြဲ ဖြစ်နိုင်သလဲဆိုတဲ့အချက်ပါ။

ဖြေ - “ကျနော်ပြောချင်တဲ့ စိုးရိမ်စရာအချက်တခုကတော့ တရုတ်က တကယ်တမ်း ထိတွေ့ ဆက်ဆံနေတယ်ဆိုတာက သူ့ရဲ့ နယ်စပ်တလျှောက်မှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေနဲ့ မြန်မာစစ်တပ်ကိုပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့ဆက်ဆံတာမျိုး၊ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံနေတာမျိုး၊ PDF တွေနဲ့ ထိတွေ့ဆက်ဆံတာမျိုးတွေ မရှိပါဘူး။ တရုတ်က ရွေးချယ်ပြီး ထိတွေ့ဆက်ဆံနေတဲ့ပုံစံ ဖြစ်ပါတယ်။ တကယ်တမ်းမှာ ကြားပွဲစားလုပ်ပေးနေတာလည်း ဒီအဖွဲ့တွေနဲ့ စစ်တပ်ကြားထဲမှာ ဖြစ်ပါတယ်။ အခု မကြာသေးခင်က ဖြစ်ရပ်မှာဆိုရင်လည်း စစ်တပ်နဲ့ MNDAA ကြား အပစ်အခတ်ရပ်စဲဖို့ ဝင်ရောက်ညှိနှိုင်းပေးတာ၊ တွန်းအားပေးတာမျိုးပဲ တွေ့ရပါတယ်။  ဒီထဲမှာတော့ ညီနောင်အဖွဲ့တွေလည်း ပါနိုင်ပါတယ်။”

“ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မမျှော်လင့်တဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ အခုလိုလုပ်လိုက်တဲ့အတွက် ပိုနေမြဲ ကျားနေမြဲ အခြေအနေတခုနဲ့ တရုတ်ဘက်အခြမ်းကို ယာယီ ထိန်းချုပ်ထားနိုင်တယ် ဆိုပေမဲ့ တိုင်းပြည်ရဲ့ တခြားတဖက်မှာတော့ မတည်ငြိမ်မှုတွေ ပိုပြီး ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာက မြန်မာစစ်တပ်က သူ့တပ်တွေကိုတခြားဒေသတွေဆီကို ရွှေ့လို့ရသွားလိမ့်မယ်။ အဲဒီအချိန်မှာ စစ်တပ်က ဒီဒေသတွေကို ရက်ရက်စက်စက် တိုက်ခိုက်မှုတွေ လုပ်လာဦးမှာပဲ။ အဲဒီအနေအထားက မြန်မာစစ်တပ်က လိုချင်နေတဲ့ အနေအထားတခုလည်း ဖြစ်ပါတယ်။”

“တရုတ်ရဲ့ရှုထောင့်က ကြည့်ပြီး ပြောမယ်ဆိုရင် သူတို့စိုးရိမ်တာက မြန်မာနိုင်ငံကို အနောက်ဩဇာ လွှမ်းမိုးသွားမှာကိုပါ။ တရုတ်လိုချင်တဲ့ မြန်မာနိုင်ငံဆိုတာက အနောက်ဩဇာ ကင်းရှင်းတဲ့ နိုင်ငံမျိုးပါ။ ဒီမိုကရေစီအင်အားစုတွေနဲ့ တရုတ်က ထိတွေ့ဆက်ဆံတာမျိုး မလုပ်ဘူး ဆိုတာကလည်း ဒီအင်အားစုတွေဟာ အနောက်ဩဇာခံတွေလို့ မြင်နေတာက အဓိကအကြောင်းရင်းတွေထဲက တခုပါပဲ။”

“ဒီနေရာမှာ ပြဿနာအများအပြား တွေ့ရနိုင်ပါတယ်။ တကယ်လို့များ တရုတ်အနေနဲ့ သူတို့နဲ့ အဆင်ပြေနိုင်တဲ့ တချို့သောအဖွဲ့တွေကိုပဲ ဦးစားပေးပြီး ခိုင်မာအားကောင်းအောင် လုပ်မယ်၊ ကျန်တဲ့အဖွဲ့တွေကို ပထားမယ်ဆိုရင် သူ့ရဲ့ နောက်ဆုံးရည်မှန်းချက်ကလည်း တိုင်းပြည်ထဲမှာ တဖွဲ့နဲ့တဖွဲ့ အကွဲကွဲအပြားပြားဖြစ်စေဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးအုပ်စုတွေ အချင်းချင်း ကွဲအောင်လုပ်ပြီးရင် စစ်တပ်ကိုလည်း တခြားအဖွဲ့တွေထက် နည်းနည်းပိုပြီး အသာစီးရထားတဲ့ အနေအထားမျိုးလေးလောက်မှာပဲ ထားမှာပါ။ ပြီးရင် တချို့အဖွဲ့တွေကို တရုတ်ရဲ့ လောင်းရိပ်အောက်မှာထားပြီး သူတို့ကို ပိုအခွင့်အရေးပေးထားတာမျိုး လုပ်နိုင်တယ်။ ဖြစ်ကောင်းဖြစ်နိုင်တာက ဒီအဖွဲ့တွေကို ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေထက် သာလွန်တဲ့ အနေအထားမျိုး အခွင့်အရေးပေးမှာပါ။”

