Home
မြန်မာသတင်း
ရန်ကုန်နှင့် ဧရာဝတီတိုင်းကို ပြေးဆွဲသည့်  အဝေးပြေးကားခများ မြင့်တက်
DVB
·
December 17, 2023

ရန်ကုန်နဲ့ ဧရာဝတီတိုင်းကမြို့တွေကို ပြေးဆွဲနေတဲ့ အဝေးပြေးကားတွေရဲ့  ယာဉ်စီးခတွေ အရင်ကထက် ၄ ဆလောက်အထိ မြင့်တက်လာလို့ ခရီးသွားပြည်သူတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ရန်ကုန် (ဒဂုံဧရာ) - မအူပင်- ကျိုက်လတ်- ဖျာပုံ- ဘိုကလေးမြို့တွေကို ပြေးဆွဲနေတဲ့ကားတွေမှာ ယာဉ်စီးခဈေးတွေ မြင့်တက်လာပြီး ပြေးဆွဲတဲ့ ယာဉ်အစီးရေလည်း လျော့နည်းလာတာကြောင့် သွားလာရေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခရီးသွားတဦးက''အန်အယ်လ်ဒီအစိုးရလက်ထက်က လိုင်းကားခတွေက နှစ်ခုံစာကိုမှ ကျပ် သုံးထောင်။ အဲ့ဒီကနေ ကိုဗစ်မှာ နှစ်ခုံစာကို ခုနှစ်ထောင်ဖြစ်သွားတယ်။ ကိုဗစ်က လျော့သွားပေမဲ့ ယာဉ်စီးခက တက်ကျန်နေခဲ့တာ။ အဲ့ဒီကနေ အခုတော့ တခုံစာတည်းကို  လေးဆလောက် ဈေးတက်တာ၊ အခု တခုံစာ တစ်သောင်းခွဲတဲ့။ ကားပေါ်ကို အရင်လိုကုန်ပစ္စည်း တွေလည်း အတင်မခံတော့ဘူး။ တောင်းပန်ပြောတယ်။ တန်ဆာခပေးပါ့မယ်ဆိုလည်း မရတော့ဘူး။ စစ်ကောင်စီက လုံခြုံရေးကြောင့်ကိစ္စကြောင့် တင်းကျပ်ထားလို့တဲ့။ ဘာလို့ ရုတ်တရက် ကားခဈေးတက်တာလဲ မေးတော့ စက်သုံးဆီဈးတက်လို့တဲ့ ပြောတယ်” လို့ ပြောပါတယ်။

တဂါလန်ကို ကျပ် ၁၀၀၀၀ ဝန်းကျင်ကနေ ၂၀၀၀၀ ကျော်အထိ မြင့်တက်နေတဲ့ စက်သုံးဆီ စျေးနှုန်းတွေနဲ့ လမ်းကြေး ဂိတ်ကြေးတွေမှာလည်း အရင်ကထက်ပိုမို ပေးဆောင် နေရတာကြောင့် အခုလို ယာဉ်စီးခတွေ  တိုးမြှင့်ကောက်ခံနေရတာဖြစ်ပြီး စက်သုံးဆီကို အကန့်အသတ်နဲ့ ဝယ်ယူနေရလို့ ယာဉ်ချိန်တွေပါ လျှော့ပြီးပြေးဆွဲနေရတယ်လို့ ယာဉ်လိုင်း တာဝန်ခံတဦးက  ပြောပါတယ်။

ဧရာဝတီတိုင်းအခြေစိုက် ယာဉ်လိုင်းတခုရဲ့ တာဝန်ရှိသူ တဦးက''အခုက ဆီစျေးကသိတဲ့အတိုင်း၊ သုံးထောင်နဲ့အထက်မှာ ရောက်နေတာ။ ဒါတောင် လိုသလောက် ဝယ်လို့မရဘူး။ လမ်းတွေမှာလည်း ဝင်တဲ့မြို့တိုင်းမှာ အရင်လို မြို့ဝင်ကြေး၊ လမ်းကြေးနဲ့ တင်မပြီးဘူး။ ဂိတ်ကြေးတွေပါတိုးလာတာ။ ကိုက်အောင်မနည်း ဆွဲနေရတာ။ ယာဉ်ချိန်တွေ တောင်အရင်ထက် လျှော့ပြီးဆွဲနေရတာ။ ဒါကဧရာဝတီတိုင်းမှ မဟုတ်ပါဘူး အထက်ပိုင်းဆွဲတဲ့အ ဝေးပြေးကားတွေ အကုန်လုံးလည်း ကားခတွေတိုးတောင်းနေကြတယ်''လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယအပတ်ကစတင်လို့ ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံ အနှံ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်ပြီး အကန့်အသတ်နဲ့သာ ရောင်းချနေရတဲ့အပြင် စက်သုံးဆီဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်နေတာပါ။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ စက်သုံးဆီဈေးနှုန်းအပါအဝင် အခြေခံကုန်စျေးနှုန်းတွေ အဆမတန်ကြီးမြင့်နေပြီး ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေတဲ့အပြင် ပြည်သူတွေဟာ  ဘက်စုံ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024