Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် တရုတ်စံကားပန်းပင် ဆေးဖက်ဝင်
DVB
·
December 20, 2023

တော်လှန်ရေးခရီးပန်းတိုင်လည်း နီးလာပြီမို့ ခရီးဆုံးတိုင် ကျန်းကျန်းမာမာ လိုက်ပါနိုင်ဖို့ ကျန်းမာရေးသတိ အမြဲရှိကြပါစေကြောင်း သတိပေး နှိုးဆော်လိုက်ပါတယ်။

ဒီတပတ် လက်လှမ်းမီဆေးပညာအနေနဲ့ နွေဦးပြည်သူတို့အတွက် တရုတ်စံကားပင် ဆေးဖက်ဝင် အကြောင်းကို ရေးသားမျှဝေသွားပါမယ်။

တရုတ်စံကားပင်ကို သိပ္ပံလို Plumeria acutifolia; Plumeria rubra လို့ခေါ်ပြီး အင်္ဂလိပ်လို templetree လို့ ခေါ်ပါတယ်။ တရုတ်စံကားပင် မျိုးစိတ်များစွာရှိသော်လည်း ဆေးဖက်ဆိုင်ရာ ဂုဏ်သတ္တိမှာ ထူးထူးခြားခြား မကွာခြားလှပါ။

တရုတ်စံကားပင်အခေါက်မှာ အယ်လ်ကာလွိုက်၊ ကာဗိုဟိုက်ဒရိတ်၊ ဖလေဗိုနွိုက်၊ ဖီနိုလစ် ဓာတ်ပေါင်းနဲ့ tannins ပါဝင်ပြီး amyrin acetate၊ amyrins ၊ ß-sitosterol၊ scopoletin၊ the iridoids isoplumericin၊ plumieride၊ plumieride၊ coumerate၊ plumieride coumerate glucoside၊ alkaloids၊ flavonoids၊ iridoids နဲ့ triterpenes တို့ ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့  ဆေးဖက်ဆိုင်ရာမှာ အကျိုးများစွာပြုပါတယ်။ ပန်းပွင့်မှာ quercetin နဲ့ kaempferol တို့ ပါဝင်ပါတယ်။

တရုတ်စံကားပင်မှာ မျိုးပွားမှုကို ဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အကျိတ်အဖုကို ဆန့်ကျင်ခြင်း၊ အသည်းကိုကာကွယ်ပေးခြင်းနဲ့ ဇီဝပိုးမွှားများကို ဆန့်ကျင်တိုက်ဖျက်ခြင်း၊ မှိုသတ်ဆေးအာနိသင်ရှိခြင်း စတဲ့ အစွမ်းသတ္တိများ ရှိတဲ့အပြင် အစိုဓာတ်ထိန်းပေးခြင်း၊ နေရောင်ကာကွယ်ခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်ခြင်း အကျိုးကျေးဇူးများလည်း ပါဝင်ပါတယ်။

ပင်စည် အခေါက်ကို ကိုယ်ဝန်တားဆီးခြင်း၊ ဝမ်းနှုတ်ဆေး၊ ရိဖြူညောင်းကျ(ဂနိုရောဂါ)၊ သွားကိုက်ခြင်းနဲ့ သွားနာခြင်း၊ သွားပိုးစား ရောဂါများအတွက် အသုံးပြုပါတယ်။

တရုတ်စံကားပင်ဟာ သွားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပြီး တရုတ်စံကားပင်အစေးကို သွားအပေါက်များမှာ ထည့်ပေးနိုင်ပါတယ်။

တရုတ်စံကားအစေးကို မှဲ့ပေါ်မှာ ဖြည်းညှင်းစွာ လိမ်းပေးပါ။ မှဲ့တွေ သူ့အလိုလို ပျောက်သွားတဲ့အထိ အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးပါ။

တရုတ်စံကားအစေးကို ကြွက်နို့များမှာ လိမ်းပေးခြင်းဖြင့်  ကြွက်နို့များကို ဖယ်ရှားပေးနိုင်ပါတယ်။ ကြွက်နို့များ ပျောက်ကင်းတဲ့အထိ ထပ်ကာထပ်ကာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အစေးဟာ ပုံမှန်အသားအရေကို ထိခိုက်နိုင်တဲ့အတွက် ပုံမှန်အသားအရေကို မထိမိအောင် သတိထားသုံးစွဲဖို့ လိုအပ်ပါတယ်။

တရုတ်စံကားပန်းပွင့်မှာ ဗီတာမင် E နဲ့ အီမိုလင်ပါဝင်မှု ကြွယ်ဝတဲ့အတွက် အသားအရေကို အာဟာရဖြည့်ပေးပြီး သဘာဝအစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ အသားအရေကို နူးညံ့ လှပစေဖို့ အပွင့်ပြုတ်ရည်ကို လိမ်းပေးနိုင်ပါတယ်။

အပင်ရဲ့အခေါက်ကို ကြေမွအောင် ထုထောင်းပြီး ဆူအောင်ပြုတ်ပါ။ ပြီးရင် ရောင်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြုတ်ရည်နွေးနွေးထဲမှာ စိမ်ပါ။ ရောင်ရမ်းခြင်းများကို လျော့ကျပြီး ကိုက်ခဲနာကျင်ခြင်းများကို သက်သာစေပါတယ်။