“လက်ရှိအခြေအနေတွေကတော့ အခုလို တိုက်ပွဲတွေကို ဖော်ဆောင်နေတဲ့ မတူညီတဲ့ အဖွဲ့တွေ အပေါ်မှာပဲဖြစ်ဖြစ်၊ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့တွေအပေါ်မှာပဲဖြစ်ဖြစ်   တရုတ်က အပေါ်စီးက ခြယ်လှယ်လို့ရတဲ့ အနေအထားမျိုးလို့ ကျနော်မြင်ပါတယ်။ ဒီအဖွဲ့တွေကြားထဲမှာ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ အတော်လေးကို သတိထားရမယ့် အချက်ပါ။ အထူးသဖြင့် စစ်တပ်ရဲ့ဖိအား၊ တရုတ်ရဲ့ဖိအား၊ အချင်းချင်းကြားထဲမှာပဲ ရှိလာနိုင်တဲ့ ဖိအားတွေကြောင့် စည်းလုံးညီညွတ်မှုကို ဆက်ထိန်းထားဖို့ဆိုတာ အတော်လေးလည်း အတိမ်းအစောင်းမခံနိုင်တဲ့ အနေအထားမျိုးလို့ ကျနော်မြင်ပါတယ်။”

“အချင်းချင်းတွေကြားထဲမှာ ကွဲပြဲသွားအောင် တွန်းအားပေးမှုတွေလည်း ရှိလာမှာပါ။ တရုတ်က အမျိုးမျိုးသော အဖွဲ့တွေအပေါ် သူ့ရဲ့ဩဇာကို ရေရှည်တည်ဆောက်ဖို့ သူဘယ်လို လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်နေပါတယ်။ အစိတ်စိတ်အမြွှာမြွှာ ကွဲကြပြီး တယောက်မျက်နှာ တယောက်ကြည့်ပြီး စကားပြောနိုင်တဲ့အဆင့်ကို မရောက်တော့ဘဲ အချင်းချင်းကြား ကွဲသွားကြပြီဆိုရင် ဒါက သူ့အတွက်တော့ အခွင့်အလမ်းပါ။ တဖွဲ့ချင်း တခုချင်းကို ခွဲကစားလို့ ရသွားပြီဆိုရင် သူ့ရဲ့အကျိုးစီးပွားက ပိုပြီး ခိုင်မာအားကောင်းမယ် ဆိုတာကို သူသိပြီးသားပါ။ တကယ်လို့ အဲလိုမဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေ အားလုံး စုစုစည်းစည်းနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ပေါ်ပေါက်ရေးဘက်ကိုသာ ဦးတည်ထားပြီဆိုရင် သူ့အတွက် ကိုင်တွယ်ရခက်ပါတယ်။ ဒါကြောင့် သူ့အတွက် အခွင့်အလမ်းသာတာကိုပဲ သူရွေးမယ်လို့ မြင်ပါတယ်။”

မေး - ဒီကိစ္စမှာ နောက်ထပ် အရေးကြီးတဲ့ နိုင်ငံတနိုင်ငံလည်း ရှိတယ်လို့ ကျမမြင်ပါတယ်။ အဲဒါက အမေရိကန်ပြည်ထောင်စုပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို  ဒီမိုကရေစီနိုင်ငံအဖြစ် ပြန်ပြီးမြင်တွေ့ခွင့်ရဖို့ ဘာတွေများကူညီပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။

