Home
မြန်မာသတင်း
ခါမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေး
DVB
·
December 17, 2023

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်ကောင်စီ တပ်သားတွေ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ စွန့်ခွာထွက်ပြေးသွားကြတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ ရက်ဆက်အသုံးပြုခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် ထိခိုက်ကျဆုံးမှုတွေအများအပြားရှိထားသလို ဒေသခံကာကွယ်ရေးတပ်ဘက်လည်း ရဲဘော်တွေ ထိခိုက်သေဆုံးတယ်လို့ ဆိုပါတယ်။

ခါမ်းပါတ်မြို့တိုက်ပွဲက ရှေ့တန်းရောက် ‌တမူး PDF တပ်ဖွဲ့ဝင် ကိုခန့်လင်းက " စစ်ကောင်စီ ဘက်ကတော့ တယောက်မှမရှိတော့ဘူး။ သူတို့အားလုံးထွက်ပြေးသွားကြပြီ။ သူတို့ဘက်ကထိ ခိုက်ကျဆုံးမှု များထားတယ်။ ကျနော်တို့ဘက်ကလည်းထိ ခိုက်မှုတွေရှိထားတယ်။ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိထားတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

NUG ကာကွယ်‌ရေးဝန်ကြီးဌာနဘက်ကလည်း စစ်‌ကောင်စီထံက‌နေ MA-10 RPG 7 တလက်၊ MG-3 တလက်၊ MA-S1 MK2 တလက် အပါအဝင် လက်နက်မျိုးစုံ ၁၇ လက် သိမ်းပိုက်ရရှိတယ်လို့ ဆိုထားပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၅ ရက်က စတင်ပြီး ကလေးမြို့ဘက်ကနေ တမူးခရိုင်၊ ခါမ်းပါတ်ဘက်ကို စစ်ကြောင်းထိုးလာပြီး ခါမ်းပါတ်မြို့ကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာက‌နေ တကျော့ပြန် တိုက်ပွဲ‌တွေဖြစ်ပွားခဲ့တာပါ။

မြို့တွင်းတိုက်ပွဲတွေကြောင့် ခါမ်းပါတ်မြို့က ဒေသခံ ၁၅၀၀၀၀ ကျော်ဟာလည်း အိန္ဒိယနယ်စပ်ဘက်နဲ့ ဘေးလွတ်ရာဒေသတွေမှာ တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်က ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က ခါမ်းပါတ်မြို့ရဲစခန်းနဲ့ စစ်တပ်ကုန်းအပါအဝင် ခါမ်းပါတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အခုအခါ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက နယ်မြေလုံခြုံရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့  NUG က ဆိုထားပါတယ်။

photos- NUG-MOD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024