ဆီးချိုရောဂါအတွက် တရုတ်စံကားပင်အခေါက် ၁၀ သားကို သန့်စင်အောင် ဆေးကြောပြီး ရေ ၁ လီတာခန့်နဲ့ ပွက်ပွက်ဆူအောင်ပြုတ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဖျားရောဂါနဲ့ ရာသီတုပ်ကွေးရောဂါများမှာ အမြစ်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အ‌ခေါက်ပြုတ်ရည်ကို အရေပြားထိခိုက်တဲ့နေရာတွေကို ဆေးကြောပေးခြင်း၊ ရေချိုးပေးခြင်းခြင့် ဘက်တီးရီးယားပိုးများကြောင့် ဖြစ်တတ်တဲ့ အရေပြားယားယံခြင်းကို တားဆီးပေးနိုင်ပါတယ်။ အပင်အခေါက်ပြုတ်ရည်ကို အနာပေါ်လိမ်းပြီး အနာကျက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အဖုအကျိတ်များမှာ အခေါက်ကို ထုထောင်းပြီး အုံထားပေးနိုင်ပါတယ်။

ရောင်ရမ်းခြင်းအတွက် အရွက်ကို အပူပေးပြီး ကပ်ပေးခြင်းဖြင့် သက်သာစေပါတယ်။

ပန်းနာရင်ကျပ်ရောဂါအတွက် အရွက်ကို အခြောက်လှမ်းပြီး ဆေးလိပ်လုပ်သောက်ကာ ရှူသွင်းပေးနိုင်ပါတယ်။

အပင်အခေါက်မှ အစေးကို အဆိပ်ရှိတဲ့ ငါးစူးခြင်းနဲ့ အနာများမှာ လိမ်းကျံပေးနိုင်ပါတယ်။

ဝမ်းပျက်ခြင်း၊ ဝမ်းကိုက်၊ ဝမ်းလျေှာခြင်းများမှာ အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရွက်သတ္တုရည်ကို ကြွက်သားများရောင်ရမ်းခြင်း၊ ခြေထောက်အက်ကွဲကြောင်းများ၊ ထိခိုက်ရှနာများမှာ လိမ်းကျံပေးနိုင်ပါတယ်။

ပျားတုပ်ခြင်းနဲ့ ကင်းခြေများ ကိုက်ခြင်းအတွက် ပန်းခိုင်မှ အစေးကို ဒဏ်ရာမှာ လိမ်းထားပေးနိုင်ပါတယ်။

ပင်စည်အနှစ်သွေးရည်ကို သနပ်ခါးအဖြစ် လိမ်းပေးခြင်းဖြင့် မျက်နှာကို ချောမွေ့စေပါတယ်။

တရုတ်စံကားပင် အမြစ်ပြုတ်ရည်ကို အုန်းဆီအနည်းငယ်နဲ့ အဆစ်ရောင်ရောဂါမှာ လိမ်းပေးခြင်းဖြင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး နာကျင်မှုကို သက်သာစေပါတယ်။

တရုတ်စံကားပွင့်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းသောက်‌ပေးခြင်းဖြင့် ဆီးနဲ့ဝမ်းကို မှန်စေပါတယ်။ သွေးသားကို သန့်စင်စေပြီး  အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဆီးချို သွေးတိုးရောဂါများကို ကြိုတင်ကာကွယ်နိုင်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပြီး လေငန်းရောဂါအန္တရာယ်ကို ကြိုတင် တားဆီးနိုင်ပါတယ်။ အသည်းနဲ့ ကျောက်ကပ် ကျန်းမာရေးအတွက် အကျိုးရှိပြီး အစာလမ်းကြောင်း ကျန်းမာရေးအတွက် ကူညီပေးပါတယ်။ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ညောင်းညာအကြောတက်ခြင်းများကို ကာကွယ်ပေးနိုင်တဲ့အပြင် နာတာရှည်ရောဂါများနဲ့ ကင်ဆာရောဂါအန္တရာယ်များကို ကြိုတင်ဟန့်တားနိုင်ခြင်း၊ သက်ကြီးပိုင်းမှတ်ဉာဏ် ချို့ယွင်းခြင်း၊ အာရုံကြော အားနည်းခြင်းတို့ကို တားဆီးပေးနိုင်ပြီး ကိုယ်တွင်းခုခံအားကို တိုးတက်စေပါတယ်။ ဒါ့အပြင် အမျိုးသမီးများမှာ မီးယပ်လာစဉ် ကိုက်ခဲနာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း ပြဿနာများကို ဟန့်တားမှု ပြုနိုင်တဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

သတိပြုရမှာက တရုတ်စံကားအစေးဟာ အသားအရေကို ယားယံစေနိုင်ပါတယ်။ အပင်ရဲ့ အစိတ်အပိုင်းများကို ဝါးစားခြင်း၊ မျိုချခြင်းတို့ကြောင့် ခံတွင်းယားယံခြင်း အပါအဝင် အစာအိမ် အူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။ ချွေးထွက်ခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်း၊ အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တရုတ်စံကားပင်နဲ့ ဓာတ်မတည့်သူများ တရုတ်စံကားပင်ထွက် ပစ္စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။ တရုတ်စံကားရွက်နဲ့ အပွင့်ကို အသုပ်လုပ်စားခြင်း၊ ဟင်းချက်စားခြင်းမှာ အသင့်အတင့်စားသုံးနိုင်ပြီး အလွန်အကျူး စားသောက်ခြင်း မပြုလုပ်သင့်ပါ။

နွေဦးပြည်သူများ တရုတ်စံကားပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများနဲ့ သုံးစွဲပုံတို့ကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားတင်ပြလိုက်ရပါတယ်။

တော်လှန်ရေးခရီးကို ကျန်းကျန်းမာမာ ဖြတ်သန်းပြီး ခရီးဆုံးပန်းတိုင်မှာ ပြန်ဆုံကြပါစို့။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင်၊ ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024