ဖြေ - “ဟုတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဒီမိုကရေစီကို အမြဲထောက်ခံအားပေးနေတဲ့ နိုင်ငံဖြစ်သလို ဒေသတွင်းနဲ့ ကမ္ဘာကြီးတည်ငြိမ်မှု ရရှိရေးအတွက် ရည်မှန်းချက်ထား လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့  စစ်တပ်နဲ့ ဆက်ဆံရတာ အတော်တော့ သတိထားရပါတယ်။ ကျနော်တို့ မြင်တွေ့ရတာတွေနဲ့ ရရှိထားတဲ့ အထောက်အထားတွေအရ ဆိုရင် စစ်ဆင်ရေး ၁၀၂၇ စခဲ့တဲ့ ရာဇဝတ်မှုတွေ အများအပြား ကျူးလွန်နေခဲ့တဲ့အဖွဲ့က  မြန်မာစစ်တပ်ဖြစ်ပြီးတော့ တကမ္ဘာလုံးမှာရှိနေတဲ့ သူတွေကို ဦးတည်တိုက်ခိုက်လာနေတာက စစ်တပ်ကမွေးထားတဲ့ နယ်ခြားစောင့်တပ်တွေ ဖြစ်ပါတယ်။ ဒီနယ်ခြားစောင့်တပ်တွေဟာ ကြီးမားတဲ့ အတိုင်းအတာအထိ ရာဇဝတ်မှုတွေကို ပုံစံမျိုးစုံနဲ့ ကျူးလွန်နေကြပေမဲ့ ဒါတွေကို စစ်တပ်ဘက်က အရေးယူဖို့ ပျက်ကွက်ခဲ့ပါတယ်။ ပြတ်ပြတ်သားသား ဖိအားပေး မခံရမချင်း မြန်မာစစ်တပ်ဟာ ဒီနယ်ခြားစောင့်တပ်တွေကို အရေးယူဆောင်ရွက်ဖို့ကို လုံးဝစိတ်မဝင်စားခဲ့ပါဘူး။”

“ကျနော့်အထင်ကတော့ စစ်တပ်ဟာ ဒီရာဇဝတ်မှုမှာ ဆက်လက်ပါဝင် လုပ်ဆောင်နေဦးမယ်၊ ဒီလုပ်ငန်းတွေကို အထောက်အကူတွေ ပေးနေဦးမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ စစ်တပ်အနေနဲ့ ဒီလုပ်ငန်းတွေကို ဖြိုခွင်းလိုက်မယ်ဆိုရင် သူ့အတွက်လည်း အခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင် ဒီကနေ အကျိုးအမြတ်တွေ ရနေတယ်။ ဒါတွေကို နှိမ်နင်းလိုက်ရင် အဲဒါတွေ သူဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။”

“ဒီနေရာမှာ အချေအတင် ဆွေးနွေးသင့်တဲ့ အချက်တချက်လည်း ရှိပါတယ်။ အဲဒါက ဒေသတွင်းနိုင်ငံတွေပဲဖြစ်ဖြစ်၊ တကမ္ဘာလုံး အတိုင်းအတာနဲ့ပဲဖြစ်ဖြစ် ဘာကြောင့် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ပြန်ဖြစ်လာအောင် ဝိုင်းပြီးလုပ်ဆောင်ပေးသင့်သလဲ ဆိုတဲ့ အချက်ပါ။ ဒီနေ့ စစ်တပ်ကို ခုခံတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ကူညီတာမျိုး၊ မြန်မာနိုင်ငံကို တောက်ပပြီး ကောင်းမွန်တဲ့ အနာဂတ်ဆီကိုသွားမယ့် လမ်းကြောင်းပေါ်ကို တွန်းတင်ပေးတာမျိုးနဲ့ ပတ်သက်ပါတယ်။”

“တကယ်တော့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာတွေရဲ့ အားထုတ်ကြိုးပမ်းမှုကို အတူတကွ ဝိုင်းဝန်းကူညီသင့်ပါတယ်။ နောက်ဆုံးအဆင့် စစ်တပ် နိုင်ငံရေးကနေ ထွက်ခွာသွားအောင်နဲ့ ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေကို စစ်တပ်က အားပေးနေတာကို ရပ်တန့်သွားအောင် ဝိုင်းဝန်းလုပ်ဆောင်တာမျိုးက အစပါ။ ဒါက ဒီနေ့ဒီအချိန်မှာ တကယ်လုပ်ဖို့ လိုအပ်နေတာပါ။ ဒါကြောင့် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြုရုံ သက်သက်မဟုတ်ဘဲ တခြားသော ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေးအတွက်ပဲဖြစ်ဖြစ် အမေရိကန် အပါအဝင် ဥရောပနဲ့ ကမ္ဘာကြီးရဲ့ လုံခြုံရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်သင့်ပါတယ်။ မကြာခင်က ဖြစ်သွားတဲ့ ဖြစ်ရပ်တွေကိုကြည့်ရင် မြန်မာစစ်တပ်ဟာ ရာဇဝတ်မှုတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတယ်ဆိုတာ သိနိုင်ပါတယ်။”

မေး - ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နောက်ထပ်မေးခွန်းတခုလည်း ရှိပါတယ်။ အဲဒါက လက်ရှိ စစ်ကောင်စီရဲ့ အနေအထားနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အခင်းအကျင်း၊ သူ့အတွက်ကော  နိုင်ငံရေးထွက်ပေါက် ရှိသေးရဲ့လား၊ ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ - “စစ်အာဏာသိမ်းပြီးချိန်ကစပြီး ကြည့်မယ်ဆိုရင်  ပြီးခဲ့တဲ့  ရက်သီတင်းပတ်တွေမှာ မြင်ရတဲ့ မြန်မာစစ်တပ်ရဲ့ အခြေအနေက လုံး၀ ပြောင်းပြန်ဖြစ်သွားပါတယ်။ မင်းအောင်လှိုင်ရဲ့ အစဉ်အဆက် လက်ဆင့်ကမ်းရရှိထားတဲ့ စစ်ဦးစီးချုပ်ဆိုတဲ့ ရာထူးကိုတောင် ချေဖျက်ခံလိုက်ရတာမျိုးအထိ တွေ့မြင်ရပါတယ်။”

“မင်းအောင်လှိုင်ဆိုတာ ကိုးကန့်နယ်ခြားစောင့်တပ်ကို တည်ထောင်ခဲ့တဲ့သူ ဖြစ်ပြီးတော့ တရုတ်-မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်ရဲ့ လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တည်ထောင်ခဲ့သူဖြစ်တယ်။ အဲဒါက လုံး၀ပြိုပျက်သွားတော့မယ့် အနေအထား ဖြစ်ပါတယ်။ နောက်ထပ် မြင်တွေ့ရမှာကတော့ စစ်တပ်ဟာ ချင်းနဲ့ ကရင်နီဒေသမှာလည်း အတော်လေး အထိနာနေပါတယ်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေလိုပဲ တခြားတော်လှန်ရေး တပ်ဖွဲ့တွေကလည်း မြို့တော်တွေမှာရှိတဲ့ ရဲစခန်းတွေကို သိမ်းယူနေတာပါ။ အဓိက ပြည်နယ်မှာလည်း စစ်ကောင်စီအတွက် အခြေအနေ လုံးဝပြောင်းပြန်ဖြစ်သွားတဲ့ အနေအထားတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အတွက်တော့ ဒီနေရာတွေကို ပြန်ပြီး သိမ်းယူရရှိနိုင်မယ့် အနေအထားမျိုး မမြင်ရပါဘူး။ ဒီလမ်းကြောင်းကို ပြောင်းပြန်လှန်ပစ်လို့လည်း ရတဲ့အနေအထားမျိုးလည်း မဟုတ်ပါဘူး။ အားလုံးသိတဲ့အတိုင်းပဲ အခုက နေရာတော်တော်များများမှာ တိုက်ပွဲတွေ တိုးပြီး ဖြစ်လာတယ်။ ပိုပြီးလည်း ပြင်းထန်လာတယ်။ နယ်မြေတွေ ပိုပြီးဆုံးရှုံးလာရတယ်။ လက်နက်တွေ အသိမ်းခံရတယ်။ လက်နက်ချတဲ့ စစ်သားဦးရေတွေ များလာတယ်။ စစ်တပ်အတွက်တော့ အတော်လေးဆိုးတဲ့ အခြေအနေတွေပါ။”

“ဒါပေမဲ့ ကျနော့်အမြင်ကတော့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတိထားရမယ့် အပိုင်းတွေလည်း ရှိပါတယ်။ အဲဒါက ခြေနိုင်လက်နိုင် အနေအထားမျိုးကို ထိန်းသိမ်းထားနိုင်ဖို့လည်း လိုပါတယ်။ စနစ်တကျ အစီအစဉ်ဆွဲထားတာမျိုး မဟုတ်ဘဲ ပိုင်နက်နယ်မြေတွေကို တခုပြီးတခု လျင်လျင်မြန်မြန် သိမ်းယူနေတာမျိုးဆိုရင်လည်း ဒီအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်ဖို့ လိုလာလိမ့်မယ်။ အုပ်ချုပ်ရေးစနစ်တွေ အစားထိုးရမှာနဲ့ ဒါကို ဆက်ထိန်းထားရမှာတွေ ရှိတယ်။ တကယ်လို့ စစ်ကောင်စီဘက်က ဆက်ပြီး တိုက်ခိုက်လာမယ်ဆိုရင်လည်း တော်လှန်ရေးဘက်ခြမ်းအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ အဓိက အရေးပါတဲ့နေရာမှာဆိုရင် စစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်လာတာတွေကို ရင်ဆိုင်ရလိမ့်မယ်။ တကယ်လို့ စစ်ကောင်စီက တရုတ်ကို ကြားပွဲစားလုပ်ခိုင်းပြီး အပစ်အခတ်ရပ်စဲရေးလုပ်တာ အောင်မြင်သွားရင်လည်း နောက်ထပ် အခက်အခဲတွေ ရင်ဆိုင်ရနိုင်သေးတယ်။”

“တဖက်မှာတော့ စစ်ပွဲတွေ ရပ်တန့်ဖို့၊ တရုတ်ရဲ့ အကျိုးဆောင်မှုအတွက် ပေးတဲ့အရင်းအနှီးက အတော်လေးမြင့်နိုင်ပါတယ်။ အဲဒီအတွက် ကိုးကန့်ကို လက်လွှတ်တာမျိုးတွေ လုပ်လာနိုင်တယ်။ နောက်ထပ်လည်း EAO တွေနဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေဖြစ်ဖို့၊ အပေးအယူတိုင်းအတွက် အလျော်အစား ကြမ်းကြမ်းလုပ်ရမှာတွေ ရှိပါသေးတယ်။ ဒါကတော့ လက်ရှိအနေအထားတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က ရက်ပိုင်းလပိုင်းအတွင်းမှာပဲ တော်တော်လေး အားနည်းလာနေတဲ့ အနေအထား ဖြစ်သွားပြီ။ နယ်မြေတွေ ဆုံးရှုံးရတယ်၊ တပ်ဖွဲ့တွေ ဆုံးရှုံးရတယ်။ ဒီအခြေအနေတွေက ပြောင်းပြန်လှန်ပစ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။”

မေး - စစ်ကောင်စီ ပြိုကျသွားနိုင်တဲ့ အနေအထားမျိုးကိုကော မြင်တွေ့နေရပြီလား။

ဖြေ - “လောလောဆယ်အနေအထားမှာ အဲလိုပြောဖို့  ခက်ပါသေးတယ်။ ကျနော့်အမြင်ကတော့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ အပိုင်းတွေလည်း နည်းနည်းပြောဖို့ လိုမယ်ထင်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ တရုတ်နဲ့ ကုန်သွယ်နိုင်တဲ့လမ်းကြောင်း၊ အိန္ဒိယနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဆက်ပြီး ဆုံးရှုံးနိုင်သလား ဆိုတာလည်း ရှိပါသေးတယ်။ လက်ရှိအနေအထားမှာတော့ စီးပွားရေးအရလည်း အတော်လေး ခက်ခဲနေပါပြီ။ နောက်ထပ်မေးခွန်းတခုကတော့ တိုက်ပွဲတွေ ရပ်တန့်ဖို့ဆိုပြီး အပြင်ကရောက်လာတဲ့ ဖိအားတွေကို လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ဘယ်လောက်ခံနိုင်ရည်ရှိမလဲဆိုတဲ့ မေးခွန်းပါ။ အခုအချိန်ထိတော့ လူမျိုးစု လက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြားထဲမှာ အမြင့်ဆုံး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့လည်း တနေ့တခြား ပိုပြီး အင်အားကြီးမားလာတဲ့၊ စုစည်းခိုင်မာလာတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတာပါ။”

“ကျနော့်အနေနဲ့တော့ စစ်တပ်ပြိုကျမှာလား၊ စစ်ကောင်စီ ပြိုကျမှာလား ဆိုတာကို ပြောပြလို့ မရနိုင်သေးပါဘူး။ ကျနော်ပြောလို့ရတာကတော့ အခုအချိန်မှာ စစ်တပ်ဟာ သူ့ရဲ့ ရပ်တည်ရေးအတွက် သေရေးရှင်ရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ကာလပါ။ ဆွေးနွေးညှိနှိုင်းမယ်ဆိုတဲ့ အနေအထားမှာပဲ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုပါ စွန့်လွှတ်ရမယ့်ကိန်းလည်း ရှိနေပါတယ်။”

ဟုတ်ကဲ့။ အခုလို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပေးသွားတာ ကျေးဇူးအထူးတင်ပါတယ်။

"ဟုတ်ကဲ့။ ဆွေးနွေးမှုအတွက် ဖိတ်ကြားခဲ့တာကိုလည်း အထူးကျေးဇူးတင်ပါတယ်။".

